Sunday, June 18, 2017

ဘုရားရှင်ရဲ့အဆုံးအမဟုတ်မဟုတ် ခွဲခြားနည်း

" ဘုရားရှင်ရဲ့အဆုံးအမဟုတ်မဟုတ် ခွဲခြားနည်း "

__________________________________

တိပိဋက >>> သုတ္တန်ပိဋက နိကာယ်ငါးရပ် >>>
ဒီဃနိကာယ် >>>  မဟာဝဂ်ပါဠိတော် >>>
(၃) မဟာပရိနိဗ္ဗာန သုတ်  >>>
_______________________________

" မဟာပဒေသ လေးပါး "
_____________________________

(၁)

အခါတပါးသော် မြတ်စွာဘုရားသည် ထိုဘောဂမြို့ အာနန္ဒစေတီ၌ နေတော်မူ၏။ ထိုအာနန္ဒစေတီ၌ (နေတော်မူစဉ်) မြတ်စွာဘုရားသည် ”ရဟန်းတို့ မဟာပဒေသလေးပါးတို့ကို ဟောကြားအံ့၊ ထိုမဟာပဒေသတရားကို နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောပေအံ့”ဟု ရဟန်းတို့အား မိန့်တော်မူ၏။

ရဟန်းတို့ ဤ (သာသနာတော်) ၌ (တစ်စုံတစ်ယောက်သော) ရဟန်းသည် ဤသို့ ပြောဆိုငြားအံ့-

”ငါ့သျှင်တို့ ငါသည် ဤတရားကို မြတ်စွာဘုရား မျက်မှောက်တော်မှ ကြားနာခဲ့ရပါ၏၊ ခံယူခဲ့ရ ပါ၏၊ ဤကား တရားတော်ပါတည်း၊ ဤကား ဝိနည်းတော်ပါတည်း၊ ဤကား ဘုရားသျှင့် အဆုံးအမတော်ပါတည်း”ဟု (ပြောဆိုငြားအံ့)။

ရဟန်းတို့ ထိုရဟန်း၏ စကားကို လက်လည်း မခံအပ်သေး၊ ပယ်လည်း မပယ်အပ်သေး၊ လက်လည်းမခံ ပယ်လည်းမပယ်သေးဘဲ ထို (ပြောဆိုသော) ပုဒ်ဗျည်းတို့ကို ကောင်းစွာ မှတ်သား၍ သုတ်တရားတော်၌ သွင်းကြည့်အပ်ကုန်၏၊ ဝိနည်းတော်၌ နှီးနှောကြည့်အပ်ကုန်၏။

(ဤသို့) သုတ်တရားတော်၌ သွင်းကြည့်လျက် ဝိနည်းတော်၌ နှီးနှောကြည့်သည်ရှိသော် ထို (ပုဒ် ဗျည်း) တို့သည် သုတ်တရားတော်၌လည်း မသက်ဝင်ကုန်ငြားအံ့၊ ဝိနည်းတော်၌လည်း မနှီးနှောမိကုန်ငြားအံ့၊ (သို့ဖြစ်လျှင်) ”ဤစကားသည် ထိုမြတ်စွာဘုရား၏ စကားတော် စင်စစ်မဟုတ်ချေ၊ ဤရဟန်း၏ မှားယွင်းစွာ သင်ယူထားသော စကားသာ ဖြစ်ချေသည်”ဟု ဤအရာ၌ ဆုံးဖြတ်ကြရမည်။ ရဟန်းတို့ ဤသို့ (ဆုံးဖြတ်၍) ထိုစကားကို ပယ်ကြလေ။

(သို့မဟုတ်) သုတ်တရားတော်၌ သွင်းကြည့်လျက် ဝိနည်းတော်၌ နှီးနှောကြည့်သည်ရှိသော် ထို (ပုဒ် ဗျည်း) တို့သည် သုတ်တရားတော်၌လည်း သက်ဝင်ကုန်ငြားအံ့၊ ဝိနည်းတော်၌လည်း နှီးနှောမိကုန်ငြားအံ့၊ (သို့ဖြစ်လျှင်) ”ဤစကားသည် ထိုမြတ်စွာဘုရား၏ စကားတော် စင်စစ် ဖြစ်ပေသည်၊ ဤရဟန်း၏ ကောင်းစွာ သင်ယူထားသော စကားလည်း ဖြစ်ပေသည်”ဟု ဤအရာ၌ ဆုံးဖြတ်ကြရမည်။ ရဟန်းတို့ ရှေးဦးစွာ ဤမဟာပဒေသကို မှတ်ထားကြကုန်လော့။

(၂)

ရဟန်းတို့ ထို့ပြင် ဤ (သာသနာတော်) ၌ (တစ်စုံတစ်ယောက်သော) ရဟန်းသည် ဤသို့ ပြောဆိုငြားအံ့-

”ဤမည်သော ကျောင်း၌ အကြီးအမှူးမထေရ်နှင့် တကွသော သံဃာသည် နေလျက် ရှိ၏၊ ငါသည်ထိုသံဃာ၏ မျက်မှောက်မှ ကြားနာခဲ့ရပါ၏၊ သင်ယူခဲ့ရပါ၏၊ ဤကား တရားတော်ပါတည်း၊ ဤကားဝိနည်းတော်ပါတည်း၊ ဤကား ဘုရားသျှင့် အဆုံးအမတော်ပါတည်း”ဟု (ပြောဆို ငြားအံ့)။

ရဟန်းတို့ ထိုရဟန်း၏ စကားကို လက်လည်း မခံအပ်သေး၊ ပယ်လည်း မပယ်အပ်သေး၊ လက်လည်း မခံ ပယ်လည်း မပယ်မူ၍ ထို (ပြောဆိုသော) ပုဒ်ဗျည်းတို့ကို ကောင်းစွာ မှတ်သား၍ သုတ်တရားတော်၌ သွင်းကြည့်အပ်ကုန်၏၊ ဝိနည်းတော်၌ နှီးနှောကြည့်အပ်ကုန်၏။

