⃣ပိဋကတ်တော်လာ သင်္ကန်းဝတ်တိရစ္ဆာန်နှင့် လူယုတ်မာများ…⃣⃣
⃣ (၁)⃣
" သဒ္ဒါလွန်၍ တဏှာကျွံ တတ် "
သင်္ကန်းဝတ်ထားသည် ဆိုလျှင် ထေရဝါဒ ဗုဒ္ဓဘာသာဝင်များသည်
အလွန်တရာ ကြည်ညို သဒ္ဒါပွါး၍ ရိုသေမြတ်နိုးတတ်ကြလေ၏။
ဤသည်မှာ မြတ်နိုးဖွယ် ယဉ်ကျေးမှု အလေ့အထဖြစ်ပါသော်လည်း
ကျွန်တော်တို့သည် ဘုရားကို စေတီကွယ် တရားကို စာပေကွယ်
သံဃာကို ဘုန်းကြီးကွယ် ဆိုသည်မျိုးမဖြစ်ရအောင်
အထူးဂရုပြုသင့်ကြပေသည်။ ❀ ❀ ❀
⃣ (၂)⃣
" ဘုရားကို စေတီကွယ်ပုံ "
' ဘုရားကို စေတီကွယ် '
' တရားကို စာပေကွယ် '
' သံဃာကို ဘုန်းကြီးကွယ် ' ဆိုသည့် ဆိုလိုရင်း
အဓိပ္ပါယ်ကိုလည်း တည်တောဆရာတော်ကြီး၏
ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ တွင် ဖော်ပြထားသည်မှာ
ဘုရားကို စေတီကွယ်ဆိုရာ၌ စေတီပုထိုးများ၌ ဝတ်ပြုရာတွင်
ဘုရားရှင်၏ ဂုဏ်တော်ကို ပွားများအောက်မေ့ရမည့်အစား
စေတီတော်ကိုရှိခိုးပြီး စေတီတော်၌သာ ပြီးဆုံးနေပါလျှင်
ဂုဏ်တော်တွေကို စေတီက ကွယ်နေသည်ဖြစ်သည့်အတွက်
အဲသည်လို စေတီ မကွယ်ဘဲ ဂုဏ်တော်ကိုသတိရဖို့အတွက်
ဘုရားကို စေတီ ကွယ်တယ်လို့ ပြောဆိုကြခြင်းဖြစ်ကြောင်း…❀ ❀ ❀
⃣ (၃)⃣
" တရားကို စာပေကွယ်ပုံ "
တရားကို စာပေကွယ်ဆိုရာ၌ ဆိုလိုရင်း က
ဘုရားရှင်ရဲ့တရားတော်ဟာ အလှကြည့်ဖို့၊ အပျော်နား ထောင်ဖို့
မဟုတ်ပါဘူး။ ကျင့်သင့်တာကို ကျင့်ဖို့၊ ရှောင်သင့် တာကို ရှောင်ဖို့
ဟောကြားထားတာဖြစ်ပါတယ်။ အကြင်ပုဂ္ဂိုလ် ဟာ တရားတော်ကို
စာပေ၌မျှသာ လမ်းဆုံးနေမည်။ ဓမ္မက ထိက၏ အဟောအသံမျှ၌သာ
လမ်းဆုံးနေမည် ဆိုပါလျှင် ထိုပုဂ္ဂိုလ်များ ကို ရည်ရွယ်ပြီး တရားကို
စာပေကွယ်တယ်၊ ဓမ္မကထိက ကွယ်တယ်လို့ ရှေးဆရာများက
ဆိုခဲ့ကြခြင်းဖြစ်ကြောင်း …❀ ❀ ❀
⃣ (၄)⃣
" သံဃာကို ဘုန်းကြီးကွယ်ပုံ "
သံဃာကို ဘုန်ကြီးကွယ်တယ်ဆိုတဲ့ စကားဟာလည်း
အနုဿတိဆယ်ပါးမှာ သံဃာနုဿတိကို ရည်ညွှန်းတဲ့စကားပဲ။
သံဃာ နုဿတိ သံဃာတော်ကို အဖန်တလဲလဲ အောက်မေ့နေ
