Saturday, February 25, 2017

ရဟန်းဆိုသည်မှာ

" ရဟန်းဆိုသည်မှာ "

ရဟန်းဆိုသည်မှာ သင်္ကန်းဝတ် ကတုံးတုံးထားရုံဖြင့်
ရဟန်းမဟုတ်သည်ကို (ဘုန်းကြီး မဟုတ်သည်ကို)
ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့ သိကောင်းသိလိမ့်မည်ဟု
မြင်မိပါသည်။ဤသည်မှာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးကိုယ်တိုင်
တိပိဋက >>>  သုတ္တန်ပိဋက >>> မဇ္ဈိမနိကာယ် မူလပဏ္ဍာသပါဠိတော် >>>
(၄) မဟာယမကဝဂ် >>> (၁၀) ခုမြောက် စူဠအဿပုရသုတ်တွင်
ဟောကြားထားခြင်းဖြစ်၏။

ဟောကြားချက်မှာ >>>

" ရဟန်းတို့ ချုပ်စပ်ထားသော အဝတ်ကို ဆောင်သူအား ချုပ်စပ်ထားသော အဝတ်ကိုဆောင်ရုံမျှဖြင့် ရဟန်းအဖြစ်ကို ငါ မဟောပေ။ " ဟူ၏။

"ရဟန်းတို့ ချုပ်စပ်ထားသောအဝတ်ကို ဝတ်ရုံထားသော်လည်း
ဤလောက၌ အချို့သော ရှေးရှုကြံစည်ခြင်းများသူ, ဖျက်ဆီးလိုစိတ်ရှိသူ, အမျက်ထွက်လေ့ရှိသူ, ရန်ငြိုးဖွဲ့ခြင်းရှိသူ, ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်းရှိသူ, ဂုဏ်ပြိုင်ခြင်းရှိသူ, မနာလိုခြင်းရှိသူ, ဝန်တိုခြင်းရှိသူ,
စဉ်းလဲကောက်ကျစ်ခြင်းရှိသူ, လှည့်ပတ်ခြင်းရှိသူ, အလိုဆိုးရှိသူ,
အယူမှားရှိသူတို့ကို ငါတွေ့မြင်နေရသောကြောင့် ချုပ်စပ်ထားသော
အဝတ်ကိုဝတ်ရုံသူအား ချုပ်စပ်ထားသော အဝတ်ကို ဝတ်ရုံခြင်းမျှဖြင့်
ရဟန်းအဖြစ်ကို ငါ မဟောပေ။ "

©©©©©©©©©©©©©©©©©©©©©©©

မျောက်တကောင်ကို ကတုံးတုံး သင်္ကန်းစည်းပေးရုံဖြင့်
ရဟန်းမမည်ပေ။အလားတူပင် ရဟန်းတပါးဖြစ်လာသည်နှင့်
ရဟန်းနှင့် သင့်လျော်သောအကျင့် မသင့်လျော်သောအကျင့်ဟူ၍
ရှိလေသည်။

အဆိုပါ ရဟန်းတပါးဖြစ်လာသည်နှင့်
ရဟန်းနှင့် သင့်လျော်သောအကျင့်
မသင့်လျော်သောအကျင့်တို့အားလည်း
ဘုရားရှင်သည် တိကျစွါ ဟောကြားခဲ့ပြီးဖြစ်၏။

စာရေးသူသည် အကြင်သူအား ရဟန်းဟုတ်ခြင်း
မဟုတ်ခြင်းကို ဝေဖန်မည်ထက် ဗုဒ္ဓဘာသာဝင်တို့
အမြတ်ဆုံးကိုးကွယ်ရာ ဘုရားရတနာ၏ ရဟန်းနှင့်
ပက်သက်သည့် ရဟန်းမည်ထိုက်သည့် ဟောကြားမိန့်မှာတော်
မူချက်တို့ကို သင်္ဂါယနာတင် ပိဋကတ်တော်မှ ကောက်နုတ်ဖော်ပြပါမည်။
ဤသည်တို့အား  နှိုင်းယှဉ်ဆင်ခြင်က ရဟန်းဆိုး ရဟန်းယုတ်
သာသနာဖျက်တို့နှင့် သာသနာပြု ရဟန်း သံဃာ တို့အား
ထိုက်သင့်သလောက်တော့ ကွဲပြားခြားနား ပိုင်းခြား
သိမြင်နိုင်မည်ဟု မျှော်လင့်မိပါသည်။

ဤသည်တို့အား နှိုင်းယှဉ်ဆင်ခြင်က မဂ် ဖိုလ် နိဗ္ဗာန်ကို
ညွှန်ပြတတ်သော ရဟန်းနဲ့ မဂ် ဖိုလ် နိဗ္ဗာန်ကို
ဖျက်ဆီး တတ်သော ရဟန်းတွေကိုလည်း ထိုက်သင့်သလောက်တော့
ကွဲပြား ခြားနား ပိုင်းခြား သိမြင်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။

©©©©©©©©©©©©©©©©©©©©©

(၁)

" ရဟန်း မဟုတ်ဘဲ ရဟန်းဟုဝန်ခံ၍ စက်ဆုပ်ထိုက်
မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ် "

" ရဟန်း မဟုတ်ဘဲ ရဟန်းဟုဝန်ခံ၍ စက်ဆုပ်ထိုက်
မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ် "တို့သည်
လောက၌ ထင်ရှားရှိလေသည်။လျစ်လျူရှုထိုက် မမှီဝဲထိုက် မဆည်းကပ်ထိုက်
မချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်မျိုးသည်လည်း လောက၌
ထင်ရှားရှိလေ၏။မြတ်စွါဘုရားရှင်သည် ဤသို့သော
ရဟန်းမဟုတ်ဘဲ ရဟန်းအမည်ခံသည့် အထက်ပါပုဂ္ဂိုလ်များအကြောင်းကို
တိပိဋက >>>  သုတ္တန်ပိဋက >>> အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ် ပါဠိတော် >>>
တိကနိပါက် (၃) ပုဂ္ဂလဝဂ် >>> (၇) ခုမြောက်>>> ဇိဂုစ္ဆိတဗ္ဗသုတ် တွင်
အောက်ပါအတိုင်း ဟောကြားခဲ့ပါသည်။

တိပိဋက >>>  သုတ္တန်ပိဋက >>> အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ် ပါဠိတော် >>>
တိကနိပါက် (၃) ပုဂ္ဂလဝဂ် >>> (၇) ခုမြောက်>>> ဇိဂုစ္ဆိတဗ္ဗသုတ် >>>

ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။
အဘယ်သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့

(၁) စက်ဆုပ်ထိုက် မမှီဝဲထိုက် မဆည်းကပ်ထိုက်
      မချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်မျိုးရှိ၏။

(၂) ရဟန်းတို့ လျစ်လျူရှုထိုက် မမှီဝဲထိုက် မဆည်းကပ်ထိုက်
      မချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်မျိုးရှိ၏။

ရဟန်းတို့ ဤပုဂ္ဂိုလ်တို့သည် လောက၌ ထင်ရှားရှိကုန်၏။

©©©©©©©©©©©©©©©©©©©©©©

(၁) စက်ဆုပ်ထိုက် မမှီဝဲထိုက် မဆည်းကပ်ထိုက်
      မချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်

ရဟန်းတို့ စက်ဆုပ်ထိုက် မမှီဝဲထိုက် မဆည်းကပ်ထိုက်
မချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊
ရဟန်းတို့ ဤလောက၌ အချို့ သော ပုဂ္ဂိုလ်သည် သီလမရှိ၊
ယုတ်ညံ့သောသဘောရှိ၏၊ မစင်ကြယ်သော အကျင့်ရှိ၏၊
ယုံမှားဖွယ်သော အကျင့်ရှိ၏၊ ဖုံးလွှမ်းအပ်သော အမှုရှိ၏၊

" ရဟန်း မဟုတ်ဘဲလျက် ရဟန်းဟု ဝန်ခံ၏။
မြတ်သော အကျင့် ရှိသူ မဟုတ်ဘဲလျက်
မြတ်သော အကျင့်ရှိသူဟု ဝန်ခံ၏။ "

အတွင်းသဘောပုပ်၏၊ ဖြစ်ပေါ်သော ရာဂ စသည်ဖြင့် စွတ်စို၏၊
ဖြစ်ပေါ်သော ရာဂ စသော အမှိုက်ရှိ၏။

ရဟန်းတို့ ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို စက်ဆုပ်ထိုက်၏၊
မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဉ်းကပ်ထိုက်။ ထိုသို့ဖြစ်ခြင်းသည်
အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ဤသို့သဘောရှိသော ပုဂ္ဂိုလ်ကို
အတုလိုက်ခြင်းသို့ အကယ်၍ မရောက်စေ ကာမူ ”ဤပုဂ္ဂိုလ်သည်
ယုတ်ညံ့သော အဆွေခင်ပွန်းရှိ၏၊ ယုတ်ညံ့သော အပေါင်းအဖော်ရှိ၏၊
ယုတ်ညံ့သော အဆွေခင်ပွန်းသို့ ညွတ်ကိုင်း၏ဟု ထိုမှီဝဲသော
သူ၏ ယုတ်ညံ့သော ကျော်စောသတင်းသည် ပျံ့ နှံ့၍ ထွက်၏။

ရဟန်းတို့ မစင်တွင်းသို့ ကျသော မြွေသည်
ထို ဆယ်သောသူကို အကယ်၍ မကိုက်စေကာမူ
မစင်ဖြင့်မူကား လိမ်းကျံစေနိုင်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင်
ဤသို့သဘောရှိသော ပုဂ္ဂိုလ်အား အတုလိုက်ခြင်းသို့ အကယ်၍
မရောက်စေကာမူ ”ဤပုဂ္ဂိုလ်သည် ယုတ်ညံ့သော အဆွေခင်ပွန်းရှိ၏၊
ယုတ်ညံ့သော အပေါင်းအဖော်ရှိ၏၊ ယုတ်ညံ့သော အဆွေခင်ပွန်းသို့
ညွတ်ကိုင်း၏”ဟု ထိုမှီဝဲသော သူ၏ ယုတ်ညံ့သော ကျော်စောသတင်းသည်
ပျံ့ နှံ့၍ ထွက်၏။ ထို့ကြောင့် ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို
စက်ဆုပ်ထိုက်၏၊ မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဉ်းကပ်ထိုက်။

(၂) လျစ်လျူရှုထိုက် မမှီဝဲထိုက် မဆည်းကပ်ထိုက်
      မချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်

ရဟန်းတို့ လျစ်လျူရှုထိုက် မမှီဝဲထိုက် မဆည်းကပ်ထိုက်
မချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊
ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အမျက်ထွက်တတ်၏၊
ပြင်းစွာပင်ပန်းခြင်း များ၏၊ အနည်းငယ် ပြောဆိုရုံမျှဖြစ်သော်လည်း
ကပ်ငြိတတ်၏၊ အမျက်ထွက်တတ်၏၊ စိတ်နာတတ်၏၊ ခက်ထန်တတ်၏၊ အမျက်ထွက်ခြင်းကိုလည်းကောင်း၊ ပြစ်မှားခြင်းကိုလည်းကောင်း၊ မနှစ်သက်ခြင်းကိုလည်းကောင်း ထင်စွာပြုတတ်၏။

