Saturday, January 13, 2018

" တရား ချိန်ခွင် ( သို့ ) မဟာပဒေသ(၄)ပါး " " သာသနာတော်၌ အငြင်းပွါးစရာ ရှိလာပါက ဆုံးဖြတ်ရန် တရားချိန်ခွင် မဟာပဒေသလေးပါး "

" တရား ချိန်ခွင် ( သို့ ) မဟာပဒေသ(၄)ပါး "
" သာသနာတော်၌ အငြင်းပွါးစရာ ရှိလာပါက
  ဆုံးဖြတ်ရန် တရားချိန်ခွင် မဟာပဒေသလေးပါး "

__________
မောင်သုခ
____________

[၁]

မြတ်ဗုဒ္ဓဘုရားရှင်၏ အဆုံးအမတော်များ
ဖြစ်သော ထေရဝါဒ သာသနာတော်၌
တခါတရံတွင် အငြင်းပွါးဖွယ်ရာသော
ကိစ္စများ ပေါ်ပေါက်တတ်သည်ကို
တွေ့ရလေ၏။ဟိုး ယခင်အခါကလည်း
ဋီကာကျော်စစ်ပွဲကဲ့သို့ အငြင်းပွါးမှုများ
ပေါ်ပေါက်ခဲ့ပြီး နောင်အခါတွင်လည်း
အလားတူသော အငြင်းပွါးဖွယ်ရာများ
အများအပြား ထပ်မံပေါ်ပေါက်လာမှာတော့
ယုံမှားစရာမရှိပေ။

ထိုအငြင်းပွါးဖွယ်ရာများကို
ဆုံးဖြတ်ဖြေရှင်းကြရာ၌ လူပုဂ္ဂိုလ်များကို
မဆိုထားဘိ ရဟန်းသံဃာများပင်လျှင်
ဘုရားရှင်ဟောကြားတော်မူခဲ့သော …
အငြင်းပွါးဖွယ်ရာတို့ကို ဖြေရှင်းရမည့်
တရားချိန်ခွင်တဖြစ်လည်း မဟာပဒေသလေးပါး
တရားတော်မြတ်ကြီးကို ကျော်လွှားမေ့လျော့သွားကြမြဲ
ဖြစ်သည်ကိုလည်း အံ့သြဖွယ် မြင်တွေ့ရပါသည်။

ထူးပေစွ ။  ဆန်းပေစွ။ မတော်တဆ မေ့လျော့
ကြသည်က ပြဿနာမဟုတ်။ တမင်တကာများသာ
တရားချိန်ခွင်ကြီးကို အလိုဆိုးဖြင့် မေ့လျော့
တမင်ထိမ်ချန်ကြလေက သာသနာတော်
အတွက်  အလွန်ပင် စိုးရိမ်ဖွယ်ရာ
ရင်လေးဖွယ်ရာ ဖြစ်တော့၏။

[၂]

ဤသို့သော မဟာပဒေသလေးပါးနှင့်
ဆန့်ကျင်ဘက် လမ်းလွဲနေသည့်
သာသနာတော်အတွင်း ပြဿနာဖြေရှင်းမှု
များတဖြစ်လည်း အကြောင်းပြချက်တို့သည်
ဘုရားရှင်ဟောကြားခဲ့သော တရားချိန်ခွင်ကြီးနှင့်
ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လျက်
သုတ္တာနုလောမ အာစရိယဝါဒ
အတ္တနောမတိ တို့ဖြင့် ထွက်ပေါ်
လာကြသည်ကို စိတ်မသက်သာဖွယ်
မြင်ရလေ၏။

ကျွန်တော်တို့ အရပ်လောကတွင်
အလေးချိန်နှင့် ဆက်စပ်၍ အငြင်းပွါးဖွယ်
တစုံတရာရှိလာလေပါက အချိန်အတွယ်
တိကျမှန်ကန်သော သမာဓိချိန်ခွင်၏
အဆုံးအဖြတ်ကို အတည်ယူကြရသကဲ့သို့
မြတ်ဗုဒ္ဓသာသနာတော်တွင်လည်း
အငြင်းပွါးဖွယ်ရာတစုံတခု  ရှိလာပါလေက
အောက်ဖော်ပြပါ မဟာပဒေသလေးပါး
တဖြစ်လည်း တရားချိန်ခွင်က ဖော်ပြနေသည့်
မြတ်ဘုရား ဟောကြား သုတ် ဝိနည်း အဘိဓမ္မာ
မူလပိဋကတ်တော်တို့ကိုသာ အဆုံးအဖြတ်အဖြစ်
ယတိပြတ် မှတ်ယူကြရပေမည်။

ဤသည်လည်း စာရေးသူ ကွန့်ထားသော
စကားမဟုတ်သကဲ့သို့ ဆရာတော်တပါးပါးက
ပြောသောစကားလည်း မဟုတ်။

မူလ တိပိဋတော်ပါ ဘုရားရှင်ဟောကြားသော
တိပိဋက _ သုတ္တန်ပိဋက _
အင်္ဂုတ္တရနိကာယ် _ အင်္ဂုတ္တိုရ်ပါဠိတော် _
စတုက္ကနိပါတ် _ (၄) စတုတ္ထပဏ္ဏာသက _
စတုတ္ထသုတ် ငါးဆယ်_ (၃) သဉ္စေတနိယ ၀ဂ် _
(၁၀) မဟာပဒေသ သုတ် လာ
တရားတော်မြတ်သာဖြစ်ပေသည်။