ရမည်ဆိုသော်လည်း သင်္ကန်း ဝါဝါဝတ်ထားသော ဘုန်းကြီးအပေါင်း
ဆိုလိုသည်မဟုတ်။ ထိုဘုန်းကြီးအပေါင်းရဲ့ သန္တာန်မှာ တည်ရှိတဲ့
သုပ္ပဋိပန္နအစ ပုညက္ခေတ္တံအဆုံးရှိတဲ့ ဂုဏ်တော် ကို
ဆင်ခြင်ပွားများရမှာဖြစ်၍ အတွင်းက ဂုဏ်တော်ကို မမြင်ပဲ
အပြင်အပ သဏ္ဍာန်မျှကိုသာ မြင်နေလျှင် ဂုဏ် တော်ကိုပုဂ္ဂိုလ်က
ဖုံးနေလို့၊ သံဃာကို ဘုန်းကြီးကွယ်တယ် လို့ ဆိုကြခြင်းဖြစ်ကြောင်း
ရှင်းလင်းတင်ပြထားသည်ကို မှတ်သားဖွယ်တွေ့ရပါသည်။❀ ❀ ❀
⃣ (၅)⃣
" ထေရဝါဒ ဗုဒ္ဓဘာသာဝင်များ ရိုးအပုံ "
ဤသို့ဆိုလေက ကျွန်တော်တို့ ထေရဝါဒ ဗုဒ္ဓဘာသာဝင်အများစုသည်
ဘုရားကို စေတီကွယ် တရားကို စာပေကွယ် သံဃာကို
ဘုန်းကြီးကွယ် ဆိုသည့် မိရိုးဖလာ ထေရဝါဒ အမျိုးအစားထဲ မသိမသာ
သိသိသာသာ ပါဝင်နေကြသည်ကိုလည်း မြင်တွေ့ရ၏။
သင်္ကန်းဝတ်ထားသော ရဟန်းတပါးပါးက မည်သို့ပင်
ရဟန်းကျင့်ဝတ် လူ့ကျင့်ဝတ်ဖောက်ဖျက်၍ ယုတ်မာနေစေကာမူ
" ဟဲ့ မပြောနဲ့ မဆိုနဲ့ ငရဲကြီးမယ် " ဟူသည့် လူကြီးသူမတို့
စကားသံကို ကြားဖူးကြပေလိမ့်မည်။ဤသည်မှာ
ဘုရားကို စေတီကွယ် တရားကို စာပေကွယ်
သံဃာကို ဘုန်းကြီးကွယ် ဆိုသကဲ့သို့ ဘုန်းကြီးကို
သင်္ကန်းကွယ်သွားခြင်းပင် ဖြစ်လေတော့သည်။
သင်္ကန်းဝတ်ထားလျှင် သူခိုး မုဒိန်း လူသတ်သမား
တိရစ္ဆာန်သည်ပင်ဖြစ်နေစေကာမူ ဘုန်းကြီးအရာသွင်းလိုက်ကြသည့်
ကျွန်တော်တို့ လူကြီးသူမ တို့သည် အလွန်ရိုးအ လွန်းကြသည်
မဟုတ်ပါလော ။❀ ❀ ❀
⃣ (၆)⃣
" သာသနာဖျက်များ သင်္ကန်းအရေခြုံလာကြပုံ "
ဤရိုးအ အပြစ်ကင်းသော ထေရဝါဒ ဗုဒ္ဓဘာသာဝင်များ၏
အားနည်းချက်ကို အခွင့်ကောင်းယူ၍ ယနေ့ခေတ်ကာလ
လူယုတ်မာ လူဆိုး သူခိုး မုဒိန်းများသည် အကြောင်းကိစ္စရှိလေက
သင်္ကန်းအရေခြုံ ပစ်လိုက်ကြပြီး ဘာသာဝင် မိရိုးဖလာတို့၏ ပူဇော်အထူးကို
ဗြောင်ကျကျ အကန်တော့ခံ အပူဇော်ခံလာကြပေပြီ။
သာသနာတော်သည် လူယုတ်မာများ ခိုအောင်းရာ
