Sunday, May 28, 2017

မြတ်ဗုဒ္ဓဟောကြား မင်္ဂလာတရား ⃣(၂)⃣

⃣ မြတ်ဗုဒ္ဓဟောကြား_မင်္ဂလာတရား  ⃣(၂)⃣

🔵 (၂) 🔵

''ပတိရူပဒေသဝါသော စ၊ ပုဗ္ဗေ စ ကတပုညတာ။
အတ္တသမ္မာပဏိဓိစ၊ ဧတံ မင်္ဂလမုတ္တမံ။ "
________________________________________

သင့်လျော် လျောက်ပတ်သောအရပ်၌ နေရခြင်းလည်းကောင်း၊
ရှေးဘဝကပြုခဲ့သော ကုသိုလ်ကောင်းမှုရှိသူ ဖြစ်ခြင်းလည်းကောင်း၊
မိမိ (ကိုယ်စိတ်) ကို ကောင်းစွာထားခြင်းလည်းကောင်း
ဤတရားသုံးပါးသည် မြင့် မြတ်သော မင်္ဂလာတရားတည်း။
________________________________________

⃣ (၁) ⃣

မြတ်ဗုဒ္ဓဟောကြား မင်္ဂလာတရားတော်မြတ်သည်
ထေရဝါဒ ဗုဒ္ဓဘာသာဝင် ကလေးသူငယ်မှ စ၍
အိုမင်းသော လူကြီးများအထိ နားရည်ဝပြီးသော
နှုတ်အသားကျနေသော တရားတော်ဖြစ်၏။

ဤသို့ဆိုလေက
ထေရဝါဒ ဗုဒ္ဓဘာသာဝင် ကလေးသူငယ်မှ စ၍
အိုမင်းသော လူကြီးများအထိ နားရည်ဝပြီးသော
နှုတ်အသားကျနေသော တရားတော်အကြောင်းကို
အထူးအထွေ ရေးသားဖို့ လိုအပ်ပါသေးသလောဟု
မေးခွန်း မေးစရာရှိလာပေမည်။

ဤအမေးကို အပွင့်လင်းဆုံးဖြေဆိုရပါက
ယနေ့ခေတ် အခါသမယတွင် မြတ်စွါဘုရား၏
တရားတော်များကို ခုတုံးလုပ် လိုရာဆွဲယူ၍
လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်စေရန်
လှုံ့ဆော် သွေးထိုး ပြုလုပ်လာကြသော ရဟန်း ရှင် လူများကြောင့်
မြတ်ဘုရားဟောကြား မင်္ဂလာတရားတို့အား
တိကျသေချာစွါ သိရှိရန်လိုအပ်၍  မြတ်ဗုဒ္ဓအလိုကျ
မင်္ဂလာအဝဝ အား အစွန်းရောက်မှုများ ရှောင်ရှား၍
အမှန်ကို အမှန်အတိုင်း ရေးသားရန်  အထူးလိုအပ်ပါသည်ဟု
ပြောရပေမည်။        🔵 🔵 🔵

⃣ (၂) ⃣

မြတ်စွါဘုရား ဟောကြားသော တရားတော်သည်
ပွင့်လင်းသော်သာ တင့်တယ်၏။ဖုံးကွယ်သော် မတင့်တယ်
ဆိုပြီးဟောကြားထားတာဟာလည်း အောက်ပါ ပဋိစ္ဆန္နသုတ် မှာ
ဖတ်ကြည့်ရင် အလွန်ထင်ရှား၏။

တိပိဋက >>> သုတ္တန်ပိဋက >>>
(၃) အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ် ပါဠိတော် >>>
တိကနိပါက် ကုသိနာရဝဂ် >>> (၉) ပဋိစ္ဆန္နသုတ် >>>