[၃]

" မဟာပဒေသ(၄)ပါး  အနှစ်ချုပ် "

မဟာပဒေသ လေးပါးကို အနှစ်ချုပ်
ဆင်ခြင်ကြည့်လျှင်  (၁) သုတ္တ  l (၂)သုတ္တာနုလောမ l
(၃) အာစရိယ ဝါဒ l (၄) အတ္တနောမတိ
အစရှိသည်တို့ကို တွေ့ရမည် ဖြစ်ပါသည်။

(၁)
"သုတ္တ" ဆိုတာမှာ ဘုရားရှင်ဟောကြားတော်
မူခဲ့သည်များကို သင်္ဂါယနာ အဆက်ဆက်တင်ခဲ့သည့်
သုတ် ဝိနည်း အဘိဓမ္မာ မူလ ပါဠိတော် များကို
ဆိုလိုရင်းဖြစ်သည်။

(၂)
"သုတ္တာနုလောမ" ဆိုသည်မှာ
မူလပါဠိတော်များကို ပါဠိတော်များနှင့်လျော်စွါ
အနက်ဖွင့်ဆိုထားသော အဋ္ဌကထာ ဋီကာများကို
ဆိုလိုသည်။ပါဠိတော်ကို အနက်ဖွင့်ရာ၍
မိမိတို့ အယူအစွဲများကို ကွန့်ထည့်လေ့ရှိကြသောကြောင့်
အချို့သော အဋ္ဌကထာ
အချင်းချင်း သော်လည်းကောင်း၊ ဋီကာအချင်းချင်း
သော်လည်းကောင်း၊အဋ္ဌကထာ နှင့် ဋီကာ
သော်လည်းကောင်း၊ကျမ်းပြုဆရာတော်ချင်း
သော်လည်းကောင်း၊ဝိနိစ္ဆယဆရာချင်း
သော်လည်းကောင်း မတူကွဲပြားသော
ယူဆချက်များ အထင်အရှားရှိတတ်၏။

ထင်ရှားသော ဥပမာပြရသော်
အစဉ်အဆက် ပညာရှိ ရဟန်း ရှင် လူများ
အလေးထားလက်ခံလာခဲ့သော ဋီကာကျော်မှ
အမှားများစွာကို လယ်တီဆရာတော်ဘုရားမှ
ထောက်ပြပြောဆို မိန့်ကြားခဲ့ဖူးလေ၏။
ထိုမှ အစပြုကာ ဋီကာစစ်ပွဲ စတင်ခဲ့၏။

ဋီကာစစ်ပွဲအကြောင်း အကြမ်းဖျင်း
ဖတ်ရှုရန် PDF လင့်  ____
ဋီကာစစ်ပွဲ (88.06  KB)
http://www.mediafire.com/file/ns9o9nn0p60p8a0/

[၄]

လယ်တီဆရာတော်ဘုရားသည်
ဘုရားရှင်ဟောကြားသော မူလ တရားတော်များနှင့်
တိမ်းစောင်းစွါ ပြောဆိုလာပါက အဋ္ဌကထာဆရာနှင့်ပင်
ရင်ဆိုင်ရ ရင်ဆိုင်ရ l ဋီကာ ဆရာနှင့်ပင် ရင်ဆိုင်ရ
ရင်ဆိုင်ရ l အနုဋီကာ ဆရာနှင့်ပင် ရင်ဆိုင်ရ
ရင်ဆိုင်ရ …မည်သူ့မျက်နှာမှ မကြည့်ဘဲ
ဓမ္မဝိနယ၏ မျက်နှာတခုတည်းကိုသာ
ကြည့်တတ်သော အံ့သြ ချီးမွမ်း ရိုသေ
ရှိခိုးဦးချထိုက်ဖွယ် သာသနာ့ အာဇာနည်
ရဟန်းတော်မြတ်တပါး ဖြစ်သည်ကို
တွေ့ရသည်။

ယနေ့ခေတ် ရဟန်းသံဃာများ
အတုယူသင့်ဖွယ်ရာပင် ဖြစ်၏။
အတုယူထိုက်ဖွယ်ရာလည်းဖြစ်၏။

(၃)
"အာစရိယဝါဒ" ဆိုသည်မှာ
ပိဋကတ်တော်တရားတော်ကိုပင်ဖြစ်စေ
ဓမ္မဝိနယနှင့် ပက်သက်လျှင်ဖြစ်စေ
ရဟန်းတပါးပါးမှ သော်လည်းကောင်း…
မိမိဆရာတင်ထားသူ လူပုဂ္ဂိုလ် ရဟန်းမှ
သော်လည်းကောင်း  မိမိကိုယ်ပိုင် အယူအဆ
အမြင်ဖြင့် သုံးသပ်ပြောကြားမှုများကို
ဆိုလိုသည်။

" လောက ဝစနံ သစ္စံ နသစ္စံ "   ဆိုသကဲ့သို့
မှန်သည်လည်း ရှိ၏  မှားသည်လည်းရှိလေ၏။

(၄)
"အတ္တနောမတိ" ဆိုသည်မှာ
မိမိ၏ အမြင် အယူအဆ
ဆုံးဖြတ်ချက်  ထင်မြင်မှုများကိုဆိုသည်။

