Sunday, May 28, 2017

မြတ်ဗုဒ္ဓဟောကြား မင်္ဂလာတရား ⃣(၂)⃣

⃣ မြတ်ဗုဒ္ဓဟောကြား_မင်္ဂလာတရား  ⃣(၂)⃣

🔵 (၂) 🔵

''ပတိရူပဒေသဝါသော စ၊ ပုဗ္ဗေ စ ကတပုညတာ။
အတ္တသမ္မာပဏိဓိစ၊ ဧတံ မင်္ဂလမုတ္တမံ။ "
________________________________________

သင့်လျော် လျောက်ပတ်သောအရပ်၌ နေရခြင်းလည်းကောင်း၊
ရှေးဘဝကပြုခဲ့သော ကုသိုလ်ကောင်းမှုရှိသူ ဖြစ်ခြင်းလည်းကောင်း၊
မိမိ (ကိုယ်စိတ်) ကို ကောင်းစွာထားခြင်းလည်းကောင်း
ဤတရားသုံးပါးသည် မြင့် မြတ်သော မင်္ဂလာတရားတည်း။
________________________________________

⃣ (၁) ⃣

မြတ်ဗုဒ္ဓဟောကြား မင်္ဂလာတရားတော်မြတ်သည်
ထေရဝါဒ ဗုဒ္ဓဘာသာဝင် ကလေးသူငယ်မှ စ၍
အိုမင်းသော လူကြီးများအထိ နားရည်ဝပြီးသော
နှုတ်အသားကျနေသော တရားတော်ဖြစ်၏။

ဤသို့ဆိုလေက
ထေရဝါဒ ဗုဒ္ဓဘာသာဝင် ကလေးသူငယ်မှ စ၍
အိုမင်းသော လူကြီးများအထိ နားရည်ဝပြီးသော
နှုတ်အသားကျနေသော တရားတော်အကြောင်းကို
အထူးအထွေ ရေးသားဖို့ လိုအပ်ပါသေးသလောဟု
မေးခွန်း မေးစရာရှိလာပေမည်။

ဤအမေးကို အပွင့်လင်းဆုံးဖြေဆိုရပါက
ယနေ့ခေတ် အခါသမယတွင် မြတ်စွါဘုရား၏
တရားတော်များကို ခုတုံးလုပ် လိုရာဆွဲယူ၍
လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်စေရန်
လှုံ့ဆော် သွေးထိုး ပြုလုပ်လာကြသော ရဟန်း ရှင် လူများကြောင့်
မြတ်ဘုရားဟောကြား မင်္ဂလာတရားတို့အား
တိကျသေချာစွါ သိရှိရန်လိုအပ်၍  မြတ်ဗုဒ္ဓအလိုကျ
မင်္ဂလာအဝဝ အား အစွန်းရောက်မှုများ ရှောင်ရှား၍
အမှန်ကို အမှန်အတိုင်း ရေးသားရန်  အထူးလိုအပ်ပါသည်ဟု
ပြောရပေမည်။        🔵 🔵 🔵

⃣ (၂) ⃣

မြတ်စွါဘုရား ဟောကြားသော တရားတော်သည်
ပွင့်လင်းသော်သာ တင့်တယ်၏။ဖုံးကွယ်သော် မတင့်တယ်
ဆိုပြီးဟောကြားထားတာဟာလည်း အောက်ပါ ပဋိစ္ဆန္နသုတ် မှာ
ဖတ်ကြည့်ရင် အလွန်ထင်ရှား၏။

တိပိဋက >>> သုတ္တန်ပိဋက >>>
(၃) အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ် ပါဠိတော် >>>
တိကနိပါက် ကုသိနာရဝဂ် >>> (၉) ပဋိစ္ဆန္နသုတ် >>>

ရဟန်းတို့ လဝန်းသည် ပွင့်လင်းသော်သာ
တင့်တယ်ကုန်၏။ ဖုံးကွယ်သော် မတင့်တယ်။

ရဟန်းတို့ နေဝန်းသည်  ပွင့်လင်းသော်သာ
တင့်တယ်၏။ ဖုံးကွယ်သော် မတင့်တယ်။

ရဟန်းတို့ မြတ်စွါဘုရား ဟောကြားသော တရားတော်သည်
ပွင့်လင်းသော်သာ တင့်တယ်၏။ဖုံးကွယ်သော် မတင့်တယ်။

ရဟန်းတို့  ဤသုံးမျိုးတို့သည် ပွင့်လင်းကုန်သော်သာ
တင့်တယ်ကုန်၏။ဖုံးကွယ်ကုန်သော် မတင့်တယ်ကုန်။ " 🔵 🔵 🔵

⃣ (၃) ⃣

___________________________________

တိပိဋက >>> သုတ္တန်ပိဋက >>>
ခုဒ္ဒကနိကာယ် >>> သုတ္တနိပါတ်ပါဠိတော် >>>
(၂) စူဠဝဂ် >>> (၄) မင်္ဂလသုတ် >>>

[၂] ''ပတိရူပဒေသဝါသော စ၊ ပုဗ္ဗေ စ ကတပုညတာ။
အတ္တသမ္မာပဏိဓိစ၊ ဧတံ မင်္ဂလမုတ္တမံ။ "
______________________________________

သင့်လျော် လျောက်ပတ်သောအရပ်၌ နေရခြင်းလည်းကောင်း၊
ရှေးဘဝကပြုခဲ့သော ကုသိုလ်ကောင်းမှုရှိသူ ဖြစ်ခြင်းလည်းကောင်း၊
မိမိ (ကိုယ်စိတ်) ကို ကောင်းစွာထားခြင်းလည်းကောင်း
ဤတရားသုံးပါးသည် မြင့် မြတ်သော မင်္ဂလာတရားတည်း။
______________________________________
⃣#သင့်တင့်လျောက်ပတ်သော_အရပ်ဒေသ၌နေထိုင်ခြင်း

🔵 သင့်တင့်လျောက်ပတ်သောအရပ်ဒေသကို မှီ၍
        ဘီလုံးငှက်ငယ် ချမ်းသာရာရပုံ

သင့်တင့်လျောက်ပတ်သော အရပ်ဒေသ၌
နေထိုင်ခြင်းသည် မင်္ဂလာဖြစ်ကြောင်းကို ဘုရားရှင်ဟောကြားသော
သကုဏဂ္ဃိဇာတ် တွင် မှတ်သားဆင်ခြင်ဖွယ် မြင်တွေ့ရပါသည်။