နေရာဋ္ဌာနဖြစ်လာပြီး သင်္ကန်းသည် လူယုတ်မာ များ၏
အဝတ်အစားဖြစ်လာမည်ကိုတော့ မည်သည့် ထေရဝါဒ
ဗုဒ္ဓဘာသာဝင်မျှ မလိုလားပါဟု ကျွန်တော် ယုံကြည်၏။
အောက်ဖော်ပြပါ တိပိဋကလာ တရားတော်များ၌
သင်္ကန်းဝတ်ထားတိုင်း ရသေ့ ရဟန်း မဟုတ်သည်ကို
တွေ့ရမည်ဖြစ်ဖြစ်ပြီး သင်္ကန်းဝတ်ထားတိုင်းလည်း
ရဟန်းအကျင့်မရှိ သင်္ကန်းဝတ်ထားတိုင်း
ရဟန်းဟု ဘုရားရှင် မဟောကြား စသည်များကို
တွေ့မြင်ရပေမည်။❀ ❀ ❀
⃣ (၇)⃣
(၃) ကလျာဏဝဂ် >>> မက္ကဋဇာတ် >>>
" ရသေ့ယောင်ဆောင်သော မျောက်ကို ဘုရားအလောင်းက
မီးစနှင့် ပစ်ပုံ …"
ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုစဉ်
ဘုရားအလောင်းသည် ကာသိက ရွာငယ်တစ်ခုတွင်
ပုဏ္ဏားမျိုးဖြစ်၏။
မယားဖြစ်သူု ပုဏ္ဏေးမသည် သားတစ်ယောက် ဖွားမြင်၍
သားငယ် ပြေးသွားနိုင်သောအခါ ပုဏ္ဏေးမသည် သေလွန်လေ၏။
ပုဏ္ဏားသည် ပုဏ္ဏေးမ အလောင်းကို သင်္ဂြိုဟ်ပြီး
ငါ့မှာ အိမ်ရာထောင်ခြင်းဖြင့် အကျိုးမရှိပြီဟု လူဘောင်ကို ငြီးငွေ့လျက်
သားငယ်ကိုယူကာ ကျန်ရစ်သော ဆွေမျိုးအပေါင်းကို စွန့်လွှတ်ပြီးလျှင်
ဟိမ၀န္တာ အရပ်သို့ သွား၍ ရသေ့ရဟန်းပြုကာ နေလေ၏။
မိုးအခါဝယ် တစ်နေ့သ၌ မိုးရွာသည်ရှိသော်
ချမ်းအေးသဖြင့် မီးမွှေးလှုံပြီးလျှင် သစ်ပျဉ်ပြားပေါ်တွင် အိပ်၏။
သားဖြစ်သော ရသေ့ငယ်သည် အဖရသေ့၏ ခြေတို့ကို
ဆုပ်နယ်လျက်နေ၏။
ထိုအခါ မျောက်တကောင်သည် အလွန်ချမ်းအေးသဖြင့်
ကျောင်းတွင်း၌ရှိသော မီးကိုမြင်လျှင် ငါသည် ယခုအနေဖြင့်
ကျောင်းတွင်းသို့ အကယ်၍ ၀င်ငြားအံ့၊ ငါ့ကို မျောက် မျောက်ဟုဆိုကာ ရိုက်ပုတ်၍ နှင်ထုတ်သဖြင့် မီးမလှုံရ ဖြစ်လတ္တံ့။ အကြောင်းတခုရှိသည်၊ ငါသည် ရသေ့တို့ အသွင်ကိုယူကာ ကျောင်းတွင်းသို့ဝင်၍ မီးလှုံမည်ဟု ကြံစည်ကာ ရသေ့တို့ သင်္ကန်းကို ၀တ်ရုံပြီးလျှင် ခြင်းတောင်းနှင့် တံချူကို ကိုင်၍ ကျောင်းတံခါးရှိ ထန်းပင်ကိုမှီကာ ဆောင့်ကြိုက်ထိုင်လျက် နေလေ၏။
ရသေ့သည် ထိုမျောက်ကို မြင်လျှင် မျောက်မှန်း မသိဘဲ