အထက်ပါ မဟာပဒေသ(၄)ပါးထဲတွင်
"သုတ္တ"တဖြစ်လည်း မူလ
ဘုရားဟော ပါဠိတော်ထက်
"သုတ္တာနုလောမ"ဆိုသည့်
အဋ္ဌကထာ ဋီကာ အနုဋီကာတို့ သည်
အားနည်း၏။

သုတ္တ နှင့် အဋ္ဌကထာ ဋီကာ အနုဋီကာတို့
ယှဉ်လိုက်လျှင် မူလပါဠိတော်(သုတ္တ)ကိုသာ
အမှန်ယူရပြီး အဋ္ဌကထာ ဋီကာ အနုဋီကာကို
လွှတ်ရ၏။

"အာစရိယဝါဒ" သည်  "သုတ္တာနုလောမ"
ထက် အားနည်း၏။ထို့ကြောင့် အာစရိယဝါဒနှင့်
သုတ္တာနုလောမ ယှဉ်လာလျှင်
သုတ္တာနုလောမကို  အတည်ပြုယူရ၏။
အာစရိယဝါဒကို မယူရ။အာစရိယဝါဒတွင်
ခေတ်ကာလနှင့် ယှဉ်၍ လိုရာဆွဲဖွင့်တတ်သော
အဓမ္မဝါဒများ မေ့လျှော့လွဲချော်မှုများ
ပါလာတတ်သောကြောင့် အာစရိယဝါဒနှင့်
သုတ္တာနုလောမ ယှဉ်လာလျှင်
သုတ္တာနုလောမကို  အတည်ပြုယူရခြင်းဖြစ်၏။

" အနှစ်ချုပ် ဆိုလိုရင်းမှာ သာသနာတော်၌
ထင်ရှားသော အငြင်းပွါးမှု တစုံတရာ
ပေါ်ပေါက်လာပေက အခိုင်မာဆုံးသော
ကိုးကား ဆုံးဖြတ်ချက်ချရမည်မှာ
တရားချိန်ခွင်တဖြစ်လည်း
ဘုရားရှင်ဟောကြားတော်မူသည့်
မူလ ပါဠိတော် သုတ် ဝိနည်း အဘိဓမ္မာတို့သာ
ဖြစ်ကြောင်း  ညွှန်းဆိုလိုရင်းဖြစ်၏။

အဋ္ဌကထာ ဋီကာ
အနုဋီကာများကို ပစ်ပယ်ရမည်ဟု
စာရေးသူမှ " လုံးဝ " ဆိုလိုရင်း မဟုတ်ပေ။
အာစရိယ ဝါဒ ကို အရှင်း ပစ်ပယ်ရမည်ဟုလည်း
ဆိုလိုရင်းမဟုတ်ချေ။ သုတ္တခေါ် ဘုရားဟော
မူလ ပါဠိတော်နှင့် ထပ်တူညီက ယူရုံပင်။
အငြင်းပွါးဖွယ်ရာ ရှိလာလျှင်တော့
အဋ္ဌကထာ ဖြစ်စေ l ဋီကာဖြစ်စေ l
အနုဋီကာ ဖြစ်စေ l အာစရိယ ဝါဒဖြစ်စေ
ဘုရားရှင်ဟောကြားထားခဲ့သလို
မူလ အဟော ပါဠိတော် သုတ် ဝိနည်း
အဘိဓမ္မာထဲ သွင်းကြည့်ရပေတော့မည်။
မညီပါက အရှင်းပယ်ရပေတော့မည်။

ဤသည်မှာ ဘုရားဟောပင်ဖြစ်သောကြောင့်
စောဒက တက်လိုသူများ ရှိလာပါက
စာရေးသူနှင့် လာရောက်ငြင်းခုန်ရမည်ထက်
ဘုရားရှင်နှင့်သာ ငြင်းခုန်ရန်
သင့်ပေတော့မည်။

အဋ္ဌကထာ ဋီကာ
အနုဋီကာတို့၏ ကျေးဇူးကြောင့် ဘုရားရှင်၏
ဓမ္မဝိနယများကို  ဘာသာဝင်များ လွယ်ကူ
အဆင်ပြေစွါ ဖတ်ရှုကြည်ညိုနိုင်ကြခြင်း
ဖြစ်သည်ကို ပကတိ လက်ခံရပေမည်။
လက်ခံပေ၏။

သို့ပါသော်လည်း သာသနာတော်၌
ထင်ရှားသော အငြင်းပွါးမှု တစုံတရာ
ပေါ်ပေါက်လာပေလျှင်တော့
အဋ္ဌကထာ ဋီကာ အနုဋီကာတို့ထက်
တရားချိန်ခွင်တဖြစ်လည်း
ဘုရားရှင်ဟောကြားတော်မူသည့်
မူလ ပါဠိတော် သုတ် ဝိနည်း အဘိဓမ္မာတို့ကိုသာ
အဆုံးအဖြတ် တရားချိန်ခွင်အဖြစ်
မုချမှတ်ယူရမည်ဟု ဆိုလိုသည်။"

[၅]