ဤဇာတ်တော်၌ မိမိကျင်လည်နေထိုင်ရာ သင့်တော်သောအရပ်တွင်
နေထိုင်သဖြင့် ဘီလုံးငှက်ချမ်းသာရာရပုံနှင့် မိမိအင်အားကြီးမား
မှုအပေါ် မာန်မာနဝင့်ကြွား၍ သူတပါးအရပ် ကျက်စားရာ၌
မဆင်မခြင်ပြုမူသော သိန်းငှက်၏ ပျက်စီးရပုံတို့်ုကို
သင်ခန်းစာယူဖွယ် တွေ့ရလေ၏။

ဒုကနိပါတ် >>> သန္ထဝဝဂ် >>>
သကုဏဂ္ဃိဇာတ် တွင်  >>>

    
ရဟန်းတို့အား သတိပဋ္ဌာန်တရား ပွားများစေလို၍
အတိတ် ဇာတ်ကြောင်းကို ဘုရားရှင် ဟောတော်မူရာ၌
ဘီလုံးငှက် တကောင်ကို သိန်းငှက်သည် ရုတ်တရက် ပျံဆင်းလာပြီး 
ထိုးသုတ်၍ ယူဆောင်သွားသည်။ ဘီလုံးငှက် ခမျာ
ငါသည် သူတစ်ပါး နေရာသို့ လာရောက်ကျက်စားမိခဲ့၍သာ
ယခုလို သိန်းငှက် ဖမ်းယူနိုင်ခြင်း ဖြစ်သည်။ ငါ့နေရာဌာနတွင်သာဆိုလျှင်
သိန်းငှက် သည် ယခုကဲ့သို့ ထိုးသုတ်နိုင်လိမ့်မည် မဟုတ်ဟု
ပြောဆို ငိုကြွေးရင်း သိန်းငှက် ယူဆောင်ရာသို့ ပါလာခဲ့သည်။

ထိုအခါ သိန်းငှက်သည် ဘီးလုံးငှက်၏ မူလနေရာကို မေး၍
သင့်နေရာတွင် နေချေ။ ထိုနေရာတွင်လည်း သင်သည် ငါ့လက်မှ
မလွတ်နိုင်ဟု ဆိုသည်။

ဘီလုံးငှက်လည်း သူ့နေရာသို့ ပြန်ဆင်းကာ ကြီးစွာသော
မြေစိုင်ခဲကြီး တစ်ခုပေါ်တွင် ရပ်တည်၍ သိန်းငှက် ကို
ဝင့်ကြွားစွါဖြင့် လာခဲ့လော့ဟု စိန်ခေါ်လေတော့သည်။
သိန်းငှက်သည် သုတ်ချီ ရန် ထိုးဆင်းလာခဲ့ရာ ဘီလုံးငှက်က
မြေစာတုံးများအောက်တွင် ဝင်ခိုနေလိုက်သည်။
ထိုအခါ မြေစိုင်ခဲနှင့် သိန်းငှက် အရှိန်ပြင်းစွာ တိုက်မိပြီး
သိန်းငှက် ရင်ကွဲ၍ သေဆုံးရလေတော့သည်။🔵 🔵 🔵
    
⃣ (၄) ⃣

🔵#မသင့်တော်သောနေရာ၌ကျက်စား၍ မလိမ္မာသော မျောက်တို့ပျက်စီးရပုံ

မသင့်တော်သောနေရာ၌ကျက်စား၍ ပျက်စီးရပုံကိုလည်း
အောက်ဖော်ပြပါ မက္ကဋသုတ်တွင် မလိမ္မာသော
မျောက်တို့ ပျက်စီးရပုံကို ကြည့်ရှုဆင်ခြင်၍
သိနိုင်ပေသည်။

တိပိဋက >>> သုတ္တန်ပိဋက >>> မဟာဝဂ္ဂသံယုတ်ပါဠိတော်  >>> 
(၃).သတိပဋ္ဌာနသံယုတ် >>> (၁) အမ္ဗပါဠိဝဂ် >>>
(၇) မက္ကဋသုတ် >>>

ရဟန်းတို့ ဟိမဝန္တာတောင်မင်း၏ သွားရန် ခက်ခဲ၍
မညီညွတ်ကုန်သောအရပ်တို့်၌ မုဆိုးတို့သည် မျောက်တို့ကို
သတ်ဖြတ်ဖျက်ဆီးရန် မျောက်တို့ သွားလာရာ လမ်းတို့၌
မျောက်နှဲစေးကို ထောင်ကုန်၏။

ရဟန်းတို့ ထိုဟိမဝန္တာတောင်၌ မိုက်သော သဘောမရှိ
လျှပ်ပေါ်သော သဘောမရှိကုန်သော လိမ္မာသော မျောက်တို့သည်
ထိုအရပ်၌ မျောက်နှဲစေးကို မြင်ကုန်သည်ရှိသော် ဝေးစွာ ရှောင်ဖဲကုန်၏၊

မိုက်သောသဘော လျှပ်ပေါ်သော သဘောရှိသော
မလိမ္မာသော မျောက်သည်ကား ထိုမျောက်နှဲစေးရှိရာသို့
ချဉ်းကပ်၍ လက်ဖြင့်ကိုင်ယူ၏၊ ထိုလက်သည် ထိုမျောက်နှဲစေး၌ ကပ်ငြိ၏။

”လက်ကို လွတ်စေအံ့”ဟု ဒုတိယလက်ဖြင့်ကိုင်ယူ ပြန်၏၊
ထိုဒုတိယလက်သည် ထိုမျောက်နှဲစေး၌ ကပ်ငြိပြန်၏။
”လက်နှစ်ဖက်တို့ကိုလွတ်စေအံ့”ဟု ခြေဖြင့် ကိုင်ယူပြန်၏၊
ထိုခြေသည် ထိုမျောက်နှဲစေး၌ ကပ်ငြိပြန်၏။
”လက်နှစ်ဖက်တို့ကိုလည်းကောင်း၊ ခြေကို လည်းကောင်း
လွတ်စေအံ့”ဟု ဒုတိယခြေဖြင့် ကိုင်ယူပြန်၏၊ ထိုဒုတိယခြေသည်
ထိုမျောက်နှဲစေး၌ ကပ်ငြိ ပြန်၏။ ”လက်နှစ်ဖက်တို့ကိုလည်းကောင်း၊ ခြေနှစ်ဖက်တို့ကိုလည်းကောင်း လွတ်စေအံ့”ဟု နှုတ်သီးဖြင့် ကိုင်ယူပြန်၏၊ ထိုနှုတ်သီးသည်ထိုမျောက်နှဲစေး၌ ကပ်ငြိပြန်၏။