ရဟန်းတို့ အမာဟောင်းသည် သစ်သားစဖြင့်သော်လည်းကောင်း၊ အိုးခြမ်းကွဲဖြင့်သော်လည်းကောင်း ထိခိုက်မိသော် လွန်လွန်ကဲကဲ
(သွေးပြည် အရိအရွဲတို့) ယိုထွက်သကဲ့ သို့၊ လောင်နေဆဲဖြစ်သော
တည်သားမီးစသည် သစ်သားစ ဖြင့်သော်လည်းကောင်း၊
အိုးခြမ်းကွဲဖြင့်သော်လည်းကောင်း ထိခိုက်မိသော် လွန်လွန်ကဲကဲ
ဖြစ်ဖြစ်မြည် သကဲ့သို့၊ မစင်တွင်းသည် သစ်သားစဖြင့်သော်လည်းကောင်း၊ အိုးခြမ်းကွဲဖြင့်သော်လည်းကောင်း ထိခိုက်မိသော် လွန်လွန်ကဲကဲ
မကောင်းသော အနံ့ဖြစ်သကဲ့သို့၊ ရဟန်း တို့ ဤအတူသာလျှင်
ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အမျက်ထွက်တတ်၏၊
ပြင်းစွာ ပင်ပန်းခြင်း များ၏၊ အနည်းငယ် ပြောဆိုရုံမျှဖြစ်သော်လည်း
ကပ်ငြိတတ်၏၊ အမျက်ထွက်တတ်၏၊ စိတ်နာတတ်၏၊ ခက်ထန်တတ်၏၊ အမျက်ထွက်ခြင်းကိုလည်းကောင်း၊ ပြစ်မှားခြင်းကိုလည်းကောင်း၊ မနှစ်သက်ခြင်းကိုလည်းကောင်း ထင်စွာပြုတတ်၏။

ရဟန်းတို့ ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို လျစ်လျူရှုထိုက်၏၊
မမှီ ဝဲထိုက် မဆည်းကပ်ထိုက် မချဉ်းကပ်ထိုက်၊ ထိုသို့ဖြစ်ခြင်းသည်
အဘယ်ကြောင့်နည်း၊ ငါ့ကို ဆဲရေးမူလည်း ဆဲရေးရာ၏၊ ငါ့ကို ခြိမ်းခြောက်မူလည်း ခြိမ်းခြောက်ရာ၏၊ ငါ့ကို အကျိုးမဲ့ပြုမူလည်း ပြုရာ၏။ ထို့ကြောင့် ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို လျစ်လျူရှုထိုက်၏၊ မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဉ်း ကပ်ထိုက်။

ရဟန်းတို့ ဤပုဂ္ဂိုလ်တို့သည် လောက၌ ထင်ရှားရှိကုန်၏။

©©©©©©©©©©©©©©©©©©©©©©

(၂)

" ရဟန်းနှင့် သင့်လျော်သော အကျင့် l ရဟန်း နှင့် မသင့်လျော်သော အကျင့်"

မြတ်စွါဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် "ရဟန်းနှင့် သင့်လျော်သော အကျင့် l
ရဟန်း နှင့် မသင့်လျော်သော အကျင့်" တို့ကို စူဠအဿပုရသုတ် တွင်
အောက်ပါအတိုင်း ထင်ရှားစွါ ဟောကြားခဲ့ပါသည်။

တိပိဋက >>>  သုတ္တန်ပိဋက >>> မဇ္ဈိမနိကာယ် မူလပဏ္ဍာသပါဠိတော် >>>
(၄) မဟာယမကဝဂ် >>> (၁၀) ခုမြောက် စူဠအဿပုရသုတ်>>>

အခါတစ်ပါး၌ မြတ်စွာဘုရားသည် အင်္ဂတိုင်း အဿပုရမည်သော
အင်္ဂမင်းသားတို့၏ နိဂုံး၌သီတင်းသုံးနေတော်မူ၏။
ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ”ရဟန်းတို့” ဟု ခေါ်တော်မူ၏။
ထိုရဟန်းတို့က ”အသျှင်ဘုရား” ဟု မြတ်စွာဘုရားအား
ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည်
ဤသို့ မိန့်တော်မူ၏။

ရဟန်းတို့ လူအပေါင်းက သင်တို့ကို ”ရဟန်း ရဟန်း” ဟု
ကောင်းစွာ သိ၏၊ သင်တို့ကလည်း ”သင်တို့သည် အဘယ်သူတို့နည်း” ဟု
မေးကုန်သော် ”ရဟန်းများဖြစ်ကုန်၏” ဟု ဝန်ခံကုန်၏။

ရဟန်းတို့ ဤသို့ အသမုတ်ခံရသော ဤသို့ ဝန်ခံသော
သင်တို့သည် ”ရဟန်းနှင့် သင့်လျော်သော အကျင့်ကိုကျင့်ကုန်သော် ငါတို့၏ ဤအသမုတ်ခံရခြင်းနှင့် ဝန်ခံခြင်းသည်လည်း အမှန်အဟုတ် ဖြစ်လတ္တံ့၊
ငါတို့သည် အကြင်သူတို့၏ သင်္ကန်း ဆွမ်း အိပ်ရာနေရာကျောင်း သူနာ၏ အထောက်အပံ့ဆေးအဆောက် အဦကို သုံးဆောင်ကုန်၏၊

ထိုသူတို့၏ ငါတို့အပေါ်၌ ထိုပြုလုပ်ခြင်းတို့သည်များသောအကျိုး
များသော အာနိသင်ရှိသည် ဖြစ်ကုန်လတ္တံ့၊ ငါတို့၏
ဤရဟန်းအဖြစ်သည်လည်းမမြုံဘဲ အကျိုးများ၍ တိုးပွားခြင်း
ရှိသည် ဖြစ်လတ္တံ့” ဟု  ဤသို့လျှင် သင်တို့
ကျင့်ကြံ အားထုတ်ရမည်။

ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် ရဟန်းနှင့်
သင့်လျော်သော အကျင့်ကို မကျင့်သနည်း။

ရဟန်းတို့ တစ်ဦးတစ်ယောက်သော ရဟန်းသည်
ရှေးရှုကြံစည်ခြင်းများလျက် ရှေးရှုကြံစည်ခြင်း ‘အဘိဇ္ဈာ’ ကို မပယ်၊ ဖျက်ဆီးလိုသောစိတ်ရှိလျက် ဖျက်ဆီးလိုခြင်း ‘ဗျာပါဒ’ ကို မပယ်၊
အမျက်ထွက် လေ့ရှိလျက် အမျက်ထွက်ခြင်း ‘ကောဓ’ကို မပယ်၊
ရန်ငြိုးဖွဲ့ခြင်းရှိလျက် ရန်ငြိုးဖွဲ့ခြင်း ‘ဥပနာဟ’ ကို မပယ်၊
ဂုဏ်ကျေးဇူးချေဖျက်ခြင်း ရှိလျက် ဂုဏ်ကျေးဇူးချေဖျက်ခြင်း ‘မက္ခ’ ကို မပယ်၊
ဂုဏ်ပြိုင်ခြင်း ရှိလျက် ဂုဏ်ပြိုင်ခြင်း ‘ပဠာသ’ ကို မပယ်၊
မနာလိုခြင်းရှိလျက် မနာလိုခြင်း ‘ဣဿာ’ ကိုမပယ်၊ ဝန်တိုခြင်းရှိလျက်
ဝန်တိုခြင်း ‘မစ္ဆရိယ’ ကို မပယ်၊ စဉ်းလဲကောက်ကျစ်သူဖြစ်လျက်
စဉ်းလဲကောက်ကျစ်ခြင်း ‘သာဌေယျ’ ကို မပယ်၊ လှည့်ပတ်ခြင်းရှိလျက်
လှည့်ပတ်ခြင်း ‘မာယာ’ ကိုမပယ်၊ အလိုဆိုးရှိလျက် အလိုဆိုး
‘ပါပိစ္ဆာ’ ကို မပယ်၊ မှားသောအယူရှိသူဖြစ်လျက် မှားသောအယူ
‘မိစ္ဆာဒိဋ္ဌိ’ ကို မပယ်၊ ရဟန်းတို့ အပါယ်၌ ဖြစ်စေတတ်သည့်
အကြောင်းဖြစ်သော မကောင်းရာဘုံဘဝ၌ခံစား ရခြင်းရှိကုန်သော
ဤရဟန်းအညစ်အကြေး, ဤရဟန်းအပြစ်ဒေါသ,
ဤရဟန်းအမှိုက်တို့ကိုမပယ်ခြင်းကြောင့်
”ရဟန်းနှင့် သင့်လျော်သော အကျင့်ကို မကျင့်” ဟု
ငါ ဟောကြား၏။

ရဟန်းတို့ရေနှင့် သွေးထားသော နှစ်ဖက် အသွားရှိသော
မတဇ (ငှက်သေမှဖြစ်သော) လက်နက်မည်သောလက်နက်မျိုးကို
သားရေအိမ်ဖြင့် ဖုံးလွှမ်းထားသကဲ့သို့ ပိတ်ဆို့ထားသကဲ့သို့ ငါသည် ဤရဟန်း၏ရဟန်းအဖြစ်ကို ထို လက်နက်မျိုးလျှင်
ဥပမာရှိ၏ဟု ဟောကြား၏။

ရဟန်းတို့ ချုပ်စပ်ထားသော အဝတ်ကို ဆောင်သူအား ချုပ်စပ်ထားသော အဝတ်ကိုဆောင်ရုံမျှဖြင့် ရဟန်းအဖြစ်ကို ငါ မဟောပေ။
ရဟန်းတို့ သစ်ပင်ရင်း၌ နေသူအား သစ်ပင်ရင်း၌ နေရုံမျှဖြင့်
ရဟန်းအဖြစ်ကို ငါ မဟောပေ။ ရဟန်းတို့ လွင်တီးခေါင်၌ နေသူအား
လွင်တီးခေါင်၌ နေရုံမျှဖြင့် ရဟန်းအဖြစ်ကို ငါ မဟောပေ။

ရဟန်းတို့ ချုပ်စပ်ထားသောအဝတ်ကို ဝတ်ရုံထားသော်လည်း
ဤလောက၌ အချို့သော ရှေးရှုကြံစည်ခြင်းများသူ, ဖျက်ဆီးလိုစိတ်ရှိသူ, အမျက်ထွက်လေ့ရှိသူ, ရန်ငြိုးဖွဲ့ခြင်းရှိသူ, ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်းရှိသူ, ဂုဏ်ပြိုင်ခြင်းရှိသူ, မနာလိုခြင်းရှိသူ, ဝန်တိုခြင်းရှိသူ, စဉ်းလဲကောက်ကျစ်ခြင်းရှိသူ, လှည့်ပတ်ခြင်းရှိသူ, အလိုဆိုးရှိသူ, အယူမှားရှိသူတို့ကို ငါတွေ့မြင်နေရသောကြောင့် ချုပ်စပ်ထားသော အဝတ်ကိုဝတ်ရုံသူအား ချုပ်စပ်ထားသော အဝတ်ကို
ဝတ်ရုံခြင်းမျှဖြင့် ရဟန်းအဖြစ်ကို ငါ မဟောပေ။

©©©©©©©©©©©©©©©©©©©©©

(၃)

" ရှောင်ကြဉ်ရမည့် ရဟန်း…
အမှိုက်ကဲ့သို့မှုတ်လွှင့်နှင်ထုတ်ရမည့် ရဟန်း…
ယောက်သွား ပုပ်ကဲ့သို့ ဆွဲထုတ်ရမည့်ရဟန်း…
စပါးဖျင်းကဲ့သို့ ရဟန်း…
သံဃာ့ဘောင်မှ မျှောလွှင့်နှင်ထုတ်ရမည့်ရဟန်း…"