ဘုရားရှင်ဟောကြားခဲ့သော
ဓမ္မဝိနယနှင့် ပက်သက်လာလျှင်
မဟာပဒေသ(၄)ပါးထဲ၌
"အတ္တနောမတိ"  မိမိ၏ အမြင် အယူအဆ
ဆုံးဖြတ်ချက်  ထင်မြင်မှုများသည် အားလုံးတွင်
အားအနည်းဆုံးဖြစ်လေသည်။ထို့နောက်မှ
အာစရိယဝါဒ ။ အာစရိယဝါဒထက်
သုတ္တာနုလောမ ။ သုတ္တာနုလောမထက်
" သုတ္တ" တဖြစ်လည်း ဘုရားရှင်ဟောကြား
ဆုံးမတော်မူခဲ့သည့် မူလ တိပိဋက
ပါဠိတော် သုတ် ဝိနည်း အဘိဓမ္မာတို့သာ
အားအကြီးဆုံးနှင့် အခိုင်မာဆုံး ဆုံးဖြတ်ရာ
တရားချိန်ခွင်ကြီး ဖြစ်တော့၏။

ဤသို့  မဟာပဒေသလေးပါးသည်
သာသနာတော်၌ တစုံတရာသော
အငြင်းပွါးမှုဖြစ်လာလျှင်  တိကျ မှန်ကန်သော
အားကိုးထိုက်သော တရားချိန်ခွင်ကြီး
ဖြစ်ကြောင်းကို ဘုရားရှင်ကိုယ်တော်တိုင်
အောက်ပါအတိုင်း မှတ်သားကျင့်ဆောင်ဖွယ်
တိကျစွါ  ဟောကြားခဲ့လေသည်။

စာရေးသူ သိသလောက်တော့
မဟာပဒေသသုတ်သည် တိပိဋကတော်တွင်
နေရာ နှစ်နေရာ၌ ဖော်ပြပါဝင်၏။

သုတ္တန်ပိဋက အင်္ဂုတ္တရနိကာယ်
စတုတ္ထပဏ္ဏာသကတွင်ပါဝင်သလို
ဒီဃနိကာယ် မဟာဝဂ်ပါဠိတော်
မဟာပရိနိဗ္ဗာနသုတ်တွင်လည်းပါဝင်လေသည်။

သုတ်နှစ်ခုလုံးတွင် ဘောဂမြို့ အာနန္ဒာစေတီအနီးဟု
နေရာဖော်ပြမှုတူညီသလို ဟောကြားမှုလည်း
ထပ်တူတူညီသောကြောင့် အဟောတခုတည်း
ဆိုသည်မှာ ထင်ရှားပေပြီ။

[၆]

" ပါဠိတော်ကိုပယ်လျှင်
ဘုရားကိုပယ်သည်မည်၏ "
………………………………

အလျင်းသင့်တုန်း ပါဠိတော်ကိုပယ်လျှင်
ဘုရားကိုပယ်သည်မည်၏ဆိုသော
ကျောက်သင်္ဘောဝါဒ ဝိနိစ္ဆယ
စာ(၂၁၃) ပါ မှတ်သားဖွယ်ကို
ဖော်ပြလိုပါသည်။

တရားဆုံးဖြတ်ရာ၌ စတုဗ္ဗိဓဝိနယခေါ်
မဟာပဒေသ လေးပါးတို့တွင်
သုတ္တခေါ်ပါဠိတော်ကို၎င်း…

ယင်းပါဠိတော်နှင့်လျော်သော
ဒေသနာတော်များကို၎င်း…

ယင်းပါဠိတော် စသည်တို့နှင့်
ဆုံးဖြတ်ထားသော ဝိနိစ္ဆယကို၎င်း…
မည်သူမျှ ပယ်ခြင်းငှါ လုံးဝမထိုက်…
မည်သူမျှ မပယ်အပ်…မပယ်ကောင်းပါ…

ရဟန်းရှင်လူအားလုံးလက်ခံလိုက်နာရ၏။
ပရိယာယ်ဝေဝုစ်ဖြင့် ဉာဏ်ထုတ်ဖယ်ရှား
တားမြစ်အံ့သောငှါ မစွမ်းနိုင်၊ ယင်း ထေရဝါဒ ပါဠိ
ပိဋကတ်တော်များကို အကယ်၍ ပယ်လျှင် မြတ်စွာဘုရားကို ပယ်သည်မည်၏။

လူတစ်ယောက်လုံးကိုသတ်ထားသော
သူသော်မှလည်း ငြင်းဆိုမြဲဖြစ်ကြ၏။
သူငြင်းဆိုစေကာ အပြစ်ကား အပြစ်ပင်
ငြင်းဆိုသည့်အတွက် မလွတ်သည့်အပြင်
မလေးစားမှုအတွက် အပြစ်ပိုလာ၏ ဟူလို။

အထက်ပါ စကားရပ်တွင်
ပါဝင်သော " မည်သူမျှ " ဆိုသည့်စကားသည်
ထေရဝါဒ ဗုဒ္ဓဘာသာဝင်အပေါင်းတို့အားသာ
ညွှန်းဆိုကြောင်း ထင်ရှားလေပြီ။

မဟာပဒေသသုတ်ကို မဖော်ပြမီ
" မဟာပဒေသ" ဟူသော ပါဠိစကား၏
အနက်သဘောသဘာဝကို စာရေးသူ
လက်လှမ်းမှီသလောက် စိစစ်ပြပါမည်။

[၇]

" မဟာပဒေသ" ဆိုသော
စကားရပ်ကို ဦးဟုတ်စိန်ရေးသားသည့်
ပဒတ္ထမဉ္ဇူသာဟူသော ပါဠိမြန်မာ
အဘိဓါန်ကျမ်းတွင် ယခုလို အနက်ဖွင့်ဆို
ပါရှိလေ၏။