ရဟန်းတို့ လဝန်းသည် ပွင့်လင်းသော်သာ
တင့်တယ်ကုန်၏။ ဖုံးကွယ်သော် မတင့်တယ်။

ရဟန်းတို့ နေဝန်းသည်  ပွင့်လင်းသော်သာ
တင့်တယ်၏။ ဖုံးကွယ်သော် မတင့်တယ်။

ရဟန်းတို့ မြတ်စွါဘုရား ဟောကြားသော တရားတော်သည်
ပွင့်လင်းသော်သာ တင့်တယ်၏။ဖုံးကွယ်သော် မတင့်တယ်။

ရဟန်းတို့  ဤသုံးမျိုးတို့သည် ပွင့်လင်းကုန်သော်သာ
တင့်တယ်ကုန်၏။ဖုံးကွယ်ကုန်သော် မတင့်တယ်ကုန်။ " 🔵 🔵 🔵

⃣ (၃) ⃣

___________________________________

တိပိဋက >>> သုတ္တန်ပိဋက >>>
ခုဒ္ဒကနိကာယ် >>> သုတ္တနိပါတ်ပါဠိတော် >>>
(၂) စူဠဝဂ် >>> (၄) မင်္ဂလသုတ် >>>

[၂] ''ပတိရူပဒေသဝါသော စ၊ ပုဗ္ဗေ စ ကတပုညတာ။
အတ္တသမ္မာပဏိဓိစ၊ ဧတံ မင်္ဂလမုတ္တမံ။ "
______________________________________

သင့်လျော် လျောက်ပတ်သောအရပ်၌ နေရခြင်းလည်းကောင်း၊
ရှေးဘဝကပြုခဲ့သော ကုသိုလ်ကောင်းမှုရှိသူ ဖြစ်ခြင်းလည်းကောင်း၊
မိမိ (ကိုယ်စိတ်) ကို ကောင်းစွာထားခြင်းလည်းကောင်း
ဤတရားသုံးပါးသည် မြင့် မြတ်သော မင်္ဂလာတရားတည်း။
______________________________________
⃣#သင့်တင့်လျောက်ပတ်သော_အရပ်ဒေသ၌နေထိုင်ခြင်း

🔵 သင့်တင့်လျောက်ပတ်သောအရပ်ဒေသကို မှီ၍
        ဘီလုံးငှက်ငယ် ချမ်းသာရာရပုံ

သင့်တင့်လျောက်ပတ်သော အရပ်ဒေသ၌
နေထိုင်ခြင်းသည် မင်္ဂလာဖြစ်ကြောင်းကို ဘုရားရှင်ဟောကြားသော
သကုဏဂ္ဃိဇာတ် တွင် မှတ်သားဆင်ခြင်ဖွယ် မြင်တွေ့ရပါသည်။

ဤဇာတ်တော်၌ မိမိကျင်လည်နေထိုင်ရာ သင့်တော်သောအရပ်တွင်
နေထိုင်သဖြင့် ဘီလုံးငှက်ချမ်းသာရာရပုံနှင့် မိမိအင်အားကြီးမား
မှုအပေါ် မာန်မာနဝင့်ကြွား၍ သူတပါးအရပ် ကျက်စားရာ၌
မဆင်မခြင်ပြုမူသော သိန်းငှက်၏ ပျက်စီးရပုံတို့်ုကို
သင်ခန်းစာယူဖွယ် တွေ့ရလေ၏။

ဒုကနိပါတ် >>> သန္ထဝဝဂ် >>>
သကုဏဂ္ဃိဇာတ် တွင်  >>>

    
ရဟန်းတို့အား သတိပဋ္ဌာန်တရား ပွားများစေလို၍
အတိတ် ဇာတ်ကြောင်းကို ဘုရားရှင် ဟောတော်မူရာ၌
ဘီလုံးငှက် တကောင်ကို သိန်းငှက်သည် ရုတ်တရက် ပျံဆင်းလာပြီး 
ထိုးသုတ်၍ ယူဆောင်သွားသည်။ ဘီလုံးငှက် ခမျာ
ငါသည် သူတစ်ပါး နေရာသို့ လာရောက်ကျက်စားမိခဲ့၍သာ
ယခုလို သိန်းငှက် ဖမ်းယူနိုင်ခြင်း ဖြစ်သည်။ ငါ့နေရာဌာနတွင်သာဆိုလျှင်
သိန်းငှက် သည် ယခုကဲ့သို့ ထိုးသုတ်နိုင်လိမ့်မည် မဟုတ်ဟု
ပြောဆို ငိုကြွေးရင်း သိန်းငှက် ယူဆောင်ရာသို့ ပါလာခဲ့သည်။