သုံးလောက ထွဋ်ထား မြတ်စွါဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်
" ရှောင်ကြဉ်ရမည့် ရဟန်း…
အမှိုက်ကဲ့သို့မှုတ်လွှင့်နှင်ထုတ်ရမည့် ရဟန်း…
ယောက်သွား ပုပ်ကဲ့သို့ ဆွဲထုတ်ရမည့်ရဟန်း…
စပါးဖျင်းကဲ့သို့ ရဟန်း…
သံဃာ့ဘောင်မှ မျှောလွှင့်နှင်ထုတ်ရမည့်ရဟန်း…" အစရှိသည့်
အထူးထူး အပြားပြားသော ရဟန်းဆိုးတို့ကိုလည်း
အောက်ပါအတိုင်း ဓမ္မစရိယသုတ်တွင် တိတိကျကျ
ဟောကြားထားခဲ့ပါသည်။

©©©©©©©©©©©©©©©©©©©©

တိပိဋက >>>  သုတ္တန်ပိဋက >>> ခုဒ္ဒကနိကာယ် သုတ္တနိပါက်ပါဠိတော် >>>
(၂) စူဠဝဂ် >>> (၆) ခုမြောက်>>> ဓမ္မစရိယသုတ် >>>

တရားကျင့်ခြင်းကိုလည်းကောင်း၊ မြတ်သောအကျင့်ကို ကျင့်ခြင်းကိုလည်းကောင်းဤနှစ်ပါးစုံကို မြတ်သော
ဥစ္စာရတနာဟူ၍ ဆိုကုန်၏။

လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ရဟန်းပြုသူ
အကယ်၍ ဖြစ်သော်လည်း ဖြစ်စေ ကာမူ ထိုရဟန်းသည် နှုတ်ကြမ်းသော သဘောရှိသူသူတစ်ပါးတို့ကို ညှဉ်းဆဲခြင်း၌ အလွန်မွေ့လျော်သူ
သားသမင်နှင့် တူသူဖြစ်ခဲ့ပါမူ ထိုရဟန်း၏ အသက်ရှင်နေခြင်းသည်
ယုတ်ညံ့၏။ မိမိ၏ ကိလေသာမြူကို ပွါးစေ၏။

ခိုက်ရန်ဖြစ်ခြင်း၌ မွေ့လျော်သော ရဟန်းသည်
မောဟတရားဖြင့် ဖုံးလွှမ်းသည်ဖြစ်၍ (သူတော်ကောင်းတို့)
ပြောကြားသည်ကိုလည်း မသိနိုင်၊ မြတ်စွာဘုရား
ဟောကြားအပ်သောတရားကိုလည်း မသိနိုင်။

နှစ်-လ-များစွာ ကြာရှိပြီးသော မစင်တွင်းသည်
မစင်ဖြင့် ပြည့်သည်ဖြစ်၍ (ဆေးကြောနိုင်ခဲသည်) ဖြစ်ရာသကဲ့သို့
အကြင်ရဟန်းသည် လည်း ဤဥပမာ သဘောရှိသူ ဖြစ်ငြားအံ့၊ ကိလေသာ အညစ်အကြေးရှိသော ထိုရဟန်းသည် အကုသိုလ်မစင်ဖြင့် ပြည့်သဖြင့် ဆေးကြော၍စင်ကြယ်စေနိုင်ခဲ၏။

ရဟန်းတို့ ကာမဂုဏ်ငါးပါးကိုမှီသော ယုတ်ညံ့သော အလို
ယုတ်ညံ့သော အကြံယုတ်ညံ့သောအကျင့် ‘အာစာရ’
ကျက်စားရာ ‘ဂေါစရ’ ရှိသော ဤသို့ သဘော ရှိသည့် အကြင်ရဟန်းကို
သင်တို့ သိကြကုန်မူ အလုံးစုံသော သင်တို့သည် ညီညွတ်ကြကုန်လျက်
ထိုရဟန်းကို ရှောင် ကြဉ်ကြကုန်လော့၊ အမှိုက်ကဲ့သို့မှုတ်လွှင့်နှင်ထုတ်ကြကုန်လော့၊ ယောက်သွား ပုပ်ကဲ့သို့ ဆွဲထုတ်ကြကုန်လော့။

စပါးဖျင်းကဲ့သို့ ရဟန်းတို့ကို ထိုသံဃာ့ဘောင်မှ မျှောလွှင့်ကြကုန်လော့၊ ရဟန်းမဟုတ်ဘဲငါရဟန်းဟုမှတ်ထင်သော ယုတ်ညံ့သော အလို
ယုတ်ညံ့သော အကြံယုတ်ညံ့သောအကျင့် ‘အာစာရ’
ကျက်စားရာ ‘ဂေါစာရ’ ရှိကုန်သော ရဟန်းတို့ကို နှင်ထုတ်ကြကုန်၍-
စင်ကြယ်သော ရဟန်းတို့သည် စင်ကြယ်သော ရဟန်းတို့နှင့် ရိုသေကျိုး နွံကြကုန်လျက်ပေါင်းသင်းမှုကို ပြုကြကုန်လော့၊ ထို့နောက် ညီညွတ်ကြကုန်
ပညာဉာဏ် ရင့်ကျက်ကြကုန်သည်ဖြစ်၍ဆင်းရဲ၏ အဆုံးကို ပြုကြကုန်လော့ဟု (မိန့်တော်မူ၏)။

©©©©©©©©©©©©©©©©©©©©©©©

(၄)

" မဂ် ဖိုလ် နိဗ္ဗာန် ခရီးကို ဖျက်ဆီး တတ်သော ရဟန်း "

သုံးလောက ထွဋ်ထား မြတ်စွါဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်
အကြင် စုန္ဒသုတ်၌ မဂ် ခရီးကို ဖျက်ဆီး တတ်သော ရဟန်းအား
အောက်ပါအတိုင်း ဟောကြားခဲ့ပါသည်။

တိပိဋက >>>  သုတ္တန်ပိဋက >>> ခုဒ္ဒကနိကာယ် သုတ္တနိပါက်ပါဠိတော် >>>
(၁) ဥရဂဝဂ်ဝဂ် >>> (၅) ခုမြောက်>>> စုန္ဒသုတ် >>>

(ရွှေပန်းထိမ်သည်သား စုန္ဒသည် ဤသို့ လျှောက်၏) –

အသျှင်ဘုရား ပြန့်ပြောသော ပညာရှိသောတရား၏ အရှင်ဖြစ်တော်မူသောတဏှာကင်းတော်မူသော
အခြေနှစ်ချောင်းရှိပုဂ္ဂိုလ်တို့ထက် မြတ်သော ပုဂ္ဂိုလ်ဖြစ် တော်မူသော ဆုံးမတတ်သူတို့တွင်မြတ်တော်မူသော သစ္စာလေးပါးကို
သိတော်မူသော မြတ်စွာဘုရားကို အကျွန်ုပ် မေးလျှောက်လိုပါ၏
-လောက၌ ရဟန်းတို့သည် (အမျိုးအစားအားဖြင့်) အဘယ်မျှ ရှိပါကုန်သနည်း…??? တောင်းပန်ပါ၏။ ထိုအကြောင်းကို အသျှင်ဘုရားဟောတော်မူပါ။

စုန္ဒ (လောက၌) ရဟန်းတို့သည် အမျိုးအစားအားဖြင့် လေးမျိုးရှိကုန်၏။
ငါး ယောက်မြောက်အမျိုးအစား မရှိ၊ မျက်မှောက်မေးအပ်သည်ဖြစ်၍
ထိုရဟန်း လေးမျိုးတို့ကို သင့်အား ထင်ရှားပြုအံ့၊ မဂ်ခရီးဖြင့် အောင်ပြီးသော ရဟန်းလည်းကောင်း မဂ်ခရီးကို ညွှန်ပြတတ်သော ရဟန်းလည်းကောင်း၊ မဂ်ခရီး၌ အသက်ရှင် နေသော ရဟန်းလည်းကောင်း၊ မဂ်ခရီးကို ဖျက်ဆီးတတ်သော ရဟန်းလည်းကောင်း (ဤလေးမျိုးတို့တည်း)။

(ရွှေပန်းထိမ်သည်သား စုန္ဒသည် ဤသို့ လျှောက်ထားပြန်၏ )

မဂ်ခရီးကို ဖျက်ဆီး တတ်သော ရဟန်းကို
အကျွန်ုပ်အား ထင်ရှားပြတော်မူပါ ဘုရား ။

အကြင်သူသည် ကောင်းသောအကျင့်ရှိသူတို့၏ အဝတ်ကို ဝတ်၍
(ရဟန်းတို့၏ အတွင်းသို့) ဝင်၏။ ဒါယကာတို့၏ ကြည်ညိုမှုကို ဖျက်ဆီးတတ်၏။
ကိုယ် နှုတ် နှလုံး ကြမ်းတမ်း၏။ လှည့်ပတ်တတ်၏။

ကိုယ် နှုတ် နှလုံးကို မစောင့် စည်း၊ ဖွဲအဖျင်းနှင့် တူ၏။
ရဟန်းအတုအယောင်အသွင်အပြင်ဖြင့် လှည့်လည် သွားလာ၏။
ထိုသူကို မဂ်ခရီးကို ဖျက်ဆီးတတ်သော ရဟန်းဟူ၍သိအပ်၏။

အိမ်ရာထောင်သူ လူပုဂ္ဂိုလ်ဖြစ်၍ အကြားအမြင်ရှိသော
ပညာရှိသော အကြင်အရိယာတပည့်သည်ဤရဟန်းလေးမျိုးတို့ကိုလည်း
ထိုးထွင်း၍ သိ၏။ ရဟန်းအားလုံးတို့သည် ထိုသို့ (ပါပရဟန်းနှင့်)
တူသော သဘော မရှိကုန်၊ ဤသို့ သိရ၍ ထိုပညာရှိ၏ ယုံကြည်မှု ‘သဒ္ဓါ’သည် ဤမကောင်းသူကို မြင်သောကြောင့် မယုတ်လျော့ပေ၊မှန်၏။

အကြားအမြင်ရှိသော အရိယာသာဝကသည် မဂ်ခရီးကို
မဖျက်ဆီးသောတစ်မျိုးတစ်စားသော ရဟန်းကို မဂ်ခရီးကို
ဖျက်ဆီးသောတစ်မျိုးတစ်စားသော ရဟန်းနှင့် တူသည်ကို
အဘယ့်ကြောင့် ပြုရာအံ့နည်း၊ စင်ကြယ်သော ရဟန်းကို
မစင်ကြယ်သော ရဟန်းနှင့် တူသည်ကို အဘယ့်ကြောင့် ပြုရာအံ့နည်းဟု
(မိန့်တော်မူ၏)။

©©©©©©©©©©©©©©©©©©©©©©©©©

ဤမျှဖြင့်
" ရဟန်း မဟုတ်ဘဲ ရဟန်းဟုဝန်ခံ၍ စက်ဆုပ်ထိုက်
မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ် "တို့အား၎င်း
ရဟန်းနှင့် သင့်လျော်သော အကျင့် l ရဟန်း နှင့် မသင့်လျော်သော အကျင့်
တို့အား ၎င်း  " ရှောင်ကြဉ်ရမည့် ရဟန်း…
အမှိုက်ကဲ့သို့မှုတ်လွှင့်နှင်ထုတ်ရမည့် ရဟန်း…
ယောက်သွား ပုပ်ကဲ့သို့ ဆွဲထုတ်ရမည့်ရဟန်း…
စပါးဖျင်းကဲ့သို့ ရဟန်း… သံဃာ့ဘောင်မှ မျှောလွှင့်နှင်ထုတ်ရမည့်ရဟန်း…"
တို့အား၎င်း  " မဂ် ဖိုလ် နိဗ္ဗာန် ခရီးကို ဖျက်ဆီး တတ်သော ရဟန်း "
တို့အား၎င်း စာရှုသူ သိမြင်လောက်ပြီဟု မှတ်ယူရင်း
ရဟန်း ဆိုသည်မှာ စာစုကို နိဂုံးချုပ်လိုက်ပါတယ်။

                             #မောင်သုခ
                             (26-Feb-2017)

Thursday, February 23, 2017

မြတ်စွါဘုရားရှင် အဆင်းသဏ္ဍာန်

" မြတ်စွါဘုရားရှင် အဆင်းသဏ္ဍာန် "

ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့ အကြားတွင်
မြတ်စွါဘုရားရှင်၏ အဆင်းသဏ္ဍာန်နှင့် ပက်သက်၍
အောက်ပါအတိုင်း မေးခွန်းထုတ်ဖွယ်များ ရှိနေပြီး
ပိဋကတ် ကျမ်းဂန်လာ မြတ်စွါဘုရားရှင်၏ အဆင်းသဏ္ဍာန်ကို
သိရှိထားသင့်သည်ဟု မြင်မိပါသည်။

ဤနေရာတွင် စာရေးသူသည်
မြတ်စွါဘုရားရှင်၏ အဆင်းသဏ္ဍာန်နှင့် ပက်သက်ပြီး
လက်လှမ်းမှီသလောက် ဖော်ပြရာ၌ လက်တွေ့
ယုတ္တိမတန်သည်များနှင့် ဒဏ္ဍာရီဆန်ဆန်
အကြည်ညိုလွန်ကဲမှု အပိုင်းများကို ငြင်းပယ်သူ
ဖြစ်သောကြောင့် ချန်လှပ်ထားခဲ့ပေမည်။

(၁)

ဘုရားရှင်၏ အရပ်တော် အမြင့် …???