ရသေ့အိုတပါး ချမ်းသဖြင့် မီးလှုံလာသည် မှတ်ထင်လျက်
ကျောင်းတွင်းသို့ ၀င်စေပြီးလျှင် မီးလှုံစေမည်ဟု ကြံစည်လျက် ဖခင်ရသေ့အား -
“ဖခင် ရသေ့အိုတပါး ထန်းပင်ရင်းမှာ မှီနေပါ၏။ ကျွန်ုပ်တို့မှာလည်း
မီးတင်းကုပ်ရှိပါ၏။ ချမ်းလာသော ထိုရသေ့အိုအား မီးတင်းကုပ်တွင် မီးလှုံပါစေ -
ဟု ပြောဆိုလေ၏။
ရသေ့ကြီးလည်း သားရသေ့၏ စကားကိုကြားလျှင် ထ၍
သစ်ရွက်မိုး ကျောင်းတံခါးတွင်ရပ်၍ ကြည့်လတ်သော်
မျောက်အဖြစ်ကိုသိ၍ သားရသေ့ငယ်အား >>>
“ချစ်သား … သီလရှိသော ရသေ့၏ မျက်နှာကား ဤကဲ့သို့မဟုတ်၊
ဤသတ္တ၀ါကား မျောက်ဖြစ်၏။ ဤမျောက် ကျောင်းတွင်းသို့ ၀င်သည်ရှိသော်
ကျောင်းကို ဖျက်ဆီးလိမ့်မည်၊ မခေါ်လေနှင့်” ဟု ပြောဆိုတားမြစ်ပြီး
ရသေ့ယောင်ဆောင်ထားသော မျောက်အား ဤအရပ်တွင်
မနေလင့်ဟု မာန်ကာ မီးစတစ်ခုဖြင့် ပစ်၍ ပြေးစေ၏။
မျောက်သည် သင်္ကန်းကို စွန့်၍ သစ်ပင်သို့ တက်ကာ
တောသို့ဝင်လေ၏။ ရသေ့ကြီးလည်း ဗြဟ္မ၀ိဟာရ တရားလေးပါးကို
ပွားများ၍ ဗြဟ္မာပြည်သို့ လားရ၏။❀ ❀ ❀
⃣ (၈)⃣
(၉) အပါယိအမှဝဂ် >>> ကုဟကဇာတ်
ဗာရာဏသီပြည့်ရှင် ဗြဟ္မဒတ်မင်း လက်ထက်က
ရွာသား တစ်ယောက်သည် ရသေ့တဦးကို ကိုးကွယ်ထား၏။
ထိုရွာသားသည် ခိုးသားဓားပြဘေးကြောင့် ရွေစင်နိက္ခ တရာကို
ရသေ့၏ ကျောင်းအနီး၌ မြေမှာမြှုတ်၍ ရသေ့ကို
စောင့်ရှောက်ပေးရန် မှာကြား၏။
ရသေ့သည် “ရွှေစင်နိက္ခ တစ်ရာဆိုလျှင်
လူဘောင်မှာ ချောင်ချောင် လည်လည် နေနိုင်ပြီ”ဟု
ကောက်ကျစ်သော အကြံ အစည်ဖြစ်၍ ရွှေများကို
တခြားနေရာသို့ ပြောင်းရွှေ့ မြှုတ်နှံထား လိုက်၏။
မရိုးသားသော စိတ်ဖြင့် သူတပါး ပိုင်သော
ပစ္စည်းကို နေရာ ပြောင်းရွှေ့မှုသည် ခိုးယူခြင်းပင် ဖြစ်၏။
ထို့နောက် ရသေ့သည် " အနေကြာလျှင် ဒကာတို့အပေါ်
သံယောဇဉ် ဖြစ်တတ်သည်။ တစ်ခြား အရပ်သို့ သွားတော့မည်"ဟု
ရွာသားကိုပြော၍ ထွက်ခွာရန် ပြင်၏။ ဒကာသည် သူကြည်ညိုသော ရသေ့ကို တားမရသောကြောင့် ရွာတံခါးအထိ လိုက်ပို့ နှုတ်ဆက်၏။