(ဤသို့) သုတ်တရားတော်၌ သွင်းကြည့်လျက် ဝိနည်းတော်၌ နှီးနှောကြည့်သည်ရှိသော် ထို (ပုဒ်ဗျည်း) တို့သည် သုတ်တရားတော်၌လည်း မသက်ဝင်ကုန်ငြားအံ့၊ ဝိနည်းတော်၌လည်း မနှီးနှောမိကုန်ငြားအံ့၊ (သို့ဖြစ်လျှင်) ”ဤစကားသည် ထိုမြတ်စွာဘုရား၏ စကားတော် စင်စစ်မဟုတ်ချေ၊ ထိုသံဃာ၏မှားယွင်းစွာ သင်ယူထားသော စကားသာ ဖြစ်ချေသည်”ဟု ဤအရာ၌ ဆုံးဖြတ်ကြရမည်။ ရဟန်းတို့ဤသို့ (ဆုံးဖြတ်၍) ထိုစကားကို ပယ်ကြလေ။

(သို့မဟုတ်) သုတ်တရားတော်၌ သွင်းကြည့်လျက် ဝိနည်းတော်၌ နှီးနှောကြည့်သည်ရှိသော် ထို (ပုဒ် ဗျည်း) တို့သည် သုတ်တရားတော်၌လည်း သက်ဝင်ကုန်ငြားအံ့၊ ဝိနည်းတော်၌လည်း နှီးနှောမိကုန်ငြားအံ့၊ (သို့ဖြစ်လျှင်) ”ဤစကားသည် ထိုမြတ်စွာဘုရား၏ စကားတော် စင်စစ် ဖြစ်ပေသည်။ ထိုသံဃာ၏ ကောင်းစွာ သင်ယူထားသော စကားလည်း ဖြစ်ပေသည်”ဟု ဤအရာ၌ ဆုံးဖြတ်ကြရမည်။ ရဟန်းတို့ နှစ်ခုမြောက်သော ဤမဟာပဒေသကို မှတ်ထားကြကုန်လော့ ။

(၃)

ရဟန်းတို့ ထို့ပြင် ဤ (သာသနာတော်) ၌ (တစ်စုံတစ်ယောက်သော) ရဟန်းသည် ဤသို့ ပြောဆိုငြားအံ့-

”ဤမည်သော ကျောင်း၌ အကြားအမြင်များကုန်သော ပါဠိတော်ကို နှုတ်ငုံဆောင်ကုန်သော တရားတော် ဝိနည်းတော်ကို ဆောင်ကုန်သော ပါတိမောက်ကို ဆောင်ကုန်သော များစွာသော မထေရ်ရဟန်းတို့သည် နေလျက်ရှိကုန်၏၊ ငါသည် ထိုမထေရ်တို့၏ မျက်မှောက်မှ ကြားနာခဲ့ရပါ၏၊ ခံယူခဲ့ရပါ၏၊ ဤကား တရားတော်ပါတည်း၊ ဤကား ဝိနည်းတော်ပါတည်း၊ ဤကား ဘုရားသျှင့်အဆုံးအမတော်ပါတည်း”ဟု (ပြောဆိုငြားအံ့)။

ရဟန်းတို့ ထိုရဟန်း၏ စကားကို လက်လည်း မခံအပ်သေး။ပ။ ဝိနည်း၌လည်း မနှီးနှောမိကုန်ငြားအံ့၊ (သို့ဖြစ်လျှင်) ”ဤစကားသည် ထိုမြတ်စွာဘုရား၏ စကားတော် စင်စစ်မဟုတ်ချေ၊ ထိုမထေရ်တို့၏ မှားယွင်းစွာ သင်ယူထားသော စကားသာ ဖြစ်ချေသည်”ဟု ဤအရာ၌ ဆုံးဖြတ်ကြရမည်၊ ရဟန်းတို့ ဤသို့ (ဆုံးဖြတ်၍) ထိုစကားကို ပယ်ကြလေ။

(သို့မဟုတ်) သုတ်တရားတော်၌ သွင်းကြည့်လျက်။ပ။ ထို (ပုဒ်ဗျည်း) တို့သည် ဝိနည်းတော်၌ လည်းနှီးနှောမိကုန်ငြားအံ့၊ ”ဤစကားသည် ထိုမြတ်စွာဘုရား၏ စကားတော် စင်စစ်ဖြစ်ပေသည်၊ ထိုမထေရ်တို့၏ ကောင်းစွာ သင်ယူထားသော စကားလည်း ဖြစ်ပေသည်”ဟု ဤအရာ၌ ဆုံးဖြတ်ကြရမည်။ ရဟန်းတို့ သုံးခုမြောက်သော ဤမဟာပဒေသကို မှတ်ထားကြကုန်လော့ ။

(၄)

ရဟန်းတို့ ထို့ပြင် ဤ (သာသနာတော်) ၌ (တစ်စုံတစ်ယောက်သော) ရဟန်းသည် ဤသို့ ပြောဆိုငြားအံ့ –

”ဤမည်သော ကျောင်း၌ အကြားအမြင်များသော ပါဠိတော်ကို နှုတ်ငုံဆောင်သော တရားတော်ဝိနည်းတော်ကို ဆောင်သော ပါတိမောက်ကို ဆောင်သော တစ်ဦးသော မထေရ်သည် နေလျက်ရှိ၏၊ ငါသည် ထိုမထေရ်၏ မျက်မှောက်မှ ကြားနာခဲ့ရပါ၏၊ ခံယူခဲ့ရပါ၏၊ ဤကား တရားတော်ပါတည်း၊့ ဤကား ဝိနည်းတော်ပါတည်း၊ ဤကား ဘုရားသျှင့် အဆုံးအမတော်ပါတည်း”ဟု (ပြောဆိုငြား အံ့)။