ရဟန်းတို့ ဤသို့လျှင် ထိုမျောက်သည် ငါးဌာနတို့၌
နှောင်ဖွဲ့မိသည်ဖြစ်၍သာလျှင် ညည်းတွားလျက် အိပ်ရလေ၏၊
အကျိုးမဲ့ခြင်းသို့ ရောက်ရ လေ၏၊ ပျက်စီးခြင်းသို့ရောက်ရလေ၏၊

မုဆိုး၏ အလိုရှိတိုင်း ပြုလုပ်မှုကို ခံရလေ၏။
ရဟန်းတို့ မုဆိုးသည် ထိုမျောက်ကို (တံစို့) ထိုးလျက်
ထိုအရပ်၌ပင်လျှင် ထင်းမီးကျီး၌ ကင်မြှိုက်၍ အလိုရှိရာ
အရပ်သို့ ဖဲခွာ သွားလေ၏။

ရဟန်းတို့ မကျက်စားသင့်သော သူတစ်ပါးတို့၏ နေရာ
(အရပ်) ၌ ကျက်စားသွားလာသော သူသည်ဤအတူပင် ဖြစ်၏။

ရဟန်းတို့ ထို့ကြောင့် မကျက်စားသင့်သော
သူတစ်ပါးတို့၏ နေရာ (အရပ်) ၌ မကျက်စား မသွားလာကြကုန်လင့်၊
မကျက်စား မသွားလာသင့်သော သူတစ်ပါးတို့၏ နေရာ (အရပ်) ၌ ကျက်စားသူတို့အားကိလေသမာရ်သည် (ဖျက်ဆီးရန်) အခွင့်ကို ရ၏၊

ကိလေသမာရ်သည် (ဖျက်ဆီးရန်) အကြောင်းကို ရ၏၊
ရဟန်းတို့ ရဟန်း၏ မကျက်စားသင့်သော သူတစ်ပါးတို့၏
နေရာအရပ်ကား အဘယ်နည်း၊ ဤကာမဂုဏ်ငါးပါးတို့ပင်တည်း။ 🔵 🔵 🔵

⃣ (၅) ⃣

🔵#မိမိ (ကိုယ်စိတ်) ကို ကောင်းစွာထားခြင်း

ဘုရားရှင်သည် သတ္တဝါများအား မဟာကရုဏာတော်ဖြင့်
မိမိတို့၏ ကိုယ် နှုတ် စိတ် သုံးပါးစလုံးအား မကောင်းမှုမှ
ရှောင်ကြဉ်ရန် အလိုရှိတော်မူပေသည်။ထို့ကြောင့်လည်း
ဥပါလိသုတ်တွင် ကံသုံးပါး၌ မနောကံသည် အပြစ်ကြီးဆုံး
ဖြစ်ကြောင်း ဟောကြားထားသည်ကို အောက်ပါအတိုင်း
တွေ့မြင်နိုင်ပေ၏။

#မနောကံ_အပြစ်အကြီးဆုံးဟု_ဘုရားရှင်_ပညတ်ပုံ

တိပိဋက >>> သုတ္တန်ပိဋက နိကာယ်ငါးရပ်>>>
မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသ ပါဠိတော် >>>
(၁) ဂဟပတိဝဂ် >>> ဥပါလိသုတ် >>>

ငါ့သျှင်ဂေါတမ ဤသို့ ကွဲပြားထူးခြားကုန်သော
ဤကံသုံးပါးတို့တွင် မကောင်းမှု ပြုခြင်း၌မကောင်းမှုဖြစ်ခြင်း၌
အဘယ်ကံကို အပြစ်အကြီးဆုံးဟူ၍ သင် ပညတ်ပါသနည်း၊
ကာယကံကိုလော၊့ သို့မဟုတ် ဝစီကံကိုလော၊
သို့မဟုတ် မနောကံကိုလောဟု (လျှောက်၏)။

တပဿီ ဤသို့ ကွဲပြားထူးခြားကုန်သော
ဤကံသုံးပါးတို့တွင် မကောင်းမှု ပြုခြင်း၌ မကောင်းမှုဖြစ်ခြင်း၌
မနောကံကို အပြစ်အကြီးဆုံးဟု ငါဘုရား ပညတ်၏၊
ကာယကံနှင့် ဝစီကံကို ထိုကဲ့သို့ မပညတ်ဟု (မိန့်တော်မူ၏)။

ငါ့သျှင်ဂေါတမ ”မနောကံတည်း”ဟု ဆိုသလော။
တပဿီ ”မနောကံတည်း”ဟု ဆို၏။
ငါ့သျှင်ဂေါတမ ”မနောကံတည်း”ဟု ဆိုသလော။
တပဿီ ”မနောကံတည်း”ဟု ဆို၏။
ငါ့သျှင်ဂေါတမ”မနောကံတည်း”ဟု ဆိုသလော။
တပဿီ ”မနောကံတည်း”ဟု ဆို၏ဟု (မိန့်တော်မူ၏)။ 🔵 🔵 🔵

⃣ (၆) ⃣

____________________________________________

ဤမျှဖြင့် စာရှုသူအနေနှင့်
___________________________________

''ပတိရူပဒေသဝါသော စ၊ ပုဗ္ဗေ စ ကတပုညတာ။
အတ္တသမ္မာပဏိဓိစ၊ ဧတံ မင်္ဂလမုတ္တမံ။ "
________________________________________