(၂)

ဘုရားရှင်သည် ဦးပြည်းကတုံး ဟုတ်/မဟုတ် …???

(၃)

ဘုရားရှင်၏ ဆံတော်သည် ဆံကျစ် ရှိ/ မရှိ ။
ဆံကျစ် ဟုတ် / မဟုတ် ။

(၄)

ဘုရားရှင်သည်
မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေး ရှိ/မရှိ …???

အစရှိသည့် အပိုင်းများကို အဓိကထား
ဖော်ပြပါမည်။

အထက်ပါ အကြောင်းအရာများကို
လတ်တလော ပြောဆို နေကြသည်၌ မြင်ရသည်မှာ
အချို့သောသူတို့သည်လည်း ကျမ်းဂန်အကိုးအကားများဖြင့်
ပြောကြသလို အချို့မှလည်း ကျမ်းလွတ် ဝါးလွတ်
စည်းလွတ် ကမ်းလွတ် ထင်မြင်ပြောဆိုသည်ကိုလည်း
မြင်တွေ့ရပါသည်။

ဤတွင် ကျမ်းဂန် အကိုးအကားနှင့် ပြောကြသည်များကို
အထူးအထွေ ဆိုဖွယ်မရှိဘဲ အခြားဆန့်ကျင်ဘက်များအတွက်မူ
ဤစာကို ရေးရန် တွန်းအားဖြစ်စေခဲ့ပါသည်။

ဤပိုစ့်တွင်  မြတ်စွါဘုရားရှင်၏_ အဆင်းသဏ္ဍာန်
အကြောင်းအရာများနှင့် ပက်သက်၍ လက်လှမ်းမှီသလောက်
ပိဋကတ် ကျမ်းဂန်  အကိုးအကားများနှင့်တကွ
စာရှုသူများကို မျှဝေပါမည်။

မြတ်စွါဘုရားရှင်အကြောင်းကို ပြောဆိုရာတွင်
ဘုရားရှင်သက်တော် ထင်ရှားရှိစဉ်အခါက
အကြောင်းအရာ လူနေမှုဘဝတို့ကို သိရှိရန်အထူး
လိုအပ်ပေသည်။ဤသည်တို့ကို အကောင်းဆုံး
လမ်းပြ ညွှန်ပြနိုင်သည်မှာ ဘုရားရှင်ဟောကြား ဓမ္မတရားများ
ဖြစ်သည့် ပိဋကတ်တော်မှတပါး အခြားမရှိပေ။

ပိဋကတ် အကိုးအကားမပါဘဲ သုံးသပ်ရေးသားချက်များသည်
မည်သို့မျှ အချက်အလက် ခိုင်မာမှု မရှိဘဲ ပုဂ္ဂလိက
အမြင်ဖြင့် ရမ်းသန်းရေးသားချက်များသာ ဖြစ်ပေမည်။

ဒါကို သိသာထင်ရှားအောင် "ထေရဝါဒဆိုတာဘာလဲ"…???
ဆိုတာကို မျှဝေပါ့မယ်။ ထေရဝါဒ ဆိုတာဟာ >>>

👉👉👉
ဒီပဝင် အခန်း(၄) ပါဠိတော်မှာ -

(၇)

ဓုတဝါဒီနမဂ္ဂေါ သော၊ ကဿပေါ ဇိနသာသနေ၊
ဗဟုဿုတာနမာနန္ဒော၊ ဝိနယေ ဥပါလိ ပဏ္ဍတော၊

(၈)

ဒိဗ္ဗစက္ခုမှိ အနုရုဒ္ဓေါ၊ ဝင်္ဂီသော ပဋိဘာနဝါ၊
ပုဏ္ဏော စ ဓမ္မကထိကာနံ၊ ဝိစိတြကထကုမာရကဿပေါ။

(၉)

ဝိဘဇ္ဇမှိ ကစ္စာယနော၊ ကောဋ္ဌိကော ပဋိသမ္ဘိဒါ။
အညေပတ္တိ မဟာထေရာ၊ အဂ္ဂနိက္ခိတ္တိကာ ဗဟူ။

(၁၀)

တေဟိ စညေဟိ ထေရေဟိ၊ ဓမ္မဝိနယသင်္ဂဟော။
ထေရေဟိ ကတသင်္ဂဟော၊ ထေရဝါဒေါတိ ဝုစ္စတိ။

ဒီ ပါဠိတော်တွေရဲ့ အနက်က >>>

(၇)

မြတ်စွာဘုရားသာသနာတော်၌ ဓုတဝါဒီတို့တွင် အတော်ဆုံးဖြစ်သူ အရှင်မဟာကဿပသည်လည်းကောင်း၊ ဗဟုသုတ ပုဂ္ဂိုလ်တို့တွင်
အတော်ဆုံးဖြစ်သူ အရှင်အာနန္ဒာ၊ ဝိနယအရာ၌ ပညာရှိသော အရှင်ဥပါလိသည်လည်းကောင်း၊

(၈)

ဒိဗ္ဗစက္ခုအဘိညာဉ်အရာ၌ အတော်ဆုံးဖြစ်သော
အရှင်အနုရုဒ္ဓါ၊ ပဋိဘာန်ဉာဏ်ထူးလှသော အရှင် ဝင်္ဂီသ၊
ဓမ္မကထိက ပုဂ္ဂိုလ်တို့တွင် အတော်ဆုံးဖြစ်သူ အရှင် ပုဏ္ဏ၊ ဆန်းကြယ်သောတရားစကားကိုပြောဟောတတ်သူ
အရှင်ကုမာရကဿပ သည် လည်းကောင်း၊

(၉)

အကျယ်ခွဲဝေဖြေဆိုရာ၌ အတော်ဆုံးဖြစ်သူ အရှင်မဟာကစ္စည်း၊
ပဋိသမ္ဘိဒါအရာ၌ အတော်ဆုံးဖြစ်သူ အရှင်ကောဠိကသည်
လည်းကောင်း၊ အခြားများစွာသော ဧတဒဂ်အရာ၌ထားခြင်းခံရသူ မထေရ်ကြီးတို့သည်လည်းကောင်း ပါရှိကြကုန်၏။

(၁၀)

အဆိုပါ ထေရ်ကြီးများသည်လည်းကောင်း၊ သူတော်ကောင်းဖြစ်ကြသော
ရဟန်းကိစ္စ ပြီးပြီးသူ အခြားထေရ်ကြီးတို့ သည် လည်းကောင်း
ငါးရာသော ထိုထေရ်တို့သည် စုပေါင်းရွတ်ဆိုခြင်းပြုအပ်သော
ဓမ္မဝိနယသံဂါယနာကို ထေရဝါဒ ဟူ၍ ဆိုအပ်၏ ...
လို့ ဆိုထားပါတယ်။

ဒါဟာ ထေရဝါဒ သာသနာကို အဓိပ္ပာယ်ဖွင့်ဆိုချက် ပါပဲ။✨✨✨

အထက်ပါ "ထေရဝါဒဆိုတာဘာလဲ" ဆိုတာရဲ့
အနက်ဖွင့်ဆိုမှုကို ကြည့်တာနဲ့ ဘုရားရှင်ရဲ့ အဆင်းသဏ္ဍာန်အကြောင်း
ပြောဆိုရာမှာ ဘုရားရှင်ဟောကြား ဓမ္မတရားများ
ဖြစ်သည့် ပိဋကတ်တော်လောက် ခိုင်မာတဲ့ အကိုးအကား
မရှိတာကို သိသာထင်ရှားစွါ သိမြင်နိုင်ပါတယ်။

ပိုစ့်ကို ပြန်ကောက်ရရင် အမှတ်စဉ် (၁) ဖြစ်တဲ့
ဘုရားရှင်၏ အရပ်တော် အမြင့် …??? ကို
ဖော်ပြပါ့မယ်။

©©©©©©©©©©©©©©©©©©©©©©©

(၁)

ဘုရားရှင်၏ အရပ်တော် အမြင့် …??? >>>>

ဘုရားရှင်၏ အရပ်တော် အမြင့်ကို ပြောဆိုရာမှာ
အမျိမျိုးသော အကြောင်းအချက်တွေထဲက ပိဋကတ်
ကျမ်းဂန်နဲ့ ကိုက်ညီပြီး လက်တွ့ ယုတ္တ္တိအကျဆုံးကတော့
" အမရပူရမြို့  ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံ ဆရာတော် "
" အရှင် ဇနကာ ဘိဝံသ "ရဲ့  ရတနာ့ဂုဏ်ရည် ကျမ်းစာအုပ်
(စာ - ၇၃) ပါ ဟောကြားချက်တွေထဲကနေ
သက်ဆိုင်တဲ့ အချက်အလက်တွေကို
ကောက်နုတ်ဖော်ပြပါ့မယ်။
ဒါတွေကတော့  >>>

#ဘုရားရှင်၏_အရပ်တော်_အဆုံးအဖြတ်…

(၁)

ဘုရားရှင်သည် ရှင်မဟာကဿပနှင့်
သင်္ကန်းချင်းလဲဝတ်ဖူးပါသည်။ဤသည်မှာ
ဘုရားရှင်သည် သာမာန်လူသားတို့နှင့်
အရပ်အမောင်းမတိမ်းမယိမ်းရှိသည်ကို ပြဆိုပြီး
ဘုရားရှင်သာ သာမာန်လူသားတို့ထက် မတန်တဆ
အရပ်မြင့်မားပါက ရှင်မဟာကဿပနှင့်
သင်္ကန်းချင်းလဲဝတ်ဖို့ မည်သို့မျှ မဖြစ်တန်ရာ။
(နိဒါနဝဂ္ဂ l ကဿပသံယုတ် l စီဝရသုတ် ပါဠိတော်)

(၂)

ပုဏ္ဏားတယောက်သည် မိမိဝတ်နေကြဖြစ်သော
အဝတ်ကို ဘုရားရှင်အားလှူဖူးသည်။ဘုရားရှင်
ဝတ်ရုံလောက်သည်သာ။
(သုတ်မဟာဝဂ္ဂ l မဟာပရိနိဗ္ဗာနသုတ် )

(၃)