ရဟန်းတို့ ထိုရဟန်း၏ စကားကို လက်လည်း မခံအပ်သေး၊ ပယ်လည်း မပယ်အပ်သေး၊ လက်လည်းမခံ ပယ်လည်းမပယ်မူ၍ ထို (ပြောဆိုသော) ပုဒ်ဗျည်းတို့ကို ကောင်းစွာ မှတ်သား၍ သုတ်တရားတော်၌ သွင်းကြည့်အပ်ကုန်၏၊ ဝိနည်းတော်၌ နှီးနှောကြည့်အပ်ကုန်၏။

(ဤသို့) သုတ်တရားတော်၌ သွင်းကြည့်လျက် ဝိနည်းတော်၌ နှီးနှောကြည့်သည်ရှိသော် ထို (ပုဒ် ဗျည်း) တို့သည် သုတ်တရားတော်၌လည်း မသက်ဝင်ကုန်ငြားအံ့၊ ဝိနည်းတော်၌လည်း မနှီးနှောမိကုန်ငြားအံ့၊ (သို့ဖြစ်လျှင်) ”ဤစကားသည် ထိုမြတ်စွာဘုရား၏ စကားတော် စင်စစ်မဟုတ်ချေ၊ ထိုမထေရ်၏ မှားယွင်းစွာ သင်ယူထားသော စကားသာ ဖြစ်ချေသည်”ဟု ဤအရာ၌ ဆုံးဖြတ်ကြရမည်၊ ရဟန်းတို့ ဤသို့ (ဆုံးဖြတ်၍) ထိုစကားကို ပယ်ကြလေ။

(သို့မဟုတ်) သုတ်တရားတော်၌ သွင်းကြည့်လျက် ဝိနည်းတော်၌ နှီးနှောကြည့်သည်ရှိသော် ထို (ပုဒ် ဗျည်း) တို့သည် သုတ်တရားတော်၌လည်း သက်ဝင်ကုန်ငြားအံ့၊ ဝိနည်းတော်၌လည်း နှီးနှောမိကုန်ငြားအံ့၊ (သို့ဖြစ်လျှင်) ”ဤစကားသည် ထိုမြတ်စွာဘုရား၏ စကားတော် စင်စစ် ဖြစ်ပေသည်၊ ထိုမထေရ်၏ ကောင်းစွာ သင်ယူထားသော စကားလည်း ဖြစ်ပေသည်”ဟု ဤအရာ၌ ဆုံးဖြတ်ကြရမည်။ ရဟန်းတို့ လေးခုမြောက်သော ဤမဟာပဒေသကို မှတ်ထားကြကုန်လော့ ။ (၄)

ရဟန်းတို့ ဤမဟာပဒေသ လေးပါးတို့ကို မှတ်ထားကုန်လော့ဟု (မိန့်တော်မူ၏)။

credit - The Great Buddha
               မောင်သုခ_မျှဝေသည်။

Thursday, June 8, 2017

မြတ်ဗုဒ္ဓဟောကြား_မင်္ဂလာတရား

⃣မြတ်ဗုဒ္ဓဟောကြား_မင်္ဂလာတရား  ⃣(၃)⃣

🔵 (၃) 🔵

''ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊ ဝိနယော စ သုသိက္ခိတော။

သုဘာသိတာ စ ယာ ဝါစာ၊ ဧတံ မင်္ဂလမုတ္တမံ။ "
___________________________________________

အကြားအမြင်များခြင်းလည်းကောင်း, (အပြစ်မရှိသော) အတတ်ကို တတ်ရခြင်းလည်းကောင်း, (မိမိတို့ဆိုင်ရာ)ကျင့်ဝတ် ဝိနည်းဥပဒေကို ကောင်းစွာ ကျင့်သုံးရခြင်းလည်းကောင်း, စကားကို ကောင်းစွာ ဆိုခြင်းလည်းကောင်း ဤတရားလေးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း ။
____________________________________________

⃣ (၁) ⃣

မြတ်ဗုဒ္ဓဟောကြား မင်္ဂလာတရားတော်မြတ်သည်
ထေရဝါဒ ဗုဒ္ဓဘာသာဝင် ကလေးသူငယ်မှ စ၍
အိုမင်းသော လူကြီးများအထိ နားရည်ဝပြီးသော
နှုတ်အသားကျနေသော တရားတော်ဖြစ်၏။

ဤသို့ဆိုလေက
ထေရဝါဒ ဗုဒ္ဓဘာသာဝင် ကလေးသူငယ်မှ စ၍
အိုမင်းသော လူကြီးများအထိ နားရည်ဝပြီးသော
နှုတ်အသားကျနေသော တရားတော်အကြောင်းကို
အထူးအထွေ ချဲ့ထွင် ရေးသားဖို့ လိုအပ်ပါသေးသလောဟု
မေးခွန်း မေးစရာရှိလာပေမည်။

ဤအမေးကို အပွင့်လင်းဆုံးဖြေဆိုရပါက
ယနေ့ခေတ် အခါသမယတွင် မြတ်စွါဘုရား၏
တရားတော်များကို ခုတုံးလုပ် လိုရာဆွဲယူ၍
လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်စေရန်
လှုံ့ဆော် သွေးထိုး ပြုလုပ်လာကြသော ရဟန်း ရှင် လူများကြောင့်
မြတ်ဘုရားဟောကြား မင်္ဂလာတရားတို့အား
တိကျသေချာစွါ သိရှိရန်လိုအပ်၍  မြတ်ဗုဒ္ဓအလိုကျ
မင်္ဂလာအဝဝ အား အစွန်းရောက်မှုများ ရှောင်ရှား၍
အမှန်ကို အမှန်အတိုင်း ရေးသားရန်  အထူးလိုအပ်ပါသည်ဟု
ပြောရပေမည်။   