ထိုအခါ သိန်းငှက်သည် ဘီးလုံးငှက်၏ မူလနေရာကို မေး၍
သင့်နေရာတွင် နေချေ။ ထိုနေရာတွင်လည်း သင်သည် ငါ့လက်မှ
မလွတ်နိုင်ဟု ဆိုသည်။

ဘီလုံးငှက်လည်း သူ့နေရာသို့ ပြန်ဆင်းကာ ကြီးစွာသော
မြေစိုင်ခဲကြီး တစ်ခုပေါ်တွင် ရပ်တည်၍ သိန်းငှက် ကို
ဝင့်ကြွားစွါဖြင့် လာခဲ့လော့ဟု စိန်ခေါ်လေတော့သည်။
သိန်းငှက်သည် သုတ်ချီ ရန် ထိုးဆင်းလာခဲ့ရာ ဘီလုံးငှက်က
မြေစာတုံးများအောက်တွင် ဝင်ခိုနေလိုက်သည်။
ထိုအခါ မြေစိုင်ခဲနှင့် သိန်းငှက် အရှိန်ပြင်းစွာ တိုက်မိပြီး
သိန်းငှက် ရင်ကွဲ၍ သေဆုံးရလေတော့သည်။🔵 🔵 🔵
    
⃣ (၄) ⃣

🔵#မသင့်တော်သောနေရာ၌ကျက်စား၍ မလိမ္မာသော မျောက်တို့ပျက်စီးရပုံ

မသင့်တော်သောနေရာ၌ကျက်စား၍ ပျက်စီးရပုံကိုလည်း
အောက်ဖော်ပြပါ မက္ကဋသုတ်တွင် မလိမ္မာသော
မျောက်တို့ ပျက်စီးရပုံကို ကြည့်ရှုဆင်ခြင်၍
သိနိုင်ပေသည်။

တိပိဋက >>> သုတ္တန်ပိဋက >>> မဟာဝဂ္ဂသံယုတ်ပါဠိတော်  >>> 
(၃).သတိပဋ္ဌာနသံယုတ် >>> (၁) အမ္ဗပါဠိဝဂ် >>>
(၇) မက္ကဋသုတ် >>>

ရဟန်းတို့ ဟိမဝန္တာတောင်မင်း၏ သွားရန် ခက်ခဲ၍
မညီညွတ်ကုန်သောအရပ်တို့်၌ မုဆိုးတို့သည် မျောက်တို့ကို
သတ်ဖြတ်ဖျက်ဆီးရန် မျောက်တို့ သွားလာရာ လမ်းတို့၌
မျောက်နှဲစေးကို ထောင်ကုန်၏။

ရဟန်းတို့ ထိုဟိမဝန္တာတောင်၌ မိုက်သော သဘောမရှိ
လျှပ်ပေါ်သော သဘောမရှိကုန်သော လိမ္မာသော မျောက်တို့သည်
ထိုအရပ်၌ မျောက်နှဲစေးကို မြင်ကုန်သည်ရှိသော် ဝေးစွာ ရှောင်ဖဲကုန်၏၊

မိုက်သောသဘော လျှပ်ပေါ်သော သဘောရှိသော
မလိမ္မာသော မျောက်သည်ကား ထိုမျောက်နှဲစေးရှိရာသို့
ချဉ်းကပ်၍ လက်ဖြင့်ကိုင်ယူ၏၊ ထိုလက်သည် ထိုမျောက်နှဲစေး၌ ကပ်ငြိ၏။