ဘုရားရှင်၏ ညီတော်အရင်းဖြစ်သော ရှင်နန္ဒ
အဝေးမှလာသည်ကို ရဟန်းတို့သည် ဘုရားရှင်ဟု
ထင်မှတ်၍ နေရာမှ ဖယ်ကြသည်။ဤစကားကို
ထောက်လျှင် ဘုရားရှင်သည် လူသာမာန်တို့နှင့်
အရပ်အမြင့် လွန်စွါမကွာခြားဟု သိသာ၏
(ဝိနည်း l ပါစိတ်ပါဠိတော် l ရတနဝဂ် )

(၄)

ပရိနိဗ္ဗာန်စံတော်မူခါနီး၌ ကုသိနာရုံပြည်သို့
ကြွတော်မူ၍ အင်ကြင်းဥယျာဉ်အတွင်းဝယ်
မလ္လာမင်းတို့၏ အသုံးပြုနေကျ ညောင်စောင်း
(ခုတင်ငယ်) အပေါ်မှာပင် လျောင်းတော်မူလေသည်။
ဘုရားရှင်သည် သာမာန်လူတို့ထက် လွန်ကဲစွါ
အရပ်ခန္ဓာ မြင့်မားကြီးထွားပါက ထိုကုတင်နှင့်
အဆင်မပြေတန်ရာ။သာမာန်လူသားတို့နှင့်
မတိမ်းမယိမ်းသာ အရပ်မြင့်မားဟန်ရှိကြောင်း
ထင်ရှားပါသည်။
(သုတ်မဟာဝဂ္ဂ l မဟာပရိနိဗ္ဗာနသုတ် )

(၅)

ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ဗန္ဓုလ စစ်သူကြီးကတော်
မလိက္ကာသည် သူဆင်မြန်းနေကျဖြစ်သော "မဟာလတာ"
တန်ဆာဖြင့် အလောင်းတော်ကို ပူဇော်လေရာ
ဦးခေါင်းတော်မှ ခြေဖျားတိုင်အောင် ဖုံးလွှမ်းနိုင်သည်ဟု
မဟာပရိနိဗ္ဗာနသုတ် အဋ္ဌကထာ၌ ဆိုလေသည်။
အကယ်၍သာ ဘုရားရှင်သည် သာမာန်လူတို့ထက်
အလွန်မြင့်မားကွာခြားပါက "မဟာလတာ " တန်ဆာနှင့်
အံဝင်မှုမရှိဘဲ ကွာခြားပေမည်။

သမိုင်းသုတေသန တွေ့ရှိချက်အျားအရ
ဘုရားရှင် သီတင်းသုံးရာ ကျောင်းတော်တံခါးပေါက်များသည်
ယခုတံခါးပေါက်များထက်ပို၍ မကျယ်ဝန်းခြင်း lဘုရားရှင်လက်ထက်က
သပိတ်တော်များကိုလည်း ငယ်ငယ်သာတွေ့ရခြင်း l
ထိုရှေးအခါ လူရိုးများသည် ယခုလူရိုးများထက် မကြီးမားခြင်း l
ပဌမ သင်္ဂါယနာတင် စရည်းပင်လှိုဏ်ဂူအပေါက်သည်
ခြောက်ပေခန့်သာရှိခြင်း အစရှိသည့် ကျမ်းဂန်အကိုးအကားနှင့်
အချက်အလက်များကြောင့် ဘုရားရှင်၏အရပ်တော်သည်
လူသာမာန် တို့နှင့် လွန်စွါ မြင့်မားကွာခြားမှုမရှိဘဲ
အနည်းငယ်သာ မြင့်သည်ဟု မြင်မိပါသည်။

{{{{  " အမရပူရမြို့  ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံ ဆရာတော် "
" အရှင် ဇနကာ ဘိဝံသ " >>> " ရတနာ့ ဂုဏ်ရည် " >>>
စာအုပ် ဒေါင်းယူရန် လင့်ခ် >>>>

် http://www.dhammadownload.com/AshinJanakabhivamsa-eBookInMyanmar.htm  }}}}

©©©©©©©©©©©©©©©©©©©©©©©©©©

(၂)

ဘုရားရှင်သည် ဦးပြည်းကတုံး ဟုတ်/မဟုတ် …???  >>>

တချို့ဗုဒ္ဓဘာသာဝင်တွေက ဘုရားဖြစ်တော်မူပြီးနောက်
ဘုရားရှင်ရဲ့ အဆင်းသဏ္ဍာန်ကိုပုံဖော်ရာမှာ
ဆံပင်ရှည် မုတ်ဆိတ်မွှေးဗရပစ်နဲ့ စိတ်ကူးတည့်ရာ
အကိုးအကား အချက်အလက် မပါရှိပါဘဲ
မိမိသန်ရာ သန်ရာ ပုံဖော်ကြတာပုံဖော်လိုတာကို
မြင်တွေ့ရပါတယ်။

ဘုရားရှင်သည် ဦးပြည်းကတုံး ဟုတ်/မဟုတ် ဆိုတာကို
ပိဋကတ် ကျမ်းဂန် အကိုးအကားနဲ့ တိုက်ဆိုင် ဆင်ခြင်ကြည့်ဖို့
အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်။

©©©©©©©©©©©©©©©©©©©©©©©

တိပိဋက >>> သုတ္တန်ပိဋက  ခုဒ္ဒကနိကာယ် >>>
သုတ္တနိပါတ်ပါဠိတော် >>> (၁) ဥရဂဝဂ် >>>
(၇) ဝသလသုတ် >>> ပါဠိတော် >>>

အဒ္ဒသာ ခေါ အဂ္ဂိကဘာရဒွါဇော ဗြာဟ္မဏော ဘဂဝန္တံ ဒူရတောဝ အာဂစ္ဆန္တံ။
ဒိသွာန ဘဂဝန္တံ ဧတဒဝေါစ -- ''တတြေဝ #မုဏ္ဍက၊ တတြေဝ၊ သမဏက၊
တတြေဝ၊ ဝသလက တိဋ္ဌာဟီ''တိ။

တိပိဋက >>> သုတ္တန်ပိဋက  ခုဒ္ဒကနိကာယ် >>>
သုတ္တနိပါတ်ပါဠိတော် >>> (၁) ဥရဂဝဂ် >>>
(၇) ဝသလသုတ် >> မြန်မာပြန် >>>

အဂ္ဂိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရား ကြွလာသည်ကို
အဝေးကပင် မြင်၍ မြတ်စွာဘုရားကို
”ဦးပြည်းယုတ် ထို၌သာလျှင် ရပ်လော့၊
ရဟန်းယုတ် ထို၌သာလျှင် ရပ်လော့၊
သူယုတ်မာ ထို၌သာလျှင် ရပ်လော့”ဟု ဆို၏။

ဝသလသုတ် ပါဠိတော်ပါ  " #မုဏ္ဍက " ဟာ
ဦးပြည်းယုတ်။ ကတုံး ကို ရည်ညွှန်းပါတယ်။
ဒါကို ပါဠိ- မြန်မာ အဘိဓါန် ပဒတ္ထမဉ္ဇူသာကျမ်း
(စာမျက်နှာ - ၇၈၁) မှာလည်း
မုဏ္ဍ    =  ဦးပြည်း ခေါင်းတုံးထားသောသူ။
မုဏ္ဍက =  ဦးပြည်းယုတ်။ ကတုံး ။ ဆိုပြီး ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် ဘုရားရှင်လိုပဲ ဘုရားရှင်ရဲ့ တပည့်သာဝက
ရဟန်းတွေဟာလည်း ဦးပြည်းကတုံးဖြစ်ကြောင်း
အောက်ပါ ပိဋကတ်တော်လာ ကျမ်းဂန်တွေအရ
ထင်ရှားစွါ သိမြင်နိုင်ပါတယ်။

©©©©©©©©©©©©©©©©©©©©©©©©©

သဂါထာဝဂ္ဂသံယုတ္တနိကာယ် >>> သီသုပစာလာသုတ်

၁၆၉။ သာဝတ္ထိနိဒါန်း။ ထိုအခါ၌ သီသုပစာလာဘိက္ခုနီမသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍။ပ။ နေ့သန့်စင်ခြင်းငှါ တစ်ခုသော သစ်ပင်ရင်း၌ ထိုင်နေ၏၊ ထိုအခါ ယုတ်မာသော မာရ်နတ်သည် သီသုပစာလာဘိက္ခုနီမထံသို့ ချဉ်းကပ်ပြီးလျှင် သီသုပစာလာဘိက္ခုနီမအား ”ရဟန်းမ သင်သည် အဘယ် သူ၏ ပါသဏ္ဍအယူဝါဒကို နှစ်သက်သနည်း”ဟု ဆို၏၊ အချင်းမာရ်နတ် ငါသည် ”တစ်စုံတစ်ယောက်သော သူ၏ ပါသဏ္ဍအယူဝါဒကို မနှစ်သက်”ဟု ဆို၏။

”သင့်ကို ရဟန်းမနှင့် တူစွာ တွေ့မြင်ရ၏၊ သင်သည် အဘယ်ပုဂ္ဂိုလ်ကို ရည် မှတ်၍ ဦးပြည်းသနည်း၊ အယူကို အကယ်၍ မနှစ်သက်အံ့၊ အဘယ့်ကြောင့် ယောင်ယောင်ဝါးဝါး ကျင့်ဘိသနည်းဟု ဆို၏။

သဂါထာဝဂ္ဂသံယုတ္တနိကာယ် >>> သီသုပစာလာသုတ် >>>
ပါဠိတော်မှာ သင်သည် အဘယ်ပုဂ္ဂိုလ်ကို ရည် မှတ်၍ ဦးပြည်းသနည်း၊
ဆိုတာကို ဖော်ပြရာမှာလည်း  #မုဏ္ဍာသိ ဆိုတဲ့ ပါဠိတော်ကို
အလားတူ သုံးစွဲထားပါတယ်။

''ကံ နု ဥဒ္ဒိဿ #မုဏ္ဍာသိ၊ သမဏီ ဝိယ ဒိဿသိ။

©©©©©©©©©©©©©©©©©©©©©©©

ဗုဒ္ဓဘာသာ website တခုဖြစ်တဲ့ suttacentral.netမှာလည်း
သီသုပစာလာသုတ်ပါ အမေးဖြစ်တဲ့  >>>
သင်သည် အဘယ်ပုဂ္ဂိုလ်ကို ရည် မှတ်၍ ဦးပြည်းသနည်း…???
ဆိုတာကို " Under whom have you
shaved your head..??? ဆိုပြီး
အလားတူ ရေးသားထားတာကို မြင်ရပါတယ်။

Sisupacalasutta >>>
SN 5.8: Sisupacala (English) - Bhikkhuṇī Saṃyutta
https://suttacentral.net/en/sn5.8

©©©©©©©©©©©©©©©©©©©©©©

ဘုရားရှင်လိုပဲ ဘုရားရှင်ရဲ့ တပည့်သာဝက
ရဟန်းတွေဟာ ဦးပြည်းကတုံးဖြစ်ကြောင်း
အောက်ပါ မဇ္ဈိမနိကယ် >>>  ရဋ္ဌပါလသုတ် အရလည်း
ထင်ရှားစွါ သိမြင်နိုင်ပါတယ်။