ယခုခေတ် အခါသမယတွင် " ဖျာသည်မ " ဟု
လူလယ်ခေါင် စင်ပေါ်တက်၍ ဆဲဆိုသည်ကိုပင်
ဘုရားအဟောနှင့် ညီသယောင်ယောင်
ပြောဆိုလာကြသော အဓမ္မဝါဒီ သာသနာဖျက်များလည်း
အများအပြား စိတ်ပျက်ဖွယ်ရာ ပေါ်ပေါက်လာကြပြီ
မဟုတ်လေလော ။

(၃၈) ဖြာ မင်္ဂလာတော် အကြောင်းနှင့် ပက်သက်၍
ရေးသားပြီးသည်များကို လေ့လာကြည့်ရာ
သပြေကန်ဆရာတော်ကြီး၏ " ပရိတ်ကြီး နိဿယ " တွင်
အကျဉ်းအားဖြင့် တွေ့ရမည်ဖြစ်ပြီး ဆရာ မင်းယုဝေ ၏
(၃၈) ဖြာ မင်္ဂလာပုံပြင်များတွင်လည်း (၃၈) ဖြာ မင်္ဂလာ
တရားတော်ကို ဇာတ်နိပါတ်တော်လာ ဝတ္ထုများဖြင့် စီရီပြီး
ရေးသားထားသည်ကို မြင်တွေ့ရပါသည်။

စာရေးသူသည် မတူညီသော အချက်အလက် ရှုထောင့်များဖြင့်
အားထုတ် ကြိုးပမ်း၍ ရေးသားပါသော်လည်း အထက်ပါ စာအုပ်တို့မှ
ကိုးကားနည်းယူ ရေးသား၏။ ဤအချက် မှန်ကန်မှုအား
စာရေးသူ ရေးသားမှုနှင့် အဆိုပါ ပညာရှိများ၏
စာအုပ်များကို တိုက်ဆိုင်ကြည့်ရှုလေက ထင်ရှားပေမည်။🔵 🔵 🔵 ⃣⃣⃣

⃣ (၂) ⃣

" အကြားအမြင်များခြင်း "

အကြားအမြင်များအောင် အားထုတ်ရာတွင်
မိမိလက်လှမ်းမှီရာ ကောင်းနိုးရာရာ စာအုပ်စာပေများကို ဖတ်ရှု မှတ်သား
လက်တွေ့ကျင့်ကြံ၍သော်လည်းကောင်း မိမိထက် အသိအမြင်များသော
လူကြီးသူမ ရွယ်တူ ငယ်သူ များနှင့် စကားပြောဆို ဆွေးနွေး၍သော်လည်းကောင်း
အားထုတ်နိုင်လေ၏။

အကြားအမြင်များအောင် အားထုတ်ခြင်းအကြောင်းကို
ပြောဆိုရာတွင် ကျွန်တော်တို့၏ နေ့တဓူဝ ပတ်ဝန်းကျင်
ဤလောကကြီးနှင့် သဘာဝတရားဖြစ်ပျက်မှုတို့သည်
ကျွန်တော်တို့၏ သင်ဆရာ မြင်ဆရာ ကြားဆရာ ဖြစ်သလို
ကျွန်တော်တို့ထက် အသက်အသိပညာကြီးမားကြကုန်သော
လူကြီးသူမ ရွယ်တူ ငယ်သူ များပါမကျန် အားလုံးသောသူတို့သည်
ကျွန်တော်တို့၏ သင်ဆရာ မြင်ဆရာ ကြားဆရာများ
ဖြစ်ကြပေ၏။

အကြားအမြင်များအောင် အားထုတ်ခြင်း
အကြောင်းကို အောက်ဖော်ပြပါ ငါးရာ့ငါးဆယ်နိပါတ်တော် >>>
(၉) အပါယိမှဝဂ်  >>> (၈၄) အတတ္ထဒွါရဇာတ် တွင်လည်း
ထင်ရှားစွါ တွေ့မြင်နိုင်ပေသည်။

⃣ (၃) ⃣

ငါးရာ့ငါးဆယ်နိပါတ်တော် >>>
(၉) အပါယိမှဝဂ်  >>> (၈၄) အတတ္ထဒွါရဇာတ် >>>

မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်း၍ သီတင်းသုံးတော်မူစဉ် ဖြစ်၏။
သာဝတ္ထိပြည်သူဌေးတစ်ဦးတွင် ခုနစ်နှစ်အရွယ်ရှိ သားငယ်တဦး
ရှိလေ၏။
        
သူဌေးသူငယ်သည် တစ်နေ့သ၌ ဖခင်ထံကပ်၍ လောက၌
အကျိုးစီးပွား ဖြစ်ခြင်းအကြောင်းကို မေးလေ၏။ အဖသူဌေးလည်း
မဖြေနိုင်၍ သားကိုခေါ်ကာ မြတ်စွာဘုရားထံ သွားပြီးလျှင် မြတ်စွာဘုရားအား
“အရှင်ဘုရား … ဤသူငယ်ကား ပညာရှိ၏၊ အကျိုးစီးပွား၌ လိမ္မာ၏၊
အကျိုးစီးပွား ဖြစ်ခြင်းအကြောင်း ပြဿနာကိုမေးရာ မဖြေနိုင်၍
အထံတော်သို့ လာရပါသည်၊ ထိုပြဿနာ အကျွန်ုပ်အား ဖြေကြားတော်မူပါ” ဟု လျှောက်ထားလေ၏။
         