" ပဒေသ " ဟူသော
ပါဠိစကားကို " ညွှန်ခြင်း - ညွှန်အပ်သော
အကြောင်း" ဟု အနက်ဖွင့်ဆို၏။

" မဟာ " ဟူသော ပါဠိစကားကို
ကြီးသော - မြတ်သော -
ကြီးကျယ်သော မွန်မြတ်သောဟု
အနက်ဖွင့်ဆို၏။

ထို့ကြောင့် " မဟာပဒေသ "
၏ အနက်အဓိပ္ပါယ်သည် မြတ်သော
ညွှန်ပြခြင်း l ကြီးကျယ်သော ညွှန်ပြခြင်းl
မွန်မြတ်သော ညွှန်ပြခြင်းဟု အဓိပ္ပါယ်
ထွက်ပေတော့သည်။သို့ပါသောကြောင့်
စာရေးသူအနေနှင့် ညွှန်းဆိုလိုသည်မှာ
မြတ်ဗုဒ္ဓဟောကြား မဟာပဒေသ တရားတော်
မြတ်သည် ရဟန်း ရှင်လူတို့ ရိုသေစွါ
နာယူ ကျင့်ဆောင်အပ်သော တရားတော်
မြတ်ကြီးဖြစ်ပေတော့သည်။

(ဆဋ္ဌမူ မြန်မာပြန်တွင်
" မဟာပဒေသ" ဟူသည့် ပါဠိတော်အား
" မြတ်သော ညွှန်ပြချက် " ဟု အနက်ဖွင့်ပါရှိ၏။
ဤကား စကားချပ် ။)

[၈]

" မဟာပဒေသ သုတ် "

တိပိဋက _ သုတ္တန်ပိဋက _
အင်္ဂုတ္တရနိကာယ် _ အင်္ဂုတ္တိုရ်ပါဠိတော် _
စတုက္ကနိပါတ် _ (၄) စတုတ္ထပဏ္ဏာသက _
စတုတ္ထသုတ် ငါးဆယ်_ (၃) သဉ္စေတနိယ ၀ဂ် _
(၁၀) မဟာပဒေသ သုတ် _

''ရဟန်းတို့ မြတ်သော ညွှန်ပြချက်
'မဟာပဒေသ' လေးမျိုးတို့ကို ဟောကြားပေအံ့၊
ထိုတရားတို့ကို နာယူကြကုန်လော့၊ ကောင်းစွာ
နှလုံးသွင်းကြကုန်လော့၊ ဟောပေအံ့''ဟု
မိန့်တော်မူ၏။

ဒီနိဒါန်းစကားကို အခြေခံ မိန့်တော်မူတဲ့
ဘုရားရှင်ကတော့ ဘောဂ အမည်ရှိတဲ့မြို့အနီး
အာနန္ဒာစေတီမှာ သီတင်းသုံးတော်
မူနေချိန်ဖြစ်ပါတယ်။

( နောင်တချိန် ဘုရားရှင်မရှိတော့သည့်
သာသနာနောက်ပိုင်းတွင် ဓမ္မ ၀ိနယနှင့် ပက်သက်၍
အငြင်းပွါးစရာ သံသယဖြစ်စရာကြုံခဲ့ပါက
မဟာပဒေသ လေးပါး နှင့် ချိန်ညှိပြီး
ဆုံးဖြတ်နိုင်ရန် ဘုရားရှင်ကိုယ်တော်မြတ်ကြီး
ဟောကြားထားခဲ့သော တရားတော်ကြီး
ဖြစ်သည်ကို ထင်ရှားစွါ တွေ့မြင်နိုင်ပေ၏။)

[၉]

(၁)
"သာမာန် ရဟန်းတပါးကြောင့်လဲ
ဓမ္မဥပဒေသ ကို မချိုးဖောက်ပါနဲ့ "
------------------------------------
----------------------------------------------

ရဟန်းတို့ မြတ်သော ညွှန်ပြချက်
'မဟာပဒေသ' လေးမျိုးတို့ဟူသည်
အဘယ်တို့နည်းဟူမူ…

ရဟန်းတို့ ဤ(သာသနာတော်)၌ ရဟန်းသည်
''ငါ့သျှင်တို့ ငါသည် ဤတရားကို မြတ်စွာဘုရား
မျက်မှောက်တော်မှ ကြားနာရ၏၊
မျက်မှောက်တော်မှ သင်ယူရ၏၊
'ဤကား သုတ် အဘိဓမ္မာတည်း၊
ဤကား ဝိနည်းတည်း၊ ဤကား မြတ်စွာဘုရား၏
အဆုံးအမတည်း'ဟု'' ပြောဆိုလာခဲ့မူ
ထိုရဟန်း၏ စကားကို မနှစ်သက်အပ်သေး၊
မတားမြစ်အပ်သေး၊ မနှစ်သက် မတားမြစ်မူ၍
ထို (ပုဒ်ဗျည်း) တို့ကို ကောင်းစွာ သင်ယူလျက်
သုတ် အဘိဓမ္မာ၌ သက်ဝင်စေအပ်ကုန်၏၊
ဝိနည်း၌ ကောင်းစွာ ထင်စေ အပ်ကုန်၏။
ထို (ပုဒ်ဗျည်း) တို့ကို သုတ် အဘိဓမ္မာ၌
သက်ဝင်စေအပ်ကုန်သော် ဝိနည်း၌ ကောင်းစွာ
ထင်စေအပ်ကုန်သော် အကယ်၍ သုတ်၌လည်း
မသက်ဝင်ကုန်အံ့၊ ဝိနည်း၌လည်း မထင်ကုန်အံ့။

''ဤစကားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော
(အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ
သိတော်မူသော ထို မြတ်စွာဘုရား၏
စကားတော်အစစ် မဟုတ်၊ ဤရဟန်း၏သာလျှင်
မကောင်းသဖြင့် သင်ယူအပ်သော စကားတည်း''ဟု
ဤအရာ၌ ဆုံးဖြတ်ရမည်။ ရဟန်းတို့ ဤသို့ (ဆုံးဖြတ်၍)
ထို စကား ကို စွန့်ကြကုန်လော့။

အကယ်၍ သုတ် အဘိဓမ္မာ၌လည်း
သက်ဝင်ကုန်အံ့၊ ဝိနည်း၌လည်း ထင်ကုန်အံ့၊
့''ဤစကားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော
(အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ
သိတော်မူသော ထို မြတ်စွာဘုရား၏ စကားတော်
အစစ်တည်း၊ ဤရဟန်း၏သာလျှင် ကောင်းစွာ
သင်ယူ အပ်သော စကားတည်း''ဟု
ဤအရာ၌ ဆုံးဖြတ်ရမည်။
ရဟန်းတို့ ဤပဌမမဟာပဒေသကို
ဆောင်ကြ ကုန်လော့။

(မှတ်ချက် ၁ )
သာမာန် ရဟန်းတပါးကြောင့်လဲ ဓမ္မဥပဒေသ ကို
မချိုးဖောက်ပါနဲ့ ဆိုတာ ဖော်ပြနေပါတယ်။

[၁၀]

(၂)
" တပါးထည်းမဟုတ်ပဲ သံဃာ အုပ်စု
အများကြောင့်လဲ ဓမ္မဥပဒေသ ကို
မချိုးဖောက်ပါနဲ့ "
------------------------------------
----------------------------------------------

ရဟန်းတို့ ဤ(သာသနာတော်) ၌
ရဟန်းသည် ''ဤမည်သော ကျောင်း၌ မထေရ်နှင့်
တကွသော အကြီးအမှူးနှင့် တကွသော
သံဃာသည် နေ၏၊ ငါသည် ဤတရားကို
ထို သံဃာ၏ မျက်မှောက်မှ ကြားနာ ရ၏၊
မျက်မှောက်မှ သင်ယူရ၏၊ 'ဤကား သုတ်
အဘိဓမ္မာတည်း၊ ဤကား ဝိနည်းတည်း၊
ဤကား မြတ်စွာဘုရား၏ အဆုံးအမတည်း'ဟု''
ပြောဆိုလာခဲ့မူ ထိုရဟန်း၏ စကားကို
မနှစ်သက်အပ်သေး၊ မတားမြစ်အပ်သေး။

မနှစ်သက် မတားမြစ်မူ၍ ထို (ပုဒ်ဗျည်း) တို့ကို
ကောင်းစွာ သင်ယူလျက် သုတ် အဘိဓမ္မာ၌
သက်ဝင်စေအပ်ကုန်၏၊ ဝိနည်း၌ ကောင်းစွာ
ထင်စေအပ်ကုန်၏။ ထို (ပုဒ်ဗျည်း) တို့ကို သုတ်
အဘိဓမ္မာ၌ သက်ဝင်စေအပ်ကုန်သော်
ဝိနည်း၌ ကောင်းစွာ ထင်စေအပ်ကုန်သော်
အကယ်၍ သုတ် အဘိဓမ္မာ၌လည်း
မသက်ဝင်ကုန်အံ့၊ ဝိနည်း၌လည်း မထင်ကုန်အံ့၊
''ဤစကားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော
(အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ
သိတော်မူသော ထို မြတ်စွာဘုရား၏
စကားတော်အစစ် မဟုတ်၊ ထို သံဃာ၏သာလျှင်
မကောင်းသဖြင့် သင်ယူအပ်သော စကားတည်း''ဟု
ဤအရာ၌ ဆုံးဖြတ်ရမည်။ ရဟန်းတို့ ဤသို့
(ဆုံးဖြတ်၍) ထို စကားကို စွန့်ကြကုန်လော့။

အကယ်၍ သုတ် အဘိဓမ္မာ၌လည်း
သက်ဝင်ကုန်အံ့၊ ဝိနည်း၌လည်း ထင်ကုန်အံ့၊
''ဤစကားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော
(အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ
သိတော်မူသော ထို မြတ်စွာဘုရား၏ စကားတော်
အစစ်တည်း၊ ထို သံဃာ၏သာလျှင် ကောင်းစွာ
သင်ယူအပ်သော စကားတည်း''ဟု
ဤအရာ၌ ဆုံးဖြတ်ရမည်။ ရဟန်းတို့
ဤဒုတိယမဟာပဒေသကို ဆောင်ကြကုန်လော့။

( မှတ်ချက် ၂ )
တပါးထည်းမဟုတ်ပဲ သံဃာ အုပ်စု အများ ကြောင့်လဲ
ဓမ္မဥပဒေသ ကို မချိုးဖောက်ပါနဲ့ ။သာသနာတော်တွင်
သုတ် ဝိနည်း အဘိဓမ္မာ တည်ရှိသမျှ ကာလပတ်လုံး
ရဟန်းယောင်များ အုပ်စုဖွဲ့ သာသနာဖျက်ရန်
ယောင်လို့တောင် မရနိုင်ကြောင်း
ထင်ရှား သိသာပေပြီ။