မဇ္ဈိမနိကယ် >>>  ရဋ္ဌပါလသုတ်

ရဋ္ဌပါလအမျိုးကောင်းသားသည် ထုလ္လကောဋ္ဌိကရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့ ထသွား၍မကြာမီ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ရှိခိုး၍ တစ်ခုသော နေရာ၌ထိုင်ကာ မြတ်စွာဘုရားအား- ”အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားဟောတော်မူသည့် တရားတော်ကို ထိုက်သည့်အားလျော်စွာ သိပါ၏၊ ထိုသို့ သိရသည့်အတိုင်း လူ့ဘောင်၌ နေသူသည် စင်စစ် ပြည့်စုံစင်ကြယ်၍ခရုသင်းပွတ်သစ်နှင့်တူသော ဤမြတ်သောအကျင့်ကို ကျင့်ရန် မလွယ်ကူပါ၊ အသျှင်ဘုရား အကျွန်ုပ်သည် #ဆံမုတ်ဆိတ်ကိုပယ်ပြီးလျှင်_ဖန်ရည်ဆိုးသောအဝတ် တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်လိုပါသည်၊ မြတ်စွာဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားထံ၌ ရှင်ရဟန်းအဖြစ်ကို ရလိုပါ၏၊ မြတ်စွာဘုရားသည် အကျွန်ုပ်ကို ရဟန်းပြုတော်မူပါလော့”ဟု လျှောက်၏။

အသျှင်ရဋ္ဌပါလ၏ အဖသည် အဝေးကကြွလာသော အသျှင်ရဋ္ဌပါလကို မြင်၍”ဤဦးပြည်းရဟန်းယုတ်တို့သည် ငါတို့၏ ချစ်လှစွာသော နှလုံးကို ပွါးစေတတ်သော တစ်ယောက်တည်းသော သားကို ရဟန်းပြုပေးကြကုန်၏”ဟု ဆို၏။

©©©©©©©©©©©©©©©©©©©©©©©©©

ဒီအောက်က ပိဋကတ်တော်မှာလည်း
ဘုရားရှင်လိုပဲ ဘုရားရှင်ရဲ့ တပည့်သာဝက
ရဟန်းတွေဟာ ဦးပြည်းကတုံးဖြစ်တဲ့အပြင် ဘုရားရှင်နဲ့ခေတ်ပြိုင်
အယူဝါဒရှင်တွေမှာလည်း ဦးပြည်းကတုံးတုံးတဲ့ အလေ့အထရှိကြောင်းကို
ထင်ရှားစွါ တွေ့ရမှာ ဖြစ်ပါတယ်။

သုတ္တန်ပိဋက >>> မဇ္ဈိမနိကာယ် >>> စင်္ကီသုတ်  >>>

အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် အမိအဖတို့ သဘောမတူကြသဖြင့် မျက်ရည်ရွှဲစိုငိုယိုကုန်စဉ် ဆံမုတ်ဆိတ်ကို ပယ်ပြီး၍ ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏။

©©©©©©©©©©©©

စင်္ကီပုဏ္ဏားသည် များစွာသော ပုဏ္ဏားအပေါင်းနှင့်အတူ မြတ်စွာဘုရားထံသို့ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏။ ဝမ်းမြောက်ဖွယ်အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေပြီး၍ တစ်ခုသောနေရာ၌ ထိုင်နေ၏။ ထိုအခါ မြတ်စွာဘုရားသည်ပုဏ္ဏားကြီးတို့နှင့်အတူ စိုးစဉ်း စိုးစဉ်း အောက်မေ့ဖွယ်စကားကို ပြီးဆုံးစေ၍ နေ၏။

ထိုအခါ #ခေါင်းရိတ်ပြီးစလည်းဖြစ်သော ရက်ချုပ်အားဖြင့်လည်း တစ်ဆယ့်ခြောက်နှစ် အရွယ်ရှိသော ကာပဋိကမည်သောလုလင်ငယ်သည် ရှိ၏၊ ထိုလုလင်ငယ်သည် နိဃဏ္ဍု ‘အဘိဓာန်’ ကျမ်း ကေဋုဘ ‘အလင်္ကာ’ ကျမ်းအက္ခရပ္ပဘေဒ’သဒ္ဒါ’ ကျမ်း ငါးခုမြောက် ဣတိဟာသကျမ်းနှင့်တကွ ဗေဒင်သုံးပုံတို့၏ ကမ်းတစ်ဖက်သို့ရောက်၏၊ ပဒကျမ်းကို တတ်၏၊ ဗျာကရုဏ်းကျမ်းကို တတ်၏၊ လောကာယတကျမ်း မဟာပုရိသလက္ခဏာကျမ်းတို့၌ အကြွင်းမဲ့ တတ်မြောက်၏၊ (ထိုလုလင်သည်) ထိုပရိသတ်၌ ထိုင်နေလျက် ရှိ၏၊ ထိုကာပဋိကသည် မြတ်စွာဘုရားနှင့်အတူ စကားပြောဆိုကုန်သော ပုဏ္ဏားကြီးတို့၏ စကားကို ကြားဖြတ်၍ ကြားဖြတ်၍ ပြောဆို၏။

အသျှင်ဂေါတမ အကျွန်ုပ်တို့သည်ရှေးအခါက အလကား ဦးပြည်းရဟန်းယုတ်တို့သည် ဇာတ်နိမ့်ကုန်၏၊ မည်းညစ်ကုန်၏၊ ဗြဟ္မာမင်း၏ခြေမှ မွေးဖွားကုန်၏၊ အဘယ်မှာ တရားသဘောကို သိကြကုန်အံ့နည်းဟု ဤသို့ အထင်မှားကြပါကုန်၏။ အသျှင်ဂေါတမသည် အကျွန်ုပ်တို့အား ရဟန်းတို့၌ ရဟန်းဟူသော ချစ်ခြင်းကို လွန်စွာ ဖြစ်စေဘိ၏တကား၊ ရဟန်းတို့၌ ရဟန်းဟူသော ကြည်ညိုခြင်းကို လွန်စွာ ဖြစ်စေဘိ၏တကား၊ ရဟန်းတို့၌ရဟန်းဟူသော ရိုသေခြင်းကို လွန်စွာ ဖြစ်စေဘိ၏တကား၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။

©©©©©©©©©©©©©©©©©©©©©©©©©©©

တိပိဋက >>> သုတ္တန်ပိဋက >>> ဓနဉ္စာနီသုတ်

ဘာရဒွါဇအနွယ်ဖြစ်သော ပုဏ္ဏားသည် ဓနဉ္ဇာနီပုဏ္ဏေးမအား- ”ဤသူယုတ်မသည် ဤသို့သာလျှင် အရာရာ၌ ထိုဦးပြည်းရဟန်း၏ ဂုဏ်ကျေးဇူးကို ဆိုခဲ့၏၊ သူယုတ်မ ယခုအခါ သင်၏ ဆရာဖြစ်သော ထိုဘုရားအား ငါသည် အယူဝါဒကို တင်အံ့”ဟု ဆို၏၊ ”ပုဏ္ဏား နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့ လောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားအား အယူဝါဒကို တင်နိုင်သောသူကို စင်စစ် အကျွန်ုပ် မမြင်၊ သို့သော်လည်း ပုဏ္ဏား သင် သွားပါလော့၊ သွားလျှင် သင် သိရပါလိမ့်မည်”ဟု ပြောဆို၏။

©©©©©©©©©©©©©©©©©©©©©©©©©©©©

တိပိဋက >>> သုတ္တန်ပိဋက >>> လောဟိစ္စသုတ်

အခါတစ်ပါး၌ အသျှင်မဟာကစ္စည်းသည် အဝန္တိတိုင်း မက္ကရကတမြို့ဝယ် တောကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ လောဟိစ္စပုဏ္ဏား၏ များစွာကုန်သော ထင်းခွေသမား တပည့်လုလင်တို့သည် အသျှင်မဟာကစ္စည်း၏ တောကျောင်းသို့ ချဉ်းကပ်ကြကုန်၍ ကျောင်း၏ ပတ်ဝန်းကျင်၌ ခေါက်တုံ့ ခေါက်ပြန် စင်္ကြံလျှောက်ကြကုန်၏၊ လှည့်ပတ်ကြကုန်၏၊ အချို့အချို့သော သူတို့သည်ကျယ်လောင်ဆူညံ သော အသံရှိကြကုန်သည် ဖြစ်၍ အချင်းချင်း ခုန်ကျော်ပြေးလွှားသောကစားမျိုးတို့ကို ပြုလုပ်ကြကုန်၏၊ ” ဤသူတို့ကား ဦးပြည်းရဟန်းညံ့တို့ ဖြစ်ကုန်၏၊ ဇာတ်နိမ့်တို့ဖြစ်ကုန်၏၊ မည်းညစ်ကုန်၏၊ ဗြဟ္မာ၏ ခြေဖမိုးမှ ပေါက်ဖွားကုန်၏။ ဤဇာတ်နိမ့်ရဟန်းညံ့တို့အား (လူတို့သည်) အရိုအသေပြုကြကုန်၏၊ အလေး ပြုကြကုန်၏၊ မြတ်နိုးကြကုန်၏၊ ပူဇော်ကြကုန်၏၊ တုပ်ဝပ်ကြကုန်၏ ”ဟု (ပြောဆိုကြကုန်၏)။

ထိုအခါ အသျှင်မဟာကစ္စည်းသည် ကျောင်းမှ ထွက်၍ ထိုလုလင်တို့ကို ”လုလင်တို့ အသံ မပြုကြကုန်လင့်၊ ငါသည် သင်တို့အား တရားကို ဟောအံ့”ဟု ဤစကားကို ဆိုလေ၏။

©©©©©©©©©©©©©©©©©©©©©©©©©

တိပိဋက >>> သုတ္တန်ပိဋက >>> ဒုက္ခဓမ္မသုတ်

ရဟန်းတို့ ဤသို့ သွားသော ဤသို့ နေသော ထိုရဟန်းကို မင်းကဖြစ်စေ၊ မင်းအမတ်ကဖြစ်စေ၊ မိတ်ဆွေခင်ပွန်းတို့ကဖြစ်စေ၊ ဆွေမျိုးသားချင်းတို့ကဖြစ်စေ ”အိုယောက်ျား လာလော့၊ ဤသင်္ကန်းတို့သည်သင့်အား ပူလောင်ကုန်သည် မဟုတ်လော၊ အဘယ်ကြောင့် ဦးပြည်းကတုံးဖြင့် ခွက်စွဲကာလှည့်လည်နေဘိ သနည်း၊ လာလော့ လူအဖြစ်သို့ ပြန်လည်၍ စည်းစိမ်တို့ကိုလည်း ခံစားလော့၊ ကုသိုလ်ကောင်းမှုတို့ကိုလည်း ပြုလော့”ဟု စည်းစိမ်တို့ဖြင့် ရှေးရှုဆောင်၍ ဖိတ်ကုန်စေကာမူရဟန်းတို့ စင်စစ် ဤသို့ သွား သော ဤသို့ နေသော ထိုရဟန်းသည် အကျင့်သိက္ခာကို စွန့်ခွာပြီးလျှင်လူအဖြစ်သို့ ပြန်လည်လိမ့်မည်ဟူ သော ဤအကြောင်းမျိုးသည် မရှိနိုင်။

©©©©©©©©©©©©©©©©©©©©©©©©©©©

တိပိဋက >>> သုတ္တန်ပိဋက >>> အစေလကဿပသုတ်

မှာဆိုရင်လည်း ဘုရားရှင်ရဲ့ ဥပါသကာဖြစ်တဲ့ စိတ္တသူကြွယ်ဟာ
လူ့ဘဝက သူငယ်ချင်းဟောင်းဖြစ်ပြီး ရဟန်းပြု တရားရှာနေတဲ့
အစေလကဿပ နဲ့ စကားပြောဆိုတာကိုကြည့်ရင်
ဘုရားရှင်နဲ့ ခေတ်ပြိုင် အယူဝါဒ ရှင်တွေမှာ ကတုံးတုံး သစ်ခေါက်စိုး
အဝတ်ဝတ် ဝတ်ဆင်ခြင်းရှိနေတာကို မြင်တွေ့ရပါတယ်။