မြတ်စွာဘုရားလည်း “သူဌေးကြီး … ဤသူငယ်သည် ရှေးအခါ၌လည်း
ဤပြဿနာကို ငါဘုရားအား မေးဖူးပြီ၊ ငါဘုရားလည်း ဖြေကြားခဲ့ဖူးပြီ၊ ဤသူငယ်ကား ဤပြဿနာ အဖြေကို သိခဲ့ဖူးပြီ၊ ယခုအခါ ဘ၀တစ်ပါး ဖုံးလွှမ်းသဖြင့် မမှတ်မိ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း
မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သူဌေးဖြစ်လေ၏။
ထိုသူဌေး၏ ခုနစ်နှစ်အရွယ်ရှိ သားငယ်သည် ပညာရှိ၏။
အကျိုးစီးပွား၌ လိမ္မာ၏။
        
ထိုသူဌေးသားငယ်သည် တစ်နေ့သ၌ အဖသူဌေးကို ကပ်ကာ
“ဖခင် … အကျိုးစီးပွား ဖြစ်ခြင်းအကြောင်း အဘယ်နည်း” ဟု မေးလေ၏။
ထိုအခါ အဖသူဌေးသည် သားငယ်အား အောက်ပါအတိုင်း
ဖြေကြားလေ၏။

" အကျိုးစီးပွားဖြစ်ကြောင်း ခြောက်ပါး "

(၁) အနာရောဂါ မရှိခြင်း၊
(၂) အကျင့်သီလနှင့် ပြည့်စုံခြင်း၊
(၃) ပညာရှိတို့ အဆုံးအမ သြ၀ါဒကို လိုက်နာခြင်း၊
(၄) အကြားအမြင်များခြင်း၊
(၅) သုစရိုက်သုံးပါးကို ကျင့်ခြင်း၊
(၆) မပျင်းရိခြင်း။
         
ဤခြောက်ပါးတို့ကား အကျိုးစီးပွားဖြစ်ကြောင်း ဖြစ်သည်ဟု
ဖြေကြားလေ၏။ သူဌေးသားလည်း ထိုအခါမှစ၍  ထိုတရားခြောက်ပါးတို့၌
ကျင့်လေ၏။

________________________________________

ဤသည်မှာ အကျိုးရှိဖွယ်ဖြစ်သော မေးခွန်းမေးမြန်းတတ်ဖို့ကို
ပြဆိုလေသည်။မိမိ သိရှိလိုသော အရာအား ပညာရှိသူတော်ကောင်း
များထံ မေးမြန်းခြင်း၏ ရလဒ်ကောင်းဟုလည်း ပြောဆိုရပေမည်။

ကျွန်တော်တို့သည် မသိလျှင် တစုံတဦးအား မေးမြန်းရန်
ရှက်တတ် ကြောက်တတ်သော စိတ်များကို ဖယ်ရှားရန်လိုအပ်ကြောင်း
ဤဇာတ်ဝတ္ထုက သတိပေးနေပေတော့၏။

⃣ (၄) ⃣

" (အပြစ်မရှိသော) အတတ်ကို တတ်ရခြင်း "

အတတ်ပညာ အကြောင်းပြောဆိုရာတွင် မိမိနှင့် လောက
လူသားတို့အား အကျိုးစီးပွါး ဖြစ်စေသော အတတ်ပညာနှင့်
မိမိနှင့် လောက လူသားတို့အား အကျိုးစီးပွါး ပျက်စီးစေသော
အတတ်ပညာဟူ၍ ခွဲခြားပြောဆိုသင့်သည်ဟု မြင်မိ၏။

ထို့ကြောင့်  " (အပြစ်မရှိသော) အတတ်ကို တတ်ရခြင်း "
သည် မင်္ဂလာမည်ခြင်းသည်သာ ဆိုထိုက်ပေတော့သည်။

ကျွန်တော်တို့သည် လူသားတို့ အကျိုးစီးပွါး ပျက်စီးစေရန်သော
အတတ်ပညာများကို မည်မျှပင် တတ်မြောက်နေစေကာမူ
ကောင်းမြတ်သော မင်္ဂလာ မမည်ပေ။

လူသားတို့ အကျိုးရှိစေရန်သော အတတ်ပညာများကို
တတ်မြောက်မှသာလျှင် ကောင်းမြတ်သော မင်္ဂလာဆိုထိုက်ပေတော့သည်။

သဘာဝတရားမှ ရရှိသော ဘိန်းပင်မှ အကြင်လူသားတဦးသည်
လူသားတို့အသက်ကယ်တင်နိုင်စေရန် ဆေးဝါးထုတ်လုပ်ခြင်း
အတတ်ကို တတ်မြောက် ကျွမ်းကျင်၏။

အခြားသော သူ တဦးကမူ ဘိန်းပင်မှ ဘိန်းဖြူကို ချက်လုပ်ခြင်း
စိတ်ကြွရူးသွပ် ဆေးဝါးများကို ထုတ်လုပ်ခြင်း အစရှိသည့် အတတ်များကို
တတ်မြောက် ကျွမ်းကျင်၏။

အဆိုပါသူနှစ်ဦး၏ အတတ်တတ်မြောက်ခြင်းတွင်
မည်သူတတ်မြောက်သော အတတ်သည် အပြစ်ကင်းသော
အတတ်ဖြစ်ပြီး မင်္ဂလာမည်သည်ဆိုသည်အား စာရှုသူ
သတိပြုမိလောက်ပြီဟု မျှော်လင့်ပါသည်။

⃣(၅)⃣

" (မိမိတို့ဆိုင်ရာ)ကျင့်ဝတ် ဝိနည်းဥပဒေကို ကောင်းစွာ
ကျင့်သုံးရခြင်းလည်းကောင်း "

