Wednesday, March 15, 2017

လက်မောင်းရင်းမှကိုင်ကာ သံဃာ့အလယ်မှ နှင်ထုတ်ခံရသော ရဟန်း

" လက်မောင်းရင်းမှကိုင်ကာ_သံဃာ့အလယ်မှ_နှင်ထုတ်ခံရသော_ရဟန်း … "

သုတ္တန်ပိဋက >>> ခုဒ္ဒကနိကာယ် >>> ဥဒါန်းပါဠိတော် >>>
(၅) သောဏဝဂ် >>> (၅)  ဥပေါသထသုတ် >>>

(၁)

အခါတစ်ပါး၌ မြတ်စွာဘုရားသည်
သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်း မိဂါရမာတာဝိသာခါ၏
ပြာသာဒ်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည်
ထိုဥပုသ်နေ့၌ ရဟန်းသံဃာခြံရံလျက် နေတော်မူ၏။

ထိုအခါ အသျှင်အာနန္ဒာသည် ညဥ့်နက်သည်ဖြစ်၍
ပဌမယံလွန်လတ်သော် နေရာမှ ထကာ လက်ဝဲတစ်ဖက်ပခုံးထက်၌
ဧကသီကို စံပယ်တင်၍ မြတ်စွာဘုရားရှိရာသို့ လက်အုပ်ချီလျက်
ဤစကားကို လျှောက်၏ ”အသျှင်ဘုရား ညဥ့်နက်ပါပြီ။ ပဌမယံ လွန်ပါပြီ။ ရဟန်းသံဃာထိုင်နေရသည်မှာကြာမြင့်ပါပြီ။ အသျှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းတို့အားပါတိမောက်ကို ပြတော်မူပါ”ဟု လျှောက်သော် မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေတော်မူ၏။

နှစ်ကြိမ်မြောက်လည်း အသျှင်အာနန္ဒာသည် ညဥ့်နက်သည်ဖြစ်၍
မဇ္ဈိမယံလွန်လတ်သော် နေရာမှ ထကာလက်ဝဲတစ်ဖက် ပခုံးထက်၌
ဧကသီကို စံပယ်တင်၍ မြတ်စွာဘုရားရှိရာသို့ လက်အုပ်ချီလျက
်”အသျှင်ဘုရား ညဥ့်နက်ပါပြီ။ မဇ္ဈိမယံ လွန်ပါပြီ။ ရဟန်းသံဃာထိုင်နေရသည်မှာ ကြာမြင့်ပါပြီ။ အသျှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းတို့အား
ပါတိမောက်ကို ပြတော်မူပါ”ဟု လျှောက်၏။
နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေတော်မူ၏။

သုံးကြိမ်မြောက်လည်း အသျှင်အာနန္ဒာသည်
ညဥ့်နက်သဖြင့် ပစ္ဆိမယံလွန်၍ နှစ်သက်ဖွယ်မျက်နှာကဲ့သို့
အရုဏ်တက်လတ်သော် နေရာမှ ထကာ လက်ဝဲတစ်ဖက်ပခုံးထက်၌
ဧကသီကို စံပယ်တင်၍မြတ်စွာဘုရား ရှိရာသို့ လက်အုပ်ချီလျက်
”အသျှင်ဘုရား ညဥ့်နက်ပါပြီ။ ပစ္ဆိမယံလွန်၍ နှစ်သက်ဖွယ်မျက်နှာကဲ့သို့
အရုဏ်တက်ပါပြီ။ ရဟန်းသံဃာထိုင်နေရသည်မှာ ကြာမြင့်လှပါပြီ။ အသျှင်ဘုရားမြတ်စွာဘုရားသည် ရဟန်းတို့အားပါတိမောက်ကို ပြတော်မူပါ”ဟု လျှောက်ထား၏။ အာနန္ဒာ ပရိသတ်မစင်ကြယ်သေးဟု (မိန့်တော်မူ၏)။

(၂)

ထိုအခါ ”မြတ်စွာဘုရားက အဘယ်သူကို ရည်၍
‘အာနန္ဒာ ပရိသတ်မစင်ကြယ်သေး’ဟု ” မိန့်တော်မူသနည်းဟု
အသျှင်မဟာမောဂ္ဂလ္လာန်အား အကြံဖြစ်၏။ ထို့နောက် အသျှင်မဟာမောဂ္ဂလ္လာန်သည်အလုံးစုံပါဝင်သော ရဟန်းအပေါင်း၏
စိတ်ကို မိမိစိတ်ဖြင့် ပိုင်းခြား၍ နှလုံးသွင်းတော်မူ၏။

အသျှင်မဟာမောဂ္ဂလ္လာန်သည် ယုတ်ညံ့သောအကျင့်ရှိသော
မစင်ကြယ်သည်ဖြစ်၍ ယုံမှားတွေးတောဖွယ်အကျင့်ရှိသော
အမှုကို ဖုံးကွယ်သော ရဟန်းမဟုတ်ဘဲ ရဟန်းဟု ဝန်ခံသော
မြတ်သောအကျင့်ကို မကျင့်ဘဲ မြတ်သောအကျင့်ကို ကျင့်၏ဟု ဝန်ခံသော
အတွင်းပုပ်သော ကိလေသာမိုးစွတ်သော အမှိုက်သဖွယ်ဖြစ်သော
ရဟန်းသံဃာအလယ်၌ ထိုင်နေသော ထိုဒုဿီလပုဂ္ဂိုလ်ကို မြင်၍
နေရာမှထပြီးလျှင် ထိုပုဂ္ဂိုလ်ထံသို့ ချဉ်းကပ်လျက် ထိုပုဂ္ဂိုလ်ကို

”ငါ့သျှင်ထလော့၊ မြတ်စွာဘုရားသည် သင့်ကို မြင်တော်မူ၏။
သင့်အား ရဟန်းတို့နှင့် အတူတကွ ပေါင်းသင်းမှု မရှိ”ဟု ဆိုသော်လည်း
ထိုပုဂ္ဂိုလ်သည် ဆိတ်ဆိတ်နေ၏။

နှစ်ကြိမ်မြောက်လည်း
အသျှင်မဟာမောဂ္ဂလ္လာန်သည် ထိုပုဂ္ဂိုလ်ကို
”ငါ့သျှင်ထလော့၊ မြတ်စွာဘုရားသည် သင့်ကို မြင်တော်မူ၏။
သင့်အား ရဟန်းတို့နှင့် အတူတကွ ပေါင်းသင်းမှုမရှိ”ဟု ဆိုသော်လည်း နှစ်ကြိမ်မြောက်လည်း။သုံးကြိမ်မြောက်လည်း ထိုပုဂ္ဂိုလ်သည်
ဆိတ်ဆိတ်နေ၏။

(၃)

ထိုအခါ အသျှင်မဟာမောဂ္ဂလ္လာန်သည် ထိုပုဂ္ဂိုလ်ကို
လက်မောင်း၌ ကိုင်လျက် တံခါးမုခ်ပြင်ဘက်သို့ ဆွဲထုတ်ပြီးလျှင