တိပိဋက >>> သုတ္တန်ပိဋက >>> အစေလကဿပသုတ် >>>

ထိုအခါ စိတ္တသူကြွယ်၏ လူ့ဘဝက သူငယ်ချင်းဟောင်းဖြစ်သော အစေလကဿပသည်မစ္ဆိကာသဏ္ဍအရပ်သို့ ရောက်လာ၏၊ စိတ္တသူကြွယ်သည် ”ငါတို့၏ လူ့ဘဝကသူငယ်ချင်းဟောင်းဖြစ်သော အစေလကဿပသည် မစ္ဆိကာသဏ္ဍအရပ်သို့ ရောက်လာသတတ်”ဟုကြားလေ၏၊ ထိုအခါ စိတ္တသူကြွယ်သည် အစေလကဿပထံသို့ ချဉ်းကပ်၍ အစေလကဿပနှင့် အတူဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြော ဆိုပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော်အစေလကဿပအား ”အသျှင်ကဿပ ရဟန်းပြုသည်မှာ အဘယ်မျှ ကြာပြီနည်း”ဟု မေး၏။ သူကြွယ့်ငါ ရဟန်းပြုခြင်းသည် အနှစ်သုံးဆယ်မျှ ရှိခဲ့ပြီ။ အသျှင် သင့်အား အနှစ်သုံးဆယ်တို့ပတ်လုံး လူတို့၏တရားထက် လွန်မြတ်သော အရိယာတို့၏ ဉာဏ်အမြင် တရားထူး တစ်စုံတစ်ရာကို ရ၍ ချမ်းသာစွာနေရခြင်း ရှိပါ၏လောဟု (ဆို၏)။ သူကြွယ် စင်စစ် ဤ အနှစ်သုံးဆယ်တို့ဖြင့် ရဟန်းပြုသော ငါ့အားအဝတ်မဝတ်ရခြင်း၊ ဦးပြည်းရခြင်း၊ တင်ပါး၌ ဖုံခါရန် ဥဒေါင်းမြီးစည်းကို ကိုင်ဆောင်ရခြင်းမှ တစ်ပါးလူတို့၏ တရားထက် လွန်မြတ်သော အရိယာတို့၏ ဉာဏ် အမြင်တရားထူး တစ်စုံတစ်ရာကို ရ၍ ချမ်းသာစွာ နေရခြင်း မည်သည် မရှိဟု ဆို၏။ ဤသို့ ဆိုသော် စိတ္တသူကြွယ်သည် အစေလကဿပအား ဤသို့ ဆို၏- ”အချင်းတို့ အစေလကတို့၏ တရားသည် အံ့သြ ဖွယ်ရှိပေစွတကား၊ မဖြစ်စဖူး အထူးဖြစ်စွတကား။ အနှစ်သုံးဆယ်တို့ပတ်လုံး အဝတ် မဝတ်ရခြင်း၊ ဦးပြည်းရခြင်း၊ တင်ပါး၌ ဖုံခါရန်ဥဒေါင်းမြီးစည်းကို ကိုင်ဆောင်ရခြင်းမှ တစ်ပါး လူတို့၏ တရားထက် လွန်မြတ်သော အရိယာတို့၏ဉာဏ်အမြင်တရားထူး တစ်စုံတစ်ရာကို ရ၍ ချမ်းသာစွာ နေရခြင်း မည်သည် မဖြစ်ရပလေ”ဟု (ဆို၏)။

သူကြွယ် သင်၏ ဥပါသကာအဖြစ်သို့ ကပ်ရောက်ခြင်းသည် အဘယ်မျှ ကြာပြီနည်းဟု (မေး၏)။

အသျှင် ဥပါသကာအဖြစ်သို့ ကပ်ရောက်သော အကျွန်ုပ်အားလည်း အနှစ်သုံးဆယ်မျှ ရှိပါပြီဟု (ဆို၏)။

သူကြွယ် သင့်အား ဤအနှစ်သုံးဆယ်တို့ဖြင့် လူတို့၏ တရားထက် လွန်မြတ်သော အရိယာတို့၏ ဉာဏ်အမြင်တရားထူး တစ်စုံတစ်ရာကို ရ၍ ချမ်းသာစွာ နေရခြင်း မည်သည် ရှိသလောဟု (မေး၏)။ အသျှင်အကျွန်ုပ်သည် လူဖြစ်သော်လည်း အလိုရှိတိုင်းသာလျှင် ကာမတို့မှ ဆိတ်၍ သာလျှင် အကုသိုလ်တရားတို့မှဆိတ်၍ သာလျှင် ကြံစည်ခြင်း ‘ဝိတက်’ နှင့် တကွဖြစ်သော သုံးသပ်ခြင်း ‘ဝိစာရ’ နှင့် တကွဖြစ်သောနီဝရဏ ဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ရောက်၍ နေရ ပါ၏၊ အသျှင် အကျွန်ုပ်သည် အလိုရှိတိုင်းသာလျှင် ကြံစည်ခြင်း ‘ဝိတက်’သုံးသပ်ခြင်း ‘ဝိစာရ’ တို့၏ မရှိ ခြင်းကြောင့် ဒုတိယဈာန်သို့ ရောက်၍ နေရပါ၏၊ အသျှင် အကျွန်ုပ်သည်အလိုရှိတိုင်းသာလျှင် နှစ်သိမ့် ခြင်း ‘ပီတိ’ ကိုလည်း စက်ဆုပ်ခြင်းကြောင့်။ပ။ တတိယဈာန်သို့ရောက်၍ နေရ ပါ၏၊ အသျှင် အကျွန်ုပ်သည် အလိုရှိတိုင်းသာလျှင် ချမ်းသာခြင်း ‘သုခ’ကိုလည်းပယ်ခြင်းကြောင့်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေရပါ၏၊ အသျှင် အကျွန်ုပ်သည် မြတ်စွာဘုရား၏ရှေးဦးစွာ သေခဲ့ပါမူ ”စိတ္တသူကြွယ်သည် ဤ (ကာမ) လောကသို့ တစ်ဖန်ပြန်လာနိုင်ကြောင်း ဖြစ်သောသံယောဇဉ် မရှိတော့”ဟု အကျွန်ုပ်ကို မြတ်စွာဘုရား မိန့်ဆိုတော် မူငြားအံ့၊ ထိုမိန့်ဆိုခြင်းသည်အံ့ဖွယ်မဟုတ်သည်သာတည်းဟု (ဆို၏)။ ဤသို့ဆိုသော် အစေလကဿပသည် စိတ္တသူကြွယ်ကို ဤသို့ဆို၏- ”အချင်းတို့ မြတ်စွာဘုရားတရားတော်၏ ကောင်းစွာ ဟောအပ်သည်၏ အဖြစ်သည်အံ့ဖွယ်ရှိစွတကား၊ မဖြစ်စဖူး အထူးဖြစ်စွတကား၊ အဝတ်ဖြူဝတ်သော လူဖြစ်လျက် ဤသို့သဘောရှိသော လူတို့၏ တရားထက် လွန်မြတ်၍ ချမ်းသာစွာ နေရကြောင်းဖြစ်သော အရိယာ တို့၏ဉာဏ်အမြင်တရားထူးကို ရတုံဘိသေး၏။ သူကြွယ် အကျွန်ုပ်သည် ဤသာသနာတော်၌ ရှင်အဖြစ်ကိုရလိုပါ၏၊ ပဉ္စင်းအဖြစ်ကို ရလိုပါ၏ ”ဟု ဆို၏။

©©©©©©©©©©©©©©©©©©©©©©©©©©©©©©©

အထက်ပါ ပိဋကတ်တော် အထောက်အထားတွေအရ
ဘုရားရှင်ဟာ ဦးပြည်းနဲ့ ဖြစ်သလို ဘုရားရှင်ရဲ့ တပည့်သာဝက
ရဟန်း နဲ့ ဘိက္ခုနီမ တွေဟာ ဦးပြည်း ကတုံး နဲ့သာ ဖြစ်ကြောင်း
အလွန်ကို ထင်ရှားလွန်းလှသည်ဟု မြင်မိကြောင်း
မှတ်ချက်ပြု ရေးသားလိုက်ရပါတယ်။

©©©©©©©©©©©©©©©©©©©©©©©©©©©

(၃)

ဘုရားရှင်၏ ဆံတော်သည် ဆံကျစ် ရှိ/ မရှိ ။
ဆံကျစ် ဟုတ် / မဟုတ် ။  >>>>

ဘုရားရှင်၏ ဆံတော်သည် ဆံကျစ် ရှိ/ မရှိ ။
ဆံကျစ် ဟုတ် / မဟုတ်  ဆိုတာကတော့
ပိဋကတ်တော်လာ လောဟိစ္စသုတ်မှာ အလွန်ထင်ရှားပါတယ်။
ဆံကျစ်တဲ့ အလေ့အထဟာ အခြားသော ပုဏ္ဏားတို့ရဲ့
အလေ့အထ ဖြစ်ကြောင်း ရှင်မဟာကစ္စည်း ပြောထားတာကို
ထောက်ရင် ဘုရားရှင်၏ ဆံတော်ဟာ ဆံကျစ်မရှိ ဆံကျစ်မဟုတ်ကြောင်း
အလွန်တရာကို ထင်ရှားလှပါတယ်။

တိပိဋက >>> သုတ္တန်ပိဋက >>> လောဟိစ္စသုတ်

ရှေးပုဏ္ဏားတို့၏ ကျင့်ဝတ်ကို အောက်မေ့ကုန်သော ပုဏ္ဏားတို့သည် ကုသိုလ် တရား၌လည်းကောင်း၊ ဈာန်တရား၌လည်းကောင်း မွေ့လျော်ပျော်ပိုက်ကြကုန်၏။ ဤ (ယခုကာလ) ပုဏ္ဏားတို့သည်ကား (ထိုတရားတို့မှ) ဖဲထွက်ကြကုန်ပြီးလျှင် (ငါတို့သည်) ဗေဒင်ကို ရွတ်တတ်ကုန်၏ဟုအမျိုးအနွယ်အားဖြင့် မာန်ယစ်ကြကုန်လျက် မညီမျှမသင့်တင့်သော အမှုကို ပြုကျင့်ကြကုန်၏၊ ဤပုဏ္ဏားတို့သည် အမျက်ဒေါသ နှိပ်စက်အပ်ကုန်သည် ဖြစ်၍ အထူးထူးအပြားပြားသော တုတ်တို့ကိုစွဲကိုင်ကုန် လျက် တဏှာရှိသူ တဏှာမဲ့သူတို့၌ ဆန့်ကျင်ကြကုန်၏။

(ဣနြေ္ဒတို့၌ ) လုံခြုံသော တံခါး မရှိသူအား ”အိပ်မက်၌ ရသော ယောက်ျား၏ ဥစ္စာတို့ကဲ့သို့”အလုံးစုံသော အကျင့်တို့သည် အချည်းနှီးသာ ဖြစ်ကုန်၏။ အစာ မစားခြင်းလည်းကောင်း၊ မြက်စိမ်းခင်းသော မြေ၌ အိပ်ခြင်းလည်းကောင်း၊ နံနက် စောစော ရေချိုးခြင်းလည်းကောင်း၊ ဗေဒင်သုံးပုံသင်ခြင်းလည်းကောင်း။