ရသေ့သည် အတန်ငယ် သွားပြီးနောက်
ဒကာထံသို့ ပြန်လာ၍ "ဒကာ သင့်အိမ်အမိုးက
သက်ငယ်မြက်တစ်ပင် ငါ့ဆံပင်ကြားမှာ ငြိပါလာသည်။
ရသေ့ရဟန်း မည်သည် မပေးလှူလျှင် မြက်တစ်ပင်ကိုမျှ မယူကောင်း"ဟုဆိုကာ ဆံကျစ်ကြားမှ မြက်ပင်ကို ဒကာအား ပေး၏။
ဒကာသည် ရသေ့ကား ရိုးသားလှပေစွဟု
အောက်မေ့ကာ ရသေ့ကို တိုး၍ ကြည်ညိုသွား၏။
ထို့နောက် ရသေ့သည် နေရာပြောင်း၍ ခိုးဝှက်ထားသော
ရွှေတို့ကို သွားယူ၏။
ထိုအချိန်၌ ဒကာ၏အိမ်မှာ ဘုရားလောင်း ရောက်ရှိနေ၏။
ဘုရားလောင်းသည် ရသေ့၏စကား၌ မရိုးသားမှုကို
တွေ့မြင်ရသောကြောင့် ရွှေတို့ကို သွားကြည့်စေ၏။ မူလနေရာ၌ ရွှေများ
မတွေ့ရတော့၍ ရသေ့နောက်သို့ အမြန်လိုက်ကြရာ
ရွှေများနှင့်တကွ ရသေ့ကို ဖမ်းမိလေ၏။❀ ❀ ❀
⃣ (၉)⃣
(၈)ကာသာဝဝဂ် >>> ကာသာဝ ဇာတ်
ဗာရာဏသီမှ သူဆင်းရဲတဦးသည် ဆင်စွယ်လုပ်ငန်း
ရှင်များအတွက် ဆင်စွယ်ရှာရန် ဟိမဝန္တာသို့ ဝင်၏။
သူဆင်းရဲသည် သင်္ကန်းကို ခြုံ၍ ဆင်တို့ကြည်ညိုသော
ရှင်ပစ္စေက ဗုဒ္ဓါ အသွင်ယူကာ ဆင်တို့အနီးအနားကို
ကပ်၏။ ဆင်များက ရှင်ပစ္စေက ဗုဒ္ဓါ အမှတ်ဖြင့်
စိတ်ချလက်ချဖြစ်သောအခါ ဆင်များကို သတ်ပြီး
ဆင်စွယ်တို့ကို ရောင်းချလေ၏။
ဘုရားအလောင်းဆင်မင်းသည် ရိပ်စားမိ၍
သူဆင်းရဲကို ဖမ်းမိသောအခါ ရဟန္တာတို့တံခွန်သဖွယ်ဖြစ်သော
သင်္ကန်းကို အလေးအမြတ်ပြုသောအားဖြင့် " သင်နှင့် မအပ်စပ်
မသင့်လျော်သော သင်္ကမ်းကိုခြုံကာ ယုတ်မာဘိ၏။ယနေ့မှစ၍
ဤနေရာသို့ မလာနှင့် အကယ်၍ လာခဲ့လျှင် အသက်ပျောက်မည်"ဟု
ကြိမ်းမောင်းကာ အသက်ချမ်းသာ ပေးလိုက်လေ၏။❀ ❀ ❀
⃣ (၁၀)⃣
" ရဟန်းဖြစ်စေ လူဖြစ်စေ အကျင့် အရေးကြီးပုံ "
တိပိဋက >>> သုတ္တန်ပိဋက >>>
အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် >>>
မဟာဝဂ္ဂသံယုတ် >>> ၃-မိစ္ဆတ္တဝဂ် >>>
၎-ဒုတိယ ပဋိပဒါသုတ် >>>
ရဟန်းတို့ လူ၏ အကျင့်ဖြစ်စေ၊ ရဟန်း၏ အကျင့်ဖြစ်စေ
မှားသောအကျင့် ကိုငါဘုရား မချီးမွမ်း။