" သိကားသိ၏ မကျင့် " ဆိုသည့် စကားလေးကို
ကျွန်တော်တို့ မြန်မာလူမျိုး အများစု ကြားဖူးကြပေလိမ့်မည်။
မှန်ပေ၏။ မြန်မာပြည်ဖွား ရဟန်း ရှင်လူ အများစုသည်
" သိကားသိ၏ မကျင့် " ဆိုသည့်သူ များပေ၏။

အကြောင်းကို ဆိုရကား မြန်မာနိုင်ငံသည်
ထေရဝါဒ ဗုဒ္ဓဘာသာ ထွန်းကားသော တိုင်းပြည်ဖြစ်၏။
အလွန်တရာ နူးညံ့သိမ်မွေ့အပြစ်ကင်းစင်သော
ဗုဒ္ဓဟောကြား မြတ်တရားတို့သည် မြန်မာလူမျိုး ရဟန်းဆိုး
လူဆိုးများကြောင့် ယခုအခါသမယတွင် ကမ္ဘ္ဘ္ဘာကျော်
အစွန်းရောက်ဝါဒတခုပမာ ဖြစ်လာပေတော့သည်။

ဤသည်မှာ " သိကားသိ၏ မကျင့် " ကြသော
အကျိုးတဖြစ်လည်း (မိမိတို့ဆိုင်ရာ)ကျင့်ဝတ် ဝိနည်းဥပဒေများကို
ကောင်းစွာ ကျင့်သုံးကြခြင်း  မရှိသောကြောင့်ပင်တည်း။

မြတ်ဗုဒ္ဓသည် ရဟန်းကို ရဟန်းကျင့်ရမည့်အကျင့် လူကို လူကျင့်
ရမည့် အကျင့် မှစ၍ အသေးစိတ် ဟောကြားထားခဲ့ပြီးဖြစ်၏။

မြတ်ဗုဒ္ဓအလိုကျ  ရဟန်းသည် ရဟန်းအကျင့်ကို ကျင့်ပါ၏လော …???
လူသည် လူအကျင့်ကို ကျင့်ကြပါ၏လော …???ဆိုသည့် မေးခွန်းသည်
ကျွန်တော်တို့ သက်ဆိုင်ရာ ရဟန်း ရှင်လူများ မိမိကိုယ်ကို မိမိ
ပြန်လည်မေးမြန်းသင့်သော မေးခွန်းပင် ဖြစ်ပေတော့သည်။

ဤမေးခွန်းအား ကိုယ်စီ ဖြေဆိုရင်း ကျွန်တော်တို့သည်
ဘုရားရှင်၏ မင်္ဂလာတရားတော်နှင့် ညီ / မညီ ဆိုသည်ကို
သိနိုင်လောက်ပေပြီ ။

⃣(၆)⃣

" စကားကို ကောင်းစွာ ဆိုခြင်း "

"စကားကို ကောင်းစွာ ဆိုခြင်း " ဆိုသည်မှာ
လူလယ်ခေါင် စင်မြင့်ပေါ်တွင် ဖာသည်မဟု ဆဲဆိုခြင်းသာ
မုချဖြစ်သည်ဟု ကျွန်တော့်ကို ထေရဝါဒ ဗုဒ္ဓဘာသာဝင်
တဦးဦးမှ ဆိုလာသည်ရှိသော် အကြင်သူကို ကျွန်တော်သည်
သနားစဖွယ် လူသားအဖြစ် ရှုမြင်မိမှာ အမှန်ပင်ဖြစ်တော့သည်။

အဘယ်ကြောင့်ဆိုသော် သူသည် ဗုဒ္ဓဟောကြား
မြတ်တရားတို့ကို မသိရှိ နားမလည်ပါပဲ စုံလန်းကန်းနေသော
ဘာသာဝင်ဖြစ်နေသောကြောင့်ပင်။

မြတ်ဗုဒ္ဓ ဟောကြားသော " စကားကို ကောင်းစွာ ဆိုခြင်း "
ဆိုသည်မှာ အောက်ပါအတိုင်း ဖြစ်ကြောင်းကိုလည်း
_________________________________________

" စကားခြောက်ခွန်း လူ၌ွထွန်း "
တိပိဋက >>>  သုတ္တန်ပိဋက >>>
မဇ္ဈိမပဏ္ဏာသ ပါဠိတော် >>> အဘယရာဇကုမာရသုတ္တန်>>>
မှာ  စကားခြောက်မျိုးကို ပြဆိုပြီး ဘုရားရှင်ပြောကြားတဲ့
စကားနှစ်မျိုးကိုလည်း အောက်ပါအတိုင်းတွေ့နိုင်ပါတယ်။  

၁။အကြင်စကားသည် မဟုတ် မမှန်။အကျိုးစီးပွားနှင့်လည်း မစပ်၊ သူတစ်ပါး
တို့လည်း မနှစ်သက် မနှစ်ခြိုက်၊ ထိုစကားမျိုးကိုလည်း မြတ်စွာဘုရား
သည် ပြောဆိုတော်မမူ။

၂။ အကြင်စကားသည် ဟုတ် မှန်၏၊ အကျိုးစီးပွားနှင့်ကား မစပ်၊ သူတစ်ပါး
တို့လည်း မနှစ်သက် မနှစ်ခြိုက်၊ ထိုစကားမျိုးကိုလည်း မြတ်စွာဘုရား
သည် ပြောဆိုတော်မမူ။

၃။ အကြင်စကားသည် ဟုတ်မှန်၏၊ အကျိုးစီးပွားနှင့်လည်း စပ်၏၊
သူတစ်ပါးတို့ကား မနှစ်သက် မနှစ်ခြိုက်၊ ထိုစကားမျိုး၌ မြတ်စွာဘုရား
သည် ပြောသင့်သောအချိန်ကာလကို သိရှိတော်မူသည်ဖြစ်၍ ပြောဆို
တော်မူ၏။