သင့်လျော် လျောက်ပတ်သောအရပ်၌ နေရခြင်းလည်းကောင်း၊
ရှေးဘဝကပြုခဲ့သော ကုသိုလ်ကောင်းမှုရှိသူ ဖြစ်ခြင်းလည်းကောင်း၊
မိမိ (ကိုယ်စိတ်) ကို ကောင်းစွာထားခြင်းလည်းကောင်း
ဤတရားသုံးပါးသည် မြင့် မြတ်သော မင်္ဂလာတရားတည်းဆိုသည်အား
ထိုက်သင့်သလောက် သိမြင်လောက်ပြီဟု မျှော်လင့်ရင်း
" မြတ်ဗုဒ္ဓဟောကြား မင်္ဂလာတရား "  အမှတ်စဉ် (၂) ကို
နိဂုံး ချုပ်လိုက်ရပေတော့သည်။🔵 🔵 🔵

                         မောင်သုခ
                          (26- May-2017)

credit photo.org uploader

မြတ်ဗုဒ္ဓဟောကြား မင်္ဂလာတရား ⃣(၁)⃣

⃣ မြတ်ဗုဒ္ဓဟောကြား_မင်္ဂလာတရား  ⃣(၁)⃣

🔵 (၁) 🔵
{ သူမိုက်တို့ကို မမှီဝဲ မဆည်းကပ်ရခြင်း၊ ပညာ ရှိတို့ကိုမှီဝဲ ဆည်းကပ်ရခြင်း၊ ပူဇော်ထိုက်သူတို့ကို ပူဇော်ရခြင်း… }🔵

⃣ (၁) ⃣

မြတ်ဗုဒ္ဓဟောကြား မင်္ဂလာတရားတော်မြတ်သည်
ထေရဝါဒ ဗုဒ္ဓဘာသာဝင် ကလေးသူငယ်မှ စ၍
အိုမင်းသော လူကြီးများအထိ နားရည်ဝပြီးသော
နှုတ်အသားကျနေသော တရားတော်ဖြစ်၏။

ဤသို့ဆိုလေက
ထေရဝါဒ ဗုဒ္ဓဘာသာဝင် ကလေးသူငယ်မှ စ၍
အိုမင်းသော လူကြီးများအထိ နားရည်ဝပြီးသော
နှုတ်အသားကျနေသော တရားတော်အကြောင်းကို
အထူးအထွေ ရေးသားဖို့ လိုအပ်ပါသေးသလောဟု
မေးခွန်း မေးစရာရှိလာပေမည်။

ဤအမေးကို အပွင့်လင်းဆုံးဖြေဆိုရပါက
ယနေ့ခေတ် အခါသမယတွင် မြတ်စွါဘုရား၏
တရားတော်များကို ခုတုံးလုပ် လိုရာဆွဲယူ၍
လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်စေရန်
လှုံ့ဆော် သွေးထိုး ပြုလုပ်လာကြသော ရဟန်း ရှင် လူများကြောင့်
မြတ်ဘုရားဟောကြား မင်္ဂလာတရားတို့အား
တိကျသေချာစွါ သိရှိရန်လိုအပ်၍  မြတ်ဗုဒ္ဓအလိုကျ
မင်္ဂလာအဝဝ အား အစွန်းရောက်မှုများ ရှောင်ရှား၍
အမှန်ကို အမှန်အတိုင်း ရေးသားရန်  အထူးလိုအပ်ပါသည်ဟု
ပြောရပေမည်။        🔵 🔵 🔵

⃣ (၂) ⃣

မြတ်စွါဘုရား ဟောကြားသော တရားတော်သည်
ပွင့်လင်းသော်သာ တင့်တယ်၏။ဖုံးကွယ်သော် မတင့်တယ်
ဆိုပြီးဟောကြားထားတာဟာလည်း အောက်ပါအတိုင်း
အလွန်ထင်ရှား၏။

တိပိဋက >>> သုတ္တန်ပိဋက >>>
(၃) အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ် ပါဠိတော် >>>
တိကနိပါက် ကုသိနာရဝဂ် >>> (၉) ပဋိစ္ဆန္နသုတ် >>>

''တီဏိမာနိ၊ ဘိက္ခဝေ၊ ဝိဝဋာနိ ဝိရောစန္တိ၊ နော ပဋိစ္ဆန္နာနိ။ ကတမာနိ တီဏိ? စန္ဒမဏ္ဍလံ၊ ဘိက္ခဝေ၊ ဝိဝဋံ ဝိရောစတိ၊ နော ပဋိစ္ဆန္နံ၊ သူရိယမဏ္ဍလံ၊ ဘိက္ခဝေ၊ ဝိဝဋံ ဝိရောစတိ၊ နော ပဋိစ္ဆန္နံ၊ တထာဂတပ္ပဝေဒိတော ဓမ္မဝိနယော၊ ဘိက္ခဝေ၊ ဝိဝဋော ဝိရောစတိ၊ နော ပဋိစ္ဆန္နော။ ဣမာနိ ခေါ၊ ဘိက္ခဝေ၊ တီဏိ ဝိဝဋာနိ ဝိရောစန္တိ၊ နော ပဋိစ္ဆန္နာနီ''တိ။

" ရဟန်းတို့  ဤသုံးမျိုးတို့သည် ပွင့်လင်းကုန်သော်သာ
တင့်တယ်ကုန်၏။ဖုံးကွယ်ကုန်သော် မတင့်တယ်ကုန်။
အဘယ်သုံးမျိုးတို့နည်း ဟူမူ >>>

ရဟန်းတို့ လဝန်းသည် ပွင့်လင်းသော်သာ တင့်တယ်ကုန်၏။
ဖုံးကွယ်သော် မတင့်တယ်။ရဟန်းတို့ နေဝန်းသည်
ပွင့်လင်းသော်သာ တင့်တယ်၏။
ဖုံးကွယ်သော် မတင့်တယ်။ရဟန်းတို့ မြတ်စွါဘုရား
ဟောကြားသော တရားတော်သည် ပွင့်လင်းသော်သာ
တင့်တယ်၏။ဖုံးကွယ်သော် မတင့်တယ်။
ရဟန်းတို့  ဤသုံးမျိုးတို့သည် ပွင့်လင်းကုန်သော်သာ
တင့်တယ်ကုန်၏။ဖုံးကွယ်ကုန်သော် မတင့်တယ်ကုန်။ " 🔵 🔵 🔵