ရဟန်းတို့ လူ၏ အကျင့်ဖြစ်စေ၊ ရဟန်း၏ အကျင့်ဖြစ်စေ မှန်သောအကျင့်ကို ငါဘုရား ချီးမွမ်း၏။ ရဟန်းတို့ လူဖြစ်စေ၊ ရဟန်းဖြစ်စေ ကောင်းစွာ ကျင့်သည်ရှိသော် ကောင်းစွာ ကျင့်ခြင်းဟူသောအကြောင်းကြောင့် အသင့်အားဖြင့် ဖြစ်သော (အရိယမဂ်) ကုသိုလ်တရားကို ပြီးစေနိုင်၏။❀ ❀ ❀
⃣ (၁၁)⃣
" သင်္ကန်းဝတ်တိုင်း ရဟန်းဟု ဘုရားရှင်မဟောကြား "
တိပိဋက >>> သုတ္တန်ပိဋက >>> မဇ္ဈိမနိကာယ်
မူလပဏ္ဍာသပါဠိတော် >>> (၄) မဟာယမကဝဂ် >>>
(၁၀) ခုမြောက် စူဠအဿပုရသုတ် >>>
" ရဟန်းတို့ ချုပ်စပ်ထားသော အဝတ်ကို ဆောင်သူအား
ချုပ်စပ်ထားသော အဝတ်ကိုဆောင်ရုံမျှဖြင့် ရဟန်းအဖြစ်ကို
ငါ မဟောပေ။ "
"ရဟန်းတို့ ချုပ်စပ်ထားသောအဝတ်ကို ဝတ်ရုံထားသော်လည်း
ဤလောက၌ အချို့သော ရှေးရှုကြံစည်ခြင်းများသူ, ဖျက်ဆီးလိုစိတ်ရှိသူ, အမျက်ထွက်လေ့ရှိသူ, ရန်ငြိုးဖွဲ့ခြင်းရှိသူ, ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်းရှိသူ, ဂုဏ်ပြိုင်ခြင်းရှိသူ, မနာလိုခြင်းရှိသူ, ဝန်တိုခြင်းရှိသူ,
စဉ်းလဲကောက်ကျစ်ခြင်းရှိသူ, လှည့်ပတ်ခြင်းရှိသူ, အလိုဆိုးရှိသူ,
အယူမှားရှိသူတို့ကို ငါတွေ့မြင်နေရသောကြောင့် ချုပ်စပ်ထားသော
အဝတ်ကိုဝတ်ရုံသူအား ချုပ်စပ်ထားသော အဝတ်ကို ဝတ်ရုံခြင်းမျှဖြင့်
ရဟန်းအဖြစ်ကို ငါ မဟောပေ။ "❀ ❀ ❀
⃣ (၁၂) ⃣
____________________________________________
ဤမျှဖြင့် စာရှုသူအနေနှင့်
___________________________________
ဘုရားကို စေတီကွယ် တရားကို စာပေကွယ်
သံဃာကို ဘုန်းကြီးကွယ် ဘုန်းကြီးကို
သင်္ကန်းကွယ် ဆိုသည်နှင့်
သင်္ကန်းဝတ်တိရစ္ဆာန်နှင့်လူယုတ်မာများအကြောင်းကို
ထိုက်သင့်သလောက် သိမြင်လောက်ပြီဟု မျှော်လင့်ရင်း
" သင်္ကန်းဝတ်တိရစ္ဆာန်နှင့်လူယုတ်မာများ " စာစုကို
နိဂုံး ချုပ်လိုက်ရပေတော့သည်။
မောင်သုခ
(28-May-2017)
credit photo. org uploader
No comments:
Post a Comment