၎။ အကြင်စကားသည် မဟုတ်မမှန်၊ အကျိုးစီးပွားနှင့် မစပ်၊ သူတစ်ပါး
တို့ကား နှစ်သက်၏ နှစ်ခြိုက်၏၊ ထိုစကားမျိုးကိုလည်း မြတ်စွာဘုရား-
သည် ပြောဆိုတော်မမူ။

၅။ အကြင်စကားသည် ဟုတ်မှန်၏၊ အကျိုးစီးပွားနှင့် မစပ်၊ သူတစ်ပါး
တို့ကား နှစ်သက်၏ နှစ်ခြိုက်၏၊ ထိုစကားမျိုးကိုလည်း မြတ်စွာဘုရား-
သည် ပြောဆိုတော်မမူ။

၆။ အကြင်စကားသည် ဟုတ်မှန်၏၊ အကျိုးစီးပွားနှင့် စပ်၏၊ သူတစ်ပါး
တို့လည်း နှစ်သက်၏ နှစ်ခြိုက်၏။ ထိုစကားမျိုး၌ မြတ်စွာဘုရားသည်
ပြောသင့်သော အချိန်ကာလကို သိရှိတော်မူသည်ဖြစ်၍ ပြောဆိုတော်
မူ၏။

အထက်ပါ စကား ခြောက်ခွန်းတို့တွင် --
၃။ မှန်၍ အကျိုးစီးပွားနှင့် စပ်ယှဉ်သော သူတစ်ပါးတို့ မနှစ်သက်သော
စကား တစ်ခွန်း၊
၆။ မှန်လည်းမှန်၍ အကျိုးစီးပွားနှင့်လည်း စပ်ယှဉ်သော သူတစ်ပါးတို့
နှစ်သက်သော စကား တစ်ခွန်း --

ဤနှစ်ခွန်းသော စကားတို့ကိုသာ ပြောသင့်သော အချိန်ကာလကို
သိရှိသည်ဖြစ်၍ ဘုရားရှင်သည် ပြောဆိုတော်မူ၏။ ကျန် လေးခွန်းသော
စကားတို့ကို ဘုရားရှင်သည် မည်သည့်အခါမှ ပြောဆိုတော် မမူပေ။    

⃣(၇)⃣

"စကားပြောဆိုခြင်းအတွက် ဗုဒ္ဓရဲ့ လမ်းညွှန်ချက်ဟာ ဘာလဲ…??? "

သုတ္တန် ပိဋက >>>> သဂါထာဝဂ္ဂသံယုတ် ပါဠိတော်>>>
(၈) ဝင်္ဂီသသံယုတ် >>> (၅) သုဘာသိတသုတ်>>>

"စကားလေးမျိုး"
(၁) သုဘာသိတ- ကောင်းသောစကား။
(၂) ဓမ္မ- တရားသောစကား။
(၃) ပီယ- ချစ်ဖွယ်စကား။
(၄) သစ္စ- အမှန်စကား

ရဟန်းတို့ အင်္ဂါလေးပါးနှင့် ပြည့်စုံသော စကားသည် ကောင်းစွာ ဆိုအပ်သော စကားမည်၏။ မကောင်းသဖြင့် ဆိုအပ်သော စကား မဟုတ်၊ အပြစ်မှလည်း ကင်း၏။ ပညာရှိတို့ မစွပ်စွဲ မကဲ့ရဲ့ထိုက်၊ အဘယ်လေးပါးတို့နှင့်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကောင်းစွာ ဆိုအပ်သော စကားကိုသာလျှင် ဆို၏။ မကောင်းသဖြင့် ဆိုအပ်သော စကားကို မဆို၊ တရားနှင့် စပ်ယှဉ်သော စကားကိုသာလျှင် ဆို၏။ တရားနှင့် မစပ်ယှဉ်သော စကားကို မဆို၊ ချစ်နှစ်သက်ဖွယ် စကားကိုသာလျှင် ဆို၏။ မချစ်မနှစ်သက်ဖွယ်သော စကားကို မဆို၊ အမှန်ကိုသာ ဆို၏။ မမှန်ချွတ်ယွင်းသော စကားကို မဆို၊ ရဟန်းတို့ ဤအင်္ဂါလေးပါးနှင့် ပြည့်စုံသော စကားသည် ကောင်းစွာ ဆိုအပ်သော စကားမည်၏။ မကောင်းသဖြင့် ဆိုအပ်သော စကား မဟုတ်၊ အပြစ်မှလည်း ကင်း၏။ ပညာရှိတို့ မစွပ်စွဲ မကဲ့ရဲ့ထိုက်ဟု (မိန့်တော်မူ၏)၊ မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူပြီးနောက် ဤစကားကို မိန့်တော်မူ၏-

”ကောင်းစွာ ဆိုအပ်သော စကားကို မြတ်သော ပဌမအင်္ဂါဟု သူတော် ကောင်းတို့ဆိုကြကုန်၏။ တရားနှင့် စပ်ယှဉ်သော စကားကို ပြောဆိုရာ၏။ တရားနှင့် မစပ်ယှဉ်သော စကားကို မပြောဆိုရာ၊ ထိုစကားကို ဒုတိယအင်္ဂါဟု ဆိုကြကုန်၏။ ချစ်နှစ်သက်ဖွယ် စကားကို ပြောဆိုရာ၏။ မချစ်မနှစ်သက်ဖွယ် စကားကို မပြောဆိုရာ၊ ထိုစကားကို တတိယအင်္ဂါဟု ဆိုကြကုန်၏။ဟုတ်မှန်သော စကားကို ပြောဆိုရာ၏။ ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သော စကားကို မပြောဆိုရာ၊ ထိုစကားကို စတုတ္ထ အင်္ဂါဟု ဆိုကြကုန်၏”ဟု (မိန့်တော်မူ၏)။