⃣  (၃) ⃣

မြတ်ဗုဒ္ဓဟောကြား မင်္ဂလာတရားတော်မြတ် နိဒါန်း
ကနဦးအစတွင် သူမိုက်တို့ကို မမှီဝဲ မဆည်းကပ်ရခြင်းလည်းကောင်း၊ ပညာ ရှိတို့ကိုမှီဝဲဆည်းကပ်ရခြင်းလည်းကောင်း၊ ပူဇော်ထိုက်သူတို့ကို
ပူဇော်ရခြင်းလည်းကောင်း၊ ဤတရားသုံးပါးသည် မြင့်မြတ်သော
မင်္ဂလာတရားတည်းဟူ၍  စတင်ဟောကြားတော်မူထားသဖြင့်
ဤ အပိုဒ်က စတင်၍ ရေးသားရပေမည်။

___________________________________

တိပိဋက >>> သုတ္တန်ပိဋက >>>
ခုဒ္ဒကနိကာယ် >>> သုတ္တနိပါတ်ပါဠိတော် >>>
(၂) စူဠဝဂ် >>> (၄) မင်္ဂလသုတ် >>>

[၁] ''အသေဝနာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေဝနာ။
ပူဇာ စ ပူဇနေယျာနံ ဧတံ မင်္ဂလမုတ္တမံ။ "
_____________________________________

သူမိုက်တို့ကို မမှီဝဲ မဆည်းကပ်ရခြင်းလည်းကောင်း၊ ပညာ ရှိတို့ကိုမှီဝဲဆည်းကပ်ရခြင်းလည်းကောင်း၊ ပူဇော်ထိုက်သူတို့ကို ပူဇော်ရခြင်းလည်းကောင်း၊ ဤတရားသုံးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။

____________________________________

ဤတွင် မြတ်ဗုဒ္ဓဟောကြားသော လူမိုက်နှင့် ပညာရှိ
အဓိပ္ပါယ် များအား တိကျသေချာစွါ သိထားရပေမည်။
ဤသို့ မဟုတ်လေက မိမိဘာသာမှ တပါး အခြားသောဘာသာဝင်များနှင့်
ဘာသာမဲ့များ အားလုံးကို လူမိုက်များအလား ထင်ယောင်ထင်မှားဖြစ်စေသော
မှိုင်းတိုက်မှုများကို နားယောင်သွားစေနိုင်သည်အား
တွေ့မြင်ရသည့်အတွက် ဖြစ်ပေသည်။

အထူးသဖြင့် လတ်တလော တွေ့မြင်ရသည်မှာ
လူမိုက်ကိုရှောင်ရန် ဘုရားဟောဟုဆိုကာ
" အသေဝနာ စ ဗာလာနံ "နေရာတွင် အပြစ်မဲ့သော
အစ္စလာမ်လူမျိုးများကို အစားထိုး ဟောပြော အစွန်းရောက်
သွေးထိုးမှုများ ပြုမူလာသည်ကို မြင်တွေ့ရသောကြောင့်ဖြစ်၏။

ဘုရားရှင်ဟောကြားသည်ကို မဟောကြားဟုလည်းကောင်း
မဟောကြားသည်ကိုဟောကြားသည်ဟု လည်းကောင်း
ဤသို့ပြောဆိုသူသည် အဓမ္မဝါဒ (၁၈) ပါးအတွင်း
အကျုံးဝင်သောကြောင့် သင်္ကန်းဝတ်ရဟန်းပင်ဖြစ်စေ
လူပုဂ္ဂိုလ်ပင် ဖြစ်စေ မည်သူပင်ဖြစ်စေ အဓမ္မဝါဒီ ဟု
ဆိုရပေမည်။

မြတ်စွါဘုရားရှင်သည် လူမိုက်နှင့် ပညာရှိကို ဘာသာအယူဝါဒဖြင့်
ခွဲခြား ဟောကြားခြင်း မပြုခဲ့။ ထိုသူ၏ ကိုယ်အမှု နှုတ်အမှု
စိတ်အမှုကို အခြေထား၍ သာ လူမိုက်နှင့် ပညာရှိ ကို
ခွဲခြား ဟောကြားခဲ့ပေသည်။ 

🔵 🔵 🔵

⃣  (၄) ⃣

#လူမိုက်

လူမိုက်နှင့် ပက်သက်၍ မြတ်စွါဘုရားရှင်
ဟောကြားတော်မူခဲ့သော မှတ်သားဖွယ်ရာများကို
လက်လှမ်းမှီသလောက် ဖော်ပြပါမည်။ (ဖြည့်စွက်ရန်)
_______________________________________

"လူမိုက် နှစ်မျိုး "

တိပိဋက >>> သုတ္တန်ပိဋက >>>
အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် >>>
ဒုကနိပါတ် >>> (၃) ဗာလဝဂ်  >>>

ရဟန်းတို့ လူမိုက်တို့သည် ဤနှစ်မျိုး တို့တည်း။
အဘယ် နှစ်မျိုး တို့နည်း ဟူမူ- မိမိ၏ အပြစ်ကို အပြစ်ဟု မရှုသောသူ၎င်း တောင်းပန်ဝန်ချသူ၏ အပြစ်ကို တရားသဘောအတိုင်း လက်မခံ
သော သူ၎င်းတို့တည်း။ ရဟန်းတို့ လူမိုက်တို့သည် ဤနှစ်မျိုးတို့ပေတည်း။
__________________________________________

" လူမိုက်တို့ ငြင်းခုန်တတ်ပုံ "

တိပိဋက >>> သုတ္တန်ပိဋက >>>
ခုဒ္ဒကနိကာယ် >>> ဓမ္မပဒ ပါဠိတော် >>>
(၁) ယမကဝဂ် >>> (၅) ကောသမ္ဗကဝတ္ထု >>>

ဤလောက၌ လူမိုက်တို့သည် ငါတို့ သေကြလိမ့်မည်ဟု
မသိကြကုန်။ ထိုမသိမှုကြောင့် ခိုက်ရန်ငြင်းခုံမှုတို့သည်
မပြေငြိမ်းနိုင်ကုန်။ ဤလောက၌ ပညာရှိသူတို့သည်
ငါတို့ သေကြလိမ့်မည်ဟု သိကြကုန်၏။ ထိုသိမှုကြောင့်
ခိုက်ရန်ငြင်းခုံမှုတို့သည် ပြေငြိမ်းနိုင်ကုန်၏။
______________________________________