ကြမ်းထမ်းသော သစ်နက်ရေရှိခြင်းလည်းကောင်း၊ #ဆံကျစ်ရှိခြင်းလည်းကောင်း၊ သွားချေးရှိခြင်းလည်းကောင်း၊ မန္တာန်ရွတ်ခြင်းလည်းကောင်း၊ နွား၏ အလေ့ နွား၏ အကျင့်ဖြစ်သောပုဏ္ဏားအကျင့်လည်းကောင်း၊ အပြစ်ကို ဖုံးကွယ်ခြင်းလည်းကောင်း၊ ကောက်ကွေးသော တုတ်ကိုကိုင်ခြင်းလည်းကောင်း၊ ရေဖြင့် မျက်နှာကို ဆေးခြင်းလည်းကောင်း ဤအကျင့်တို့သည် အာမိသဘဏ္ဍာတိုးပွားခြင်းငှါ ပြုအပ်သော ဘဏ္ဍာတို့၏ ဂုဏ်တို့တည်း။

(ရှေးဟောင်းပုဏ္ဏားတို့၏) စိတ်သည်ကား ကောင်းစွာ တည်ကြည်၏၊ အလွန် ကြည်လင်၏၊ နောက်ကျုခြင်း ကင်း၏၊ သတ္တဝါအားလုံးတို့၌ ဆူးငြောင့်ဟူ၍ မရှိ၊ (နူးညံ့၏)၊ ထိုအကျင့်သည်မြတ်သောဘုံသို့ ရောက်ခြင်းငှါ လမ်းကြောင်း ဖြစ်၏”ဟု ရွတ်ဆို၏။

ထိုအခါ ထိုလုလင်တို့သည် အမျက်ထွက်ကုန် နှလုံးမသာယာကုန်သည် ဖြစ်၍ လောဟိစ္စပုဏ္ဏား ထံသို့ချဉ်းကပ်လျက် ”ဆရာကြီး သိတော်မူပါလော့၊ မဟာကစ္စည်းရဟန်းသည် ပုဏ္ဏားတို့၏ မန္တာန်ကိုတစ်ဖက်သတ် ကဲ့ရဲ့ပါ၏၊ ဆဲရေးတားမြစ်ပါ၏”ဟု ပြောဆိုကုန်၏။ ဤသို့ပြောဆိုကြသော်လောဟိစ္စပုဏ္ဏားသည် အမျက်ထွက်သော်လည်း နှလုံးမသာယာ ဖြစ်သော်လည်း ”ငါသည် လုလင်တို့၏စကားကိုသာ ကြား၍ မဟာကစ္စည်းရဟန်းကို ဆဲရေးငြားအံ့၊ ဆန့်ကျင်ငြားအံ့၊ ရေရွတ်ငြားအံ့၊ စင်စစ်မသင့်လျော်၊ ငါသည် မဟာကစ္စည်းထံသို့ ချဉ်းကပ်၍ မေးရမူ ကောင်းလေစွ”ဟု အကြံ ဖြစ်၏။

©©©©©©©©©©©©©©©©©©©©©©©©©©©©

(၄)

ဘုရားရှင်သည်
မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေး ရှိ/မရှိ …??? >>>
 
ဘုရားရှင်သည်
မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေး ရှိ/မရှိ …??? ဖော်ပြရာမှာတော့
ကြားဖူးတာလေးကို သတိရလို့ ဖော်ပြပါ့မယ်။

မန်လည်ဆရာတော်ဘုရားကြီးနဲ့ ခေတ်ပြိုင်သီဟိုဠ်ပြန်
ညောင်ချောင်းဆရာတော် ဦးဉာဏဝံသ ဟာ
သီဟိုဠ်က ပြန်လာပြီးနောက် ဘုရားဆင်းတုတွေကို
နှုတ်ခမ်းမွှေး လည်တပ်တော့တာပါပဲ။သူလည်း စာတတ်အကျော်တစ်ပါးလို့
သိရပါတယ်။ဒါကို မန်လည်ဆရာတော်ကြီး ပြန်လည်မိန့်ကြားပြီး
ပိဋကတ်တော် အကိုးအကား တောင်းတာကတော့ >>>

"လုပ်ငန်းရယ်ပို နှုတ်ခမ်းကို ကြည်ညိုပြန်သတဲ့
သီဟိုဠ်ပြန် ဘုန်း  …စဉ်ရှေးရယ်ဟို ဖင်မွှေးကို ဘယ်လိုဆိုရပါ့…
သီဟိုဠ်ပြန် ဆရာဉာဏ်ရဲ့ အဋ္ဌကထာ ရွှေစာတမ်းကို ကျမ်းပြပါဦး …"
ဆိုပြီး မိန့်ကြားတော်မူဖူးတာကို ကြားသိရပြီး သာသနာမယ်
အလားတူ အဖြစ်အပျက်လေးတွေ ရှိခဲ့ဖူး သိနိုင်ပါမယ်။

နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးထားတဲ့အပေါ်
ဝိနည်း ပိဋကမယ် ဘုရားရှင် မိန့် ကြားတားမြစ်ထားတာကတော့ >>>>

©©©©©©©©©©©©©©©©©©©©©©

ဝိနည်းပါဠိတော် >>> စူဠဂ်ပါဠိတော် >>>
(၅) ခုဒ္ဒကဝတ္ထုက္ခန္ဓကံ >> ပါဠိတော် >>>

တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ မဿုံ ကပ္ပါပေန္တိ။ ပ ။ မဿုံ ဝဍ္ဎာပေန္တိ။ ဂေါလောမိကံ ကာရာပေန္တိ။ စတုရဿကံ ကာရာပေန္တိ။ ပရိမုခံ ကာရာပေန္တိ။ အဍ္ဎဒုကံ [မူကွဲ-အဍ္ဎုရကံ (သီ)] အဍ္ဎရုကံ (သျာ၊)] ကာရာပေန္တိ။ ဒါဌိကံ ဌပေန္တိ။ သမ္ဗာဓေ လောမံ သံဟရာပေန္တိ။ မနုဿာ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ -- သေယျထာပိ ဂိဟီ ကာမဘောဂိနောတိ။ ဘဂဝတော ဧတမတ္ထံ အာရောစေသုံ။ ''န၊ ဘိက္ခဝေ၊ #မဿု ကပ္ပါပေတဗ္ဗံ။ ပ ။ န #မဿု ဝဍ္ဎာပေတဗ္ဗံ။ န ဂေါလောမိကံ ကာရာပေတဗ္ဗံ။ န စတုရဿကံ ကာရာပေတဗ္ဗံ။ န ပရိမုခံ ကာရာပေတဗ္ဗံ။ န အဍ္ဎဒုကံ ကာရာပေတဗ္ဗံ။ န ဒါဌိကာ ဌပေတဗ္ဗာ။ န သမ္ဗာဓေ လောမံ သံဟရာပေတဗ္ဗံ။ ယော သံဟရာပေယျ၊ အာပတ္တိ ဒုက္ကဋဿာ''တိ။

ဝိနည်းပါဠိတော် >>> စူဠဂ်ပါဠိတော် >>>
(၅) ခုဒ္ဒကဝတ္ထုက္ခန္ဓကံ >> မြန်မာပြန် >>>

ဆဗ္ဗဂ္ဂီရဟန်းတို့သည် မုတ်ဆိတ်ကို ဖြတ်စေကုန်၏၊ မုတ်ဆိတ်ကို ရှည်စေကုန်၏၊ ဆိတ် မုတ်ဆိတ်နှင့်တူသော မုတ်ဆိတ်ကို ပြုစေကုန်၏၊ လေးထောင့် မုတ်ဆိတ်ကို ပြုစေကုန်၏၊ ရင်မွေးရိတ် ခြင်းကို ပြုစေကုန်၏၊ ရင်မွေးအရေးအသား ထားခြင်းကို ပြုစေကုန်၏၊ ကြင်စွယ်ကို ထားကုန်၏၊ ကျဉ်း မြောင်းရာ၌ အမွေးကို ရိတ်စေကုန်၏၊ လူတို့သည် ''ကာမဂုဏ်ခံစားသူ လူတို့ကဲ့သို့တည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။

ရဟန်းတို့ မုတ်ဆိတ်ကို မဖြတ်အပ်။ပ။ မုတ်ဆိတ်ကို မရှည်စေအပ်။ ဆိတ်မုတ်ဆိတ်နှင့်တူသော မုတ်ဆိတ်ကို မပြုစေအပ်။ ရင်မွေးရိတ်ခြင်းကို မပြုစေအပ်။ ရင်မွေးအရေးအသားထားခြင်းကို မပြုစေ အပ်။ ကြင်စွယ်ကို မထားအပ်။ ကျဉ်းမြောင်းရာ၌ အမွေးကို မရိတ်စေအပ်၊ ရိတ်စေသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။

©©©©©©©©©©©©©©©©©©©©©©©©©©©

ဝိနည်းပါဠိတော် >>> စူဠဂ်ပါဠိတော် >>>
(၅) ခုဒ္ဒကဝတ္ထုက္ခန္ဓကံ >> ပါဠိတော် >>>

တေန ခေါ ပန သမယေန ဘိက္ခူနံ ကေသာ ဒီဃာ ဟောန္တိ။ ဘဂဝတော ဧတမတ္ထံ အာရောစေသုံ။ ''ဥဿဟန္တိ ပန၊ ဘိက္ခဝေ၊ ဘိက္ခူ အညမညံ ကေသေ သြရောပေတု''န္တိ? ''ဥဿဟန္တိ ဘဂဝါ''တိ။ အထ ခေါ ဘဂဝါ ဧတသ္မိံ နိဒါနေ ဧတသ္မိံ ပကရဏေ ဘိက္ခုသံဃံ သန္နိပါတာပေတွာ။ ပ ။ ဘိက္ခူ အာမန္တေသိ -- ''အနုဇာနာမိ၊ ဘိက္ခဝေ၊ ခုရံ ခုရသိလံ ခုရသိပါဋိကံ နမတကံ သဗ္ဗံ ခုရဘဏ္ဍ''န္တိ။

ဝိနည်းပါဠိတော် >>> စူဠဂ်ပါဠိတော် >>>
(၅) ခုဒ္ဒကဝတ္ထုက္ခန္ဓကံ >> မြန်မာပြန် >>>

ရဟန်းတို့၏ ဆံပင်တို့သည် ရှည်ကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက် ကြကုန်၏။ ရဟန်းတို့ ရဟန်းတို့သည် အချင်းချင်း ဆံ ချခြင်းငှါ စွမ်းနိုင်ကုန်သလောဟု မေး တော်မူ၏။ မြတ်စွာဘုရား စွမ်းနိုင်ပါကုန်၏ဟု လျှောက်ကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်း အရာကြောင့် ရဟန်းသံဃာကို စည်းဝေးစေ၍ ရဟန်းတို့ကို-

''ရဟန်းတို့ သင်တုန်းဓား သင်တုန်းကျောက် သင်တုန်းအိတ် သင်တုန်းနှီးဟူသော သင်တုန်းအဆောက်အဦ အလုံးစုံကို ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။

©©©©©©©©©©©©©©©©©©©©©©©©©©

အထက်ပါ ပိဋကတ် အကိုးအကားတွေကို ကြည့်ရင်
ဘုရားရှင်ဟာ မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေး အပေါ်
ဘယ်လို သဘောထားတယ် ဆိုတာ သိရှိနိုင်ပြီး တပည့်သာဝကတွေ
အပေါ်လည်း မုတ်ဆိတ်မွှေး ဆံပင် ရှည်လျားတာကို မရှည်စေအပ်လို့
တားမြစ်ထားပြီး  သင်တုန်းဓား သင်တုန်းကျောက် သင်တုန်းအိတ်
သင်တုန်းနှီးဟူသော သင်တုန်းအဆောက်အဦ အလုံးစုံကို ခွင့်ပြု
ထားတာကိုလည်း ထင်ရှားစွါ မြင်ရမှာဖြစ်ကြောင်း
ရေးသားလိုက်ရပါတယ် ။

       #မောင်သုခ       
        (11 - Dec - 2016 )