”လက်ကို လွတ်စေအံ့”ဟု ဒုတိယလက်ဖြင့်ကိုင်ယူ ပြန်၏၊
ထိုဒုတိယလက်သည် ထိုမျောက်နှဲစေး၌ ကပ်ငြိပြန်၏။
”လက်နှစ်ဖက်တို့ကိုလွတ်စေအံ့”ဟု ခြေဖြင့် ကိုင်ယူပြန်၏၊
ထိုခြေသည် ထိုမျောက်နှဲစေး၌ ကပ်ငြိပြန်၏။
”လက်နှစ်ဖက်တို့ကိုလည်းကောင်း၊ ခြေကို လည်းကောင်း
လွတ်စေအံ့”ဟု ဒုတိယခြေဖြင့် ကိုင်ယူပြန်၏၊ ထိုဒုတိယခြေသည်
ထိုမျောက်နှဲစေး၌ ကပ်ငြိ ပြန်၏။ ”လက်နှစ်ဖက်တို့ကိုလည်းကောင်း၊ ခြေနှစ်ဖက်တို့ကိုလည်းကောင်း လွတ်စေအံ့”ဟု နှုတ်သီးဖြင့် ကိုင်ယူပြန်၏၊ ထိုနှုတ်သီးသည်ထိုမျောက်နှဲစေး၌ ကပ်ငြိပြန်၏။

ရဟန်းတို့ ဤသို့လျှင် ထိုမျောက်သည် ငါးဌာနတို့၌
နှောင်ဖွဲ့မိသည်ဖြစ်၍သာလျှင် ညည်းတွားလျက် အိပ်ရလေ၏၊
အကျိုးမဲ့ခြင်းသို့ ရောက်ရ လေ၏၊ ပျက်စီးခြင်းသို့ရောက်ရလေ၏၊

မုဆိုး၏ အလိုရှိတိုင်း ပြုလုပ်မှုကို ခံရလေ၏။
ရဟန်းတို့ မုဆိုးသည် ထိုမျောက်ကို (တံစို့) ထိုးလျက်
ထိုအရပ်၌ပင်လျှင် ထင်းမီးကျီး၌ ကင်မြှိုက်၍ အလိုရှိရာ
အရပ်သို့ ဖဲခွာ သွားလေ၏။

ရဟန်းတို့ မကျက်စားသင့်သော သူတစ်ပါးတို့၏ နေရာ
(အရပ်) ၌ ကျက်စားသွားလာသော သူသည်ဤအတူပင် ဖြစ်၏။

ရဟန်းတို့ ထို့ကြောင့် မကျက်စားသင့်သော
သူတစ်ပါးတို့၏ နေရာ (အရပ်) ၌ မကျက်စား မသွားလာကြကုန်လင့်၊
မကျက်စား မသွားလာသင့်သော သူတစ်ပါးတို့၏ နေရာ (အရပ်) ၌ ကျက်စားသူတို့အားကိလေသမာရ်သည် (ဖျက်ဆီးရန်) အခွင့်ကို ရ၏၊

ကိလေသမာရ်သည် (ဖျက်ဆီးရန်) အကြောင်းကို ရ၏၊
ရဟန်းတို့ ရဟန်း၏ မကျက်စားသင့်သော သူတစ်ပါးတို့၏
နေရာအရပ်ကား အဘယ်နည်း၊ ဤကာမဂုဏ်ငါးပါးတို့ပင်တည်း။ 🔵 🔵 🔵