[၁၁]

(၃)
" လောကီလောကုတ္တရာ
ဘွဲ့ထူးဂုဏ်ဒြပ်တွေကြောင့်ဖြစ်စေ၊ မထေရ်ကြီးတွေမျက်နှာကြောင့်ဖြစ်စေ၊
သံဃာအုပ်စု ကြောင့်ဖြစ်စေ ဓမ္မဥပဒေသ ကို
မချိုးဖောက်ပါနဲ့ "
--------------------------------
-------------------------------------------

ရဟန်းတို့ ဤ(သာသနာတော်)၌
ရဟန်းသည် ''ဤမည်သော ကျောင်း၌
အကြားအမြင်များကုန် သော ပါဠိအာဂုံ
နှုတ်ငုံဆောင်ကုန်သော သုတ် အဘိဓမ္မာကို
ဆောင်ကုန်သော ဝိနည်းကို ဆောင်ကုန်သော
မာတိကာကို ဆောင်ကုန်သော များစွာသော
မထေရ်ဖြစ်ကုန်သော ရဟန်းတို့သည် နေကုန်၏။

ငါသည် ဤတရားကို ထို မထေရ်တို့၏
မျက်မှောက်မှ ကြားနာရ၏၊ မျက်မှောက်မှ သင်ယူရ၏၊
'ဤကား သုတ် အဘိဓမ္မာတည်း၊ ဤကား ဝိနည်းတည်း၊
ဤကား မြတ်စွာဘုရား၏ အဆုံးအမတည်း'ဟု''
ပြောဆိုလာခဲ့မူ ထိုရဟန်း၏ စကားကို
မနှစ်သက်အပ်သေး၊ မတားမြစ်အပ်သေး၊
မနှစ်သက် မတားမြစ် မူ၍ ထို (ပုဒ်ဗျည်း) တို့ကို
ကောင်းစွာ သင်ယူလျက် သုတ် အဘိဓမ္မာ၌
သက်ဝင်စေအပ်ကုန်၏၊ ဝိနည်း၌ ကောင်းစွာ
ထင်စေအပ်ကုန်၏။ ထို (ပုဒ်ဗျည်း) တို့ကို သုတ်
အဘိဓမ္မာ၌ သက်ဝင်စေအပ်ကုန်သော်
ဝိနည်း၌ ကောင်းစွာ ထင်စေအပ်ကုန်သော်
အကယ်၍ သုတ် အဘိဓမ္မာ၌လည်း မသက်ဝင်ကုန်အံ့၊
ဝိနည်း၌လည်း မထင်ကုန်အံ့၊ ''ဤစကားသည်
ပူဇော်အထူးကို ခံတော်မူထိုက်သော
(အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ
သိတော်မူသော ထို မြတ်စွာဘုရား၏
စကားတော်အစစ်မဟုတ်၊ ထို မထေရ်တို့၏သာလျှင်
မကောင်းသဖြင့် သင်ယူအပ်သော စကားတည်း''ဟု
ဤအရာ၌ ဆုံးဖြတ်ရမည်။

ရဟန်းတို့ ဤသို့ (ဆုံးဖြတ်၍)
ထို စကားကို စွန့်ကြကုန်လော့။

အကယ်၍ သုတ် အဘိဓမ္မာ၌လည်း
သက်ဝင်ကုန်အံ့၊ ဝိနည်း၌လည်း ထင်ကုန်အံ့၊
''ဤစကားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော
(အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ
သိတော်မူသော ထို မြတ်စွာဘုရား၏ စကားတော်
အစစ်တည်း၊ ထို မထေရ်တို့၏သာလျှင် ကောင်းစွာ
သင်ယူအပ်သော စကားတည်း''ဟု ဤအရာ၌
ဆုံးဖြတ်ရမည်။

ရဟန်းတို့ ဤတတိယ
မဟာ ပဒေသကို ဆောင်ကြကုန်လော့။

(မှတ်ချက်၃)
လောကီလောကုတ္တရာ ဘွဲ့ထူးဂုဏ်ဒြပ်တွေကြောင့်ဖြစ်စေ၊ မထေရ်ကြီးတွေမျက်နှာကြောင့်ဖြစ်စေ၊
သံဃာအုပ်စု ကြောင့်ဖြစ်စေ ဓမ္မဥပဒေသ ကို
မချိုးဖောက်ပါနဲ့ ။

နာမည်ကြီးတိုင်း ထင်ရှားကျော်ကြားတိုင်း
တရားတော်နှင့်  ဆန့်ကျင် သွေဖီကာ
ပေါက်ကရလုပ်လို့ မရသည်ကို
ထင်ရှား သိသာပေပြီ။

[၁၂]

(၄)
" ပရိသတ် အခြံအရံတွေ၊ ဘွဲ့ထူးဂုဏ် ဒြပ်တွေ၊
ဆိုတဲ့ အကြောင်းတရားတွေကြောင့်လည်း
ဘုရားရှင်ရဲ့ ဓမ္မ ဥပဒေသတွေကို မချိုးဖောက်
မဖျက်ဆီးပါနဲ့ "
----------------------------
--------------------------------------------