" လူမိုက်တို့ အထင် "

(၃)အာနန္ဒသေဋ္ဌိဝတ္ထု

လူမိုက်သည် ငါ့အား သားသမီးတို့ ရှိကုန်၏။
ဥစ္စာတို့သည်လည်း ရှိကုန်၏ဟု (စွဲလမ်းမှုတဏှာဖြင့်) ဆင်းရဲပင်ပန်းရ၏။
အမှန်သော်ကား မိမိအား အတ္တသည်လည်း မရှိပါဘဲလျက်
အဘယ်မှာ သားသမီးရှိအံ့နည်း? အဘယ်မှာလျှင် ဥစ္စာ ရှိပါအံ့နည်း။

(၄-) ဂဏ္ဌိဘေဒကစောရဝတ္ထု

မိုက်သောသူသည် မိမိမိုက်သည့် အဖြစ်ကို သိ၏။
ထိုသိမှုကြောင့် ပညာရှိ ဖြစ်နိုင်သေး၏။ မိုက်သောသူသည် ငါပညာရှိဟု
မိမိကိုယ်ကို ထင်မှတ်နေပါမူကား ထိုသူကို စင်စစ်
လူမိုက်ဟူ၍ ဆိုအပ်၏။

______________________________________

⃣  (၅) ⃣

အထက်ပါအတိုင်း မြတ်စွါဘုရားရှင် ဟောကြား
တော်မူခဲ့သည့် အထူးထူး အပြားပြားသော
လူမိုက်များကို သုံးသပ်ဆင်ခြင်ကြည့်ပါက
လူမိုက်ဟူသည်မှာ ဘာသာအယူဝါဒ အပေါ်
မူတည်သည်မဟုတ်ပေ။ အဝတ်အစား အပေါ်မူတည်သည်လည်း
မဟုတ်ပေ။ သင်္ကန်းဝတ်ရဟန်းသည် (လူမိုက်) ရဟန်းမိုက်
ဖြစ်သွားနိုင်သကဲ့သို့ ဗုဒ္ဓဘာသာဝင် တယောက်သည်လည်း
လုမိုက်ဖြစ်သွားနိုင်၏။ယုတ်စွ အဆုံး လူသားတိုင်းသည်
လူမိုက်နှင့် ပက်သက်သော အနေအထိုင် အပြောအဆို
အကျင့်အကြံ နှင့် ပြည့်စုံပါက ထိုသူသည်
လူမိုက်ဖြစ်မှာ ဧကန်ပင်ဖြစ်တော့သည်။

ထို့ကြောင့်  သူမိုက်တို့ကို မမှီဝဲ မဆည်းကပ်ရခြင်း
ဆိုသည်မှာ သူမိုက်တို့၏ အပြောအဆို အနေအထိုင်
အကျင့်အကြံရှိသူ မည်သူကိုမဆို မမှီဝဲ မဆည်းကပ်ဘဲ
ဝေးရာက ရှောင်ရှား၍ ကင်းအောင်နေဟု ဆိုလိုရင်းဖြစ်၏။

သူမိုက်တို့၏ အပြောအဆို အနေအထိုင်
အကျင့်အကြံရှိသူ မှန်လျှင် သင်္ကန်းဝတ်ထားသော
ရဟန်းပင် ဖြစ်စေကာမူ အလားတူ ကင်းအောင်နေ၍
ဝေးရာက ရှောင်ရှားအပ်သည်ဟု မြင်မိလေ၏။

ဤစကားမှန်ကန်ကြောင်း သက်သေပြရန်မှာ
ရဟန်းများထဲတွင်လည်း သူမိုက်ကြန်အင် လက္ခဏာနှင့်
ပြည့်စုံသော ရဟန်းများ ရှိသည်ဆိုသည့် အချက်ပင်ဖြစ်သည်။

လူမိုက်နှင့် ပက်သက်၍ မပြည့်မစုံ ဖြစ်ဟန်ရှိလေက
အောက်တွင် ဖော်ပြလတ္တံ့သော ပညာရှိ ကဏ္ဍတွင်
ဖော်ပြပါ ပညာရှိကြန်အင် လက္ခဏာတို့နှင့် ဆန့်ကျင်ဘက်ကိုလည်း
ဆင်ခြင်ကြည့်က ထင်ရှားပေမည်။  🔵 🔵 🔵
______________________________________

⃣  (၆) ⃣

#ပညာရှိ

ပညာရှိနှင့် ပက်သက်၍လည်း မြတ်စွါဘုရားရှင်
ဟောကြားတော်မူခဲ့သော မှတ်သားဖွယ်ရာများကို
လက်လှမ်းမှီသလောက် ထပ်မံ ဖော်ပြပါမည်။ (ဖြည့်စွက်ရန်)

_____________________________________

" ပညာရှိတို့ အလိုမရှိခြင်းများကို ပြခြင်း "

တိပိဋက >>> သုတ္တန်ပိဋက >>>
ခုဒ္ဒကနိကာယ် >>> ဓမ္မပဒ ပါဠိတော် >>>
(၆)ပဏ္ဍိတဝဂ် >>> (၉)ဓမ္မိကတ္ထေရဝတ္ထု >>>

ပညာရှိမည်သည် မိမိအကြောင်းကြောင့် ဖြစ်စေ၊
သူတစ်ပါးအကြောင်းကြောင့် ဖြစ်စေ (မကောင်းမှုကို မပြု၊)
မကောင်းမှုဖြင့် သားသမီး ဥစ္စာတိုင်းပြည် ကို အလိုမရှိရာ၊
မတရားမှုဖြင့် မိမိ၏ပြည့်စုံမှုကို အလိုမရှိရာ၊ ထိုသို့ သဘောရှိသော
ပုဂ္ဂိုလ်မျိုးသည် သီလရှိသူ ပညာရှိသူ တရားရှိသူ ဖြစ်၏။
_______________________________________

" ပညာရှိ နှစ်မျိုး "

တိပိဋက >>> သုတ္တန်ပိဋက >>>
အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် >>>
ဒုကနိပါတ် >>> (၃) ဗာလဝဂ်  >>>
(၉)ဓမ္မိကတ္ထေရဝတ္ထု >>>