အကြင်စကားဖြင့် မိမိကိုယ်ကိုလည်း မပူပန်စေ၊ သူတစ်ပါးတို့ကိုလည်း မညှဉ်းဆဲ၊ ထိုစကားသာလျှင် ပြောဆိုရာ၏။ ထိုစကားသည် အမှန်ပင်ကောင်းသော စကားမည်၏။

အကြင်စကားသည် စိတ်နှလုံးသို့ သက်ဝင်၍ နှစ်သက်ဝမ်းမြောက်နိုင်၏။ အကြင်စကားကို ပြောဆိုသူသည် ယုတ်မာကြမ်းကြုတ်သော စကားတို့ကို မယူမူ၍ သူတစ်ပါးတို့ ချစ်ခင်နှစ်သက်ဖွယ်သော စကားကိုသာ ပြောဆို၏။ ထိုသူတစ်ပါးတို့ ချစ်ခင်နှစ်သက်ဖွယ်သော စကားကိုသာလျှင် ပြောဆိုရာ၏။

မှန်သော စကားသည် စင်စစ် အမြိုက်သုဓာ နှင့် တူ၏။ ဤမှန်သော စကားကို ပြောဆိုမှုသည် ရှေး၌ ဖြစ်သော သဘောတံထွာ ဓမ္မတာတည်း၊ သူတော် ကောင်းတို့သည် ဟုတ်မှန်သော အကျိုးတရား၌လည်းကောင်း၊ အကြောင်းတရား၌လည်းကောင်း တည်ကုန်၏ဟု ဆိုကုန်၏။

မြတ်စွာဘုရားသည် နိဗ္ဗာန်သို့ ရောက်ခြင်းငှါလည်းကောင်း၊ ဆင်းရဲ၏ အဆုံးကို ပြုခြင်းငှါလည်းကောင်း၊ ဘေးမရှိသော အကြင်စကားကို ဆိုတော်မူ၏။ ထိုစကားသည်သာ စကားတို့တွင်အမှန်ပင် မြတ်သော စကားတော်ပေတည်း”ဟု (မိန့်တော်မူ၏)။
……………………………………………………………………………………………………
……………………………………………………………………………………………………

⃣(၈)⃣

" စကားအင်္ဂါ ငါးတန် "

အင်္ဂုတ္ထိုရ်ပါဠိ >>> ပဉ္စကနိပါတ် >>>
ဝါစာသုတ်  >>>> ၌
“စကားအရာ အင်္ဂါငါးတန်”ဟု မိန့်၏၊
၁။အခြေအနေ အချိန်အခါကြည့်၍ ပြောရ၏၊
၂။မှန်ကန်စွာ ပြောရ၏၊
၃။ယဉ်ကျေး သိမ်မွေ့စွာ ပြောရ၏၊
၎။အကျိုးရှိသည်ကို ပြောရ၏၊
၅။မေတ္တာစိတ်နှင့် ပြောရ၏၊

ရဟန်းတို့ အင်္ဂါ ငါးမျိုးတို့နှင့် ပြည့်စုံသော စကားသည် ကောင်းစွာ ဆိုအပ်သည် မည်၏၊ မကောင်းသဖြင့် ဆိုအပ်သည် မမည်၊ အပြစ်လည်း မရှိ၊ ပညာရှိတို့လည်း မကဲ့ရဲ့အပ်။ အဘယ်ငါးမျိုးတို့နည်းဟူမူ- အခါကာလအားလျော်စွာ ပြောဆိုအပ်သည်လည်းဖြစ်၏။ မှန်ကန်သော စကားကို ပြောဆိုအပ်သည်လည်း ဖြစ်၏။ သိမ်မွေ့သော စကားကို ပြောဆိုအပ်သည်လည်း ဖြစ်၏။ အကျိုးစီးပွါးနှင့် စပ်သော စကားကို ပြောဆိုအပ်သည်လည်း ဖြစ်၏။ မေတ္တာစိတ်ဖြင့် ပြောဆိုအပ်သည်လည်း ဖြစ်၏။ ရဟန်းတို့ ဤအင်္ဂါငါးမျိုးတို့နှင့် ပြည့်စုံသော စကားသည် ကောင်းစွာ ဆိုအပ်သည် မည်၏၊ မကောင်းသဖြင့် ဆိုအပ်သည် မမည်၊ အပြစ်လည်း မရှိ၊ ပညာရှိတို့လည်း မကဲ့ရဲ့အပ်ဟု (မိန့်တော်မူ၏)

_________________________________________________

⃣ (၉) ⃣

____________________________________________

ဤမျှဖြင့် စာရှုသူအနေနှင့်
___________________________________

''ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊ ဝိနယော စ သုသိက္ခိတော။

သုဘာသိတာ စ ယာ ဝါစာ၊ ဧတံ မင်္ဂလမုတ္တမံ။ "
___________________________________________

အကြားအမြင်များခြင်းလည်းကောင်း, (အပြစ်မရှိသော) အတတ်ကို တတ်ရခြင်းလည်းကောင်း, (မိမိတို့ဆိုင်ရာ)ကျင့်ဝတ် ဝိနည်းဥပဒေကို ကောင်းစွာ ကျင့်သုံးရခြင်းလည်းကောင်း, စကားကို ကောင်းစွာ ဆိုခြင်းလည်းကောင်း
ဤတရာလေးပါးသည် မြင့် မြတ်သော မင်္ဂလာတရားတည်းဆိုသည်အား
ထိုက်သင့်သလောက် သိမြင်လောက်ပြီဟု မျှော်လင့်ရင်း
" မြတ်ဗုဒ္ဓဟောကြား မင်္ဂလာတရား "  အမှတ်စဉ် (၃) ကို
နိဂုံး ချုပ်လိုက်ရပေတော့သည်။🔵 🔵 🔵

                         #မောင်သုခ
                          (8- Jun-2017)

credit photo. org uploader...