ရဟန်းတို့ ဤ(သာသနာတော်)၌
ရဟန်းသည် ''ဤမည်သော ကျောင်း၌
အကြားအမြင်များသော ပါဠိအာဂုံ နှုတ်ငုံဆောင်သော
သုတ် အဘိဓမ္မာကိုဆောင်သော ဝိနည်းကို
ဆောင်သော မာတိကာကို ဆောင်သော
တစ်ဦးသော မထေရ်သည် နေ၏။

ငါသည် ဤတရားကို ထို မထေရ်၏
မျက်မှောက်မှ ကြားနာရ၏၊ မျက်မှောက်မှ
သင်ယူရ၏၊ 'ဤကား သုတ် အဘိဓမ္မာတည်း၊
ဤကား ဝိနည်းတည်း၊ ဤကား မြတ်စွာဘုရား၏
အဆုံးအမတည်း'ဟု'' ပြောဆိုလာခဲ့မူ
ထိုရဟန်း၏ စကားကို မနှစ်သက်အပ် သေး၊
မတားမြစ်အပ်သေး၊ မနှစ်သက် မတားမြစ်မူ၍
ထို (ပုဒ်ဗျည်း) တို့ကို ကောင်းစွာ သင်ယူ၍
သုတ် အဘိဓမ္မာ၌ သက်ဝင်စေအပ်ကုန်၏၊
ဝိနည်း၌ ကောင်းစွာ ထင်စေအပ်ကုန်၏။

ထို (ပုဒ်ဗျည်း)တို့ကို သုတ် အဘိဓမ္မာ၌
သက်ဝင်စေအပ်ကုန်သော် ဝိနည်း၌ ကောင်းစွာ
ထင်စေအပ်ကုန်သော် အကယ်၍ သုတ်
အဘိဓမ္မာ၌လည်း မသက်ဝင်ကုန်အံ့၊ ဝိနည်း၌လည်း
မထင်ကုန်အံ့၊ ''ဤစကားသည် ပူဇော်အထူးကို
ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို)
ကိုယ်တိုင်မှန်စွာ သိတော်မူသော ထို မြတ်စွာဘုရား၏
စကားတော် အစစ် မဟုတ်၊ ထို မထေရ်၏သာလျှင်
မကောင်းသဖြင့် သင်ယူအပ်သော စကားတည်း''ဟု
ဤအရာ၌ ဆုံးဖြတ်ရမည်။ ရဟန်းတို့
ဤသို့ (ဆုံးဖြတ်၍) ထို စကားကို
စွန့်ကြကုန်လော့။

အကယ်၍ သုတ် အဘိဓမ္မာ၌လည်း
သက်ဝင်ကုန်အံ့၊ ဝိနည်း၌လည်း ထင်ကုန်အံ့၊
''ဤစကားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော
(အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ
သိတော်မူသော ထို မြတ်စွာဘုရား၏ စကားတော်
အစစ်တည်း၊ ထို မထေရ်၏သာလျှင် ကောင်းစွာ
သင်ယူအပ်သော စကားတည်း''ဟု
ဤအရာ၌့ဆုံးဖြတ်ရမည်။

ရဟန်းတို့ ဤစတုတ္ထ မဟာပဒေသကို
ဆောင်ကြကုန်လော့။ ရဟန်းတို့ မဟာပဒေသ
တို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

(မှတ်ချက် ၄ )
ပရိသတ် အခြံအရံတွေ၊ ဘွဲ့ထူးဂုဏ် ဒြပ်တွေ၊ ဆိုတဲ့ အကြောင်းတရားတွေကြောင့်လည်း
ဘုရားရှင်ရဲ့ ဓမ္မ ဥပဒေသတွေကို
ချိုးဖောက်ရန် ဖျက်ဆီးရန် မရကြောင်း
ထင်ရှား၏။

[၁၃]

ဤမျှဖြင့်ပင် သုံးလောကထွဋ်ထား
ဘုရားရှင်ဟောကြားတော်မူသော
မဟာပဒေသလေးပါး တရားချိန်ခွင်ကြီးသည်
တိမ်တိုက်များကြားမှ ရောင်ခြည်တထောင်
အလင်းဆောင်သော နေမင်းကြီး ထွက်ပြူသည့်နှယ်
ထင်ရှားပေပြီ။

" မဟာပဒေသ" သုတ်တော်ကြီး၏
နိဒါန်းလာ ဘုရားရှင်၏ ဟောကြားမှုဖြစ်သော

" ရဟန်းတို့ မြတ်သော ညွှန်ပြချက်
'မဟာပဒေသ' လေးမျိုးတို့ကို ဟောကြားပေအံ့၊
ထိုတရားတို့ကို နာယူကြကုန်လော့၊ ကောင်းစွာ
နှလုံးသွင်းကြကုန်လော့၊ "ဟု ဆိုသော
ဟောကြားချက်အတိုင်း သာသနာတော်၌
အငြင်းပွါးမှုများ ထင်ရှားပေါ်ပေါက်လာပါက
မဟာပဒေသ သုတ်တော်ကြီးပါ တရားချိန်ခွင်
မဟာပဒေသ လေးပါးအတိုင်း လိုက်နာ ကျင့်ဆောင်
ဆုံးဖြတ်နိုင်ကြပါစေကြောင်း တိုက်တွန်းရင်း
ဤစာစုအား နိဂုံးချုပ်လိုက်ရပေတော့သတည်း…
……………………………………………
………………………………………………
……………………………………………………

credit. The Great Buddha


                                            မောင်သုခ
                                          [4 - Dec - 2017 ]