⃣ (၅) ⃣

🔵#မိမိ (ကိုယ်စိတ်) ကို ကောင်းစွာထားခြင်း

ဘုရားရှင်သည် သတ္တဝါများအား မဟာကရုဏာတော်ဖြင့်
မိမိတို့၏ ကိုယ် နှုတ် စိတ် သုံးပါးစလုံးအား မကောင်းမှုမှ
ရှောင်ကြဉ်ရန် အလိုရှိတော်မူပေသည်။ထို့ကြောင့်လည်း
ဥပါလိသုတ်တွင် ကံသုံးပါး၌ မနောကံသည် အပြစ်ကြီးဆုံး
ဖြစ်ကြောင်း ဟောကြားထားသည်ကို အောက်ပါအတိုင်း
တွေ့မြင်နိုင်ပေ၏။

#မနောကံ_အပြစ်အကြီးဆုံးဟု_ဘုရားရှင်_ပညတ်ပုံ

တိပိဋက >>> သုတ္တန်ပိဋက နိကာယ်ငါးရပ်>>>
မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသ ပါဠိတော် >>>
(၁) ဂဟပတိဝဂ် >>> ဥပါလိသုတ် >>>

ငါ့သျှင်ဂေါတမ ဤသို့ ကွဲပြားထူးခြားကုန်သော
ဤကံသုံးပါးတို့တွင် မကောင်းမှု ပြုခြင်း၌မကောင်းမှုဖြစ်ခြင်း၌
အဘယ်ကံကို အပြစ်အကြီးဆုံးဟူ၍ သင် ပညတ်ပါသနည်း၊
ကာယကံကိုလော၊့ သို့မဟုတ် ဝစီကံကိုလော၊
သို့မဟုတ် မနောကံကိုလောဟု (လျှောက်၏)။

တပဿီ ဤသို့ ကွဲပြားထူးခြားကုန်သော
ဤကံသုံးပါးတို့တွင် မကောင်းမှု ပြုခြင်း၌ မကောင်းမှုဖြစ်ခြင်း၌
မနောကံကို အပြစ်အကြီးဆုံးဟု ငါဘုရား ပညတ်၏၊
ကာယကံနှင့် ဝစီကံကို ထိုကဲ့သို့ မပညတ်ဟု (မိန့်တော်မူ၏)။

ငါ့သျှင်ဂေါတမ ”မနောကံတည်း”ဟု ဆိုသလော။
တပဿီ ”မနောကံတည်း”ဟု ဆို၏။
ငါ့သျှင်ဂေါတမ ”မနောကံတည်း”ဟု ဆိုသလော။
တပဿီ ”မနောကံတည်း”ဟု ဆို၏။
ငါ့သျှင်ဂေါတမ”မနောကံတည်း”ဟု ဆိုသလော။
တပဿီ ”မနောကံတည်း”ဟု ဆို၏ဟု (မိန့်တော်မူ၏)။ 🔵 🔵 🔵

⃣ (၆) ⃣

____________________________________________

ဤမျှဖြင့် စာရှုသူအနေနှင့်
___________________________________

''ပတိရူပဒေသဝါသော စ၊ ပုဗ္ဗေ စ ကတပုညတာ။
အတ္တသမ္မာပဏိဓိစ၊ ဧတံ မင်္ဂလမုတ္တမံ။ "
________________________________________

သင့်လျော် လျောက်ပတ်သောအရပ်၌ နေရခြင်းလည်းကောင်း၊
ရှေးဘဝကပြုခဲ့သော ကုသိုလ်ကောင်းမှုရှိသူ ဖြစ်ခြင်းလည်းကောင်း၊
မိမိ (ကိုယ်စိတ်) ကို ကောင်းစွာထားခြင်းလည်းကောင်း
ဤတရားသုံးပါးသည် မြင့် မြတ်သော မင်္ဂလာတရားတည်းဆိုသည်အား
ထိုက်သင့်သလောက် သိမြင်လောက်ပြီဟု မျှော်လင့်ရင်း
" မြတ်ဗုဒ္ဓဟောကြား မင်္ဂလာတရား "  အမှတ်စဉ် (၂) ကို
နိဂုံး ချုပ်လိုက်ရပေတော့သည်။🔵 🔵 🔵

                         မောင်သုခ
                          (26- May-2017)

credit photo.org uploader

No comments:

Post a Comment