ရဟန်းတို့ ပညာရှိတို့သည်
ဤနှစ်မျိုးတို့တည်း။ အဘယ် နှစ်မျိုး တို့နည်း ဟူမူ- မိမိအပြစ်ကို အပြစ်ဟု
ရှုသောသူ၏၎င်း တောင်းပန် ၀န်ချသူ၏ အပြစ်ကို တရားသဘောအတိုင်း
လက်ခံသောသူ ၎င်းတို့တည်း။ ရဟန်းတို့ ပညာရှိတို့သည်
ဤနှစ်မျိုး တို့ပေတည်း ။
_________________________________________

" ပညာရှိ သုံးမျိုး "

တိပိဋက >>> သုတ္တန်ပိဋက >>>
(၃) အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ် ပါဠိတော် >>>
ပဋ္ဌမပဏ္ဏာသ သုတ်ငါးဆယ် >>> ၁၂ (၂) အာပါယိကဝဂ် >>>
(၁၀) မောနေယျသုတ်  >>>

ရဟန်းတို့ ပညာရှိသူ၏ အဖြစ်တို့သည် ဤသုံးမျိုးတို့တည်း။
အဘယ်သုံးမျိုးတို့နည်းဟူမူ- ကာယဒွါရ၌ ပညာရှိသူ၏ အဖြစ်၊
ဝစီဒွါရ၌ ပညာရှိသူ၏ အဖြစ်၊ မနောဒွါရ၌ ပညာရှိသူ၏ အဖြစ်တို့တည်း။

ရဟန်းတို့ ကာယဒွါရ၌ ပညာရှိသူ၏ အဖြစ်ဟူသည် အဘယ်နည်း၊
ရဟန်းတို့ ဤသာသနာတော်၌ သူ့အသက်သတ်ခြင်းမှ
ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင် ကြဉ်၏၊
မမြတ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်၏။ ရဟန်းတို့ ဤသည်ကို
ကာယဒွါရ၌ ပညာရှိသူ၏ အဖြစ်ဟု ဆိုအပ်၏။

ရဟန်းတို့ ဝစီဒွါရ၌ ပညာရှိသူ၏ အဖြစ်ဟူသည်
အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌
မဟုတ်မမှန် စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊

ကုန်းစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ ကြမ်းတမ်းသော စကားကို
ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ
ရှောင်ကြဉ်၏။ ရဟန်းတို့ ဤသည်ကို ဝစီဒွါရ၌ ပညာရှိသူ၏
အဖြစ်ဟု ဆိုအပ်၏။

ရဟန်းတို့ မနောဒွါရ၌ ပညာရှိသူ၏ အဖြစ်ဟူသည်
အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌
အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါတရားမရှိသော
ကိလေသာမှ လွတ်မြောက် သော ‘အရဟတ္တဖိုလ်’ စိတ်နှင့် ကိလေသာမှ
လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကို မျက်မှောက် ဘဝ၌ပင်
ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေ၏။

ရဟန်းတို့ ဤသည်ကို မနောဒွါရ၌ ပညာရှိသူ၏ အဖြစ်ဟု
ဆိုအပ်၏ဟု (မိန့်တော်မူပြီ)။ ကာယဒွါရ ဝစီဒွါရ မနောဒွါရ၌
ပညာရှိသည် ဖြစ်၍ အာသဝေါတရားမရှိသော ပညာရှိသော
မောနေယျဂုဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို အကုသိုလ်အားလုံးကို
ပယ်ခွါပြီးသော ပုဂ္ဂိုလ်ဟု ဆိုကုန်၏။

____________________________________________

ဤမျှဖြင့် ပညာရှိတို့ သဘောသဘာဝကို
ထိုက်သင့်သလောက် သိလောက်ပြီဟု မြင်မိလေသည်။
သူမိုက်တို့ကို မမှီဝဲ မဆည်းကပ်ရခြင်းလည်းကောင်း၊ ပညာ ရှိတို့ကိုမှီဝဲဆည်းကပ်ရခြင်းလည်းကောင်း၊ အထက်ပါ
ရေးသားထားသော အကြောင်းအရာတို့နှင့် တိုက်ဆိုင်
ဆင်ခြင်ကြည့်လျှင် သိသင့်သလောက် သိရှိနိုင်လေ၏။ 🔵 🔵 🔵

___________________________________________

⃣ (၇)⃣

" ပူဇော်ထိုက်သူကို ပူဇော်ခြင်း "

ပူဇော်ထိုက်သူကို ပူဇော်ခြင်း နှင့်
ပက်သက်၍လည်း မြတ်စွါဘုရားရှင်
ဟောကြားတော်မူခဲ့သော မှတ်သားဖွယ်ရာများကို
လက်လှမ်းမှီသလောက် ထပ်မံ ဖော်ပြပါမည်။ (ဖြည့်စွက်ရန်)
____________________________________

" ဘုရား တရား သံဃာ အမြတ်ဆုံး ဖြစ်၍ ပူဇော်ထိုက်ပုံ "

တိပိဋက >>> သုတ္တန်ပိဋက >>>
ခုဒ္ဒကနိကာယ် >>> သုတ္တနိပါတ်ပါဠိတော် >>>
(၂) စူဠဝဂ် >>> (၁) ရတနသုတ် >>>

ဤလူ့ပြည်၌လည်းကောင်း၊ နဂါးဂဠုန်ပြည်တို့၌လည်းကောင်း
နှစ်သက်ခြင်းကို ဖြစ်စေတတ်သော မွန်မြတ်သော အလုံးစုံသော
အကြင်ရတနာမျိုးသည် ရှိ၏။ မြတ်စွာဘုရားနှင့်တူသော
ထိုရတနာမျိုးသည် မရှိ၊ ဘုရားဟူသော ဤရတနာသည်လည်း
အမြတ်ဆုံးဖြစ်၏။

ကိလေသာကုန်ရာဖြစ်သော ရာဂကင်းရာဖြစ်သော
သေခြင်းကင်းသော မြတ်သော အကြင်နိဗ္ဗာန်ကို တည်ကြည်သော
စိတ်ရှိသော မြတ်ဘုရားသည် ရတော်မူ၏။
ထို (နိဗ္ဗာန်) တရားနှင့်တူသောတစ်စုံတစ်ခုသော
ရတနာမျိုးသည် မရှိ၊ နိဗ္ဗာန် တရားဟူသော ဤရတနာသည်လည်း
အမြတ်ဆုံး ဖြစ်၏။

ဘုရားမြတ်သည် အကြင် (အရဟတ္တမဂ်နှင့်ယှဉ်သော)
သမာဓိကို စင်ကြယ်၏ဟု ချီးမွမ်းတော်မူ၏။ အကြင် (အရဟတ္တမဂ်နှင့်ယှဉ်သော)
သမာဓိကို မိမိအခြားမဲ့၌ အကျိုးပေး၏ဟု (ဘုရားသျှင်တို့) ဟောဆိုကုန်၏။ ထိုအရဟတ္တမဂ်နှင့်ယှဉ်သော သမာဓိနှင့် တူသောတရားမျိုးသည်မရှိ၊
တရားတော်ဟူသော ဤရတနာသည်လည်း အမြတ်ဆုံး ဖြစ်၏။

လေးယောက်အစုံဖြစ်ကုန်သော အကြင် ပုဂ္ဂိုလ်ရှစ်ယောက်တို့ကို
သူတော် ကောင်းတို့သည် ချီးမွမ်းအပ်ကုန်ပြီ၊ မြတ်စွာဘုရား၏
တပည့်ဖြစ်ကုန်သော ထိုပုဂ္ဂိုလ်တို့သည် မြတ်သော
အလှူကို ခံထိုက်ကုန်၏။  ထိုပုဂ္ဂိုလ်တို့၌ လှူအပ်သော
အလှူတို့သည် အကျိုးကြီးကုန်၏။ သံဃာဟူသော
ဤရတနာသည်လည်း အမြတ် ဆုံး ဖြစ်၏။ 🔵 🔵 🔵

____________________________________

⃣ (၈) ⃣

" အမိ အဖ တို့ကို ပူဇော်ထိုက်ပုံ "

တိပိဋက >>> သုတ္တန်ပိဋက >>>
အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် >>>
(၄) ဒေဝဒူတဝဂ် >>> (၁) သဗြဟ္မကသုတ် >>>

ရဟန်းတို့ အကြင် အမျိုးတို့၏ သားသမီးတို့သည် မိမိအိမ်၌
အမိအဖတို့ကို လုပ်ကျွေးပူဇော် အပ်ကုန်၏၊ ထို အမျိုးတို့သည်
”ဗြဟ္မာ”နှင့်တကွ နေသည် မည်ကုန်၏။

ရဟန်းတို့ အကြင် အမျိုးတို့၏ သားသမီးတို့သည်
မိမိအိမ်၌ အမိအဖတို့ကို လုပ်ကျွေးပူဇော်အပ်ကုန်၏၊
ထို အမျိုးတို့သည် ”လက်ဦး ဆရာ” နှင့်တကွ နေသည်မည်ကုန်၏။

ရဟန်းတို့ အကြင် အမျိုးတို့၏ သားသမီးတို့သည်
မိမိအိမ်၌ အမိ့အဖတို့ကို လုပ်ကျွေးပူဇော်အပ်ကုန်၏၊
ထို အမျိုးတို့သည် ”အဝေးမှ ဆောင်ယူလာသော အလှူကို ခံယူ ထိုက်သူ”
နှင့်တကွ နေသည်မည်ကုန်၏။ 🔵 🔵 🔵

_______________________________________

⃣ (၉) ⃣

" ဆရာကို ပူဇော်ထိုက်ပုံ "

တိပိဋက >>> သုတ္တန်ပိဋက >>>
ခုဒ္ဒကနိကာယ် >>> သုတ္တနိပါတ်ပါဠိတော် >>>
(၂) စူဠဝဂ် >>>  (၈)  နာဝါသုတ်  >>>

အကြင်ဆရာထံမှ တရားကို သိရာ၏။ နတ်တို့က သိကြားမင်းကို
ပူဇော်ကုန်သကဲ့သို့ ထိုဆရာကို ပူဇော်ရာ၏။ ပူဇော်ထိုက်သော
အကြားအမြင်များသော ထိုဆရာသည်ထိုပူဇော်သူတပည့်၌
နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ တရားကို ထင်ရှားစွာ ဖော်ပြပေ၏

ထို့ကြောင့် အကြားအမြင်များ၍ ပညာရှိသောသူတော်ကောင်းကို
ဆည်း ကပ်ရာ၏။ အနက်သဘောကို သိ၍ ကျင့်သောသူသည်
လောကုတ္တရာတရားကို သိပြီးဖြစ်ရကား ချမ်းသာကို ရနိုင်၏ဟု
(မိန့်တော်မူ၏)။  🔵 🔵 🔵

____________________________________________

ဤမျှဖြင့်ပင် စာရှုသူအနေနှင့်
___________________________________

''အသေဝနာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေဝနာ။
ပူဇာ စ ပူဇနေယျာနံ ဧတံ မင်္ဂလမုတ္တမံ။ "
____________________________________

သူမိုက်တို့ကို မမှီဝဲ မဆည်းကပ်ရခြင်းလည်းကောင်း၊ ပညာ ရှိတို့ကိုမှီဝဲဆည်းကပ်ရခြင်းလည်းကောင်း၊ ပူဇော်ထိုက်သူတို့ကို
ပူဇော်ရခြင်းလည်းကောင်း၊ ဤတရားသုံးပါးသည် မြင့်မြတ်သော
မင်္ဂလာတရားတည်းဟူသည့် အမှတ်စဉ် (၁) မင်္ဂလာတရားတော်၌
ညွှန်းဆိုသော လူမိုက် ပညာရှိ နှင့် ပူဇော်ထိုက်သူတို့အား
ထိုက်သင့်သလောက် သိမြင်လောက်ပြီဟု မျှော်လင့်ရင်း
" မြတ်ဗုဒ္ဓဟောကြား မင်္ဂလာတရား "  အမှတ်စဉ် (၁) ကို
နိဂုံး ချုပ်လိုက်ရပေတော့သည်။🔵 🔵 🔵

                         မောင်သုခ
                          (22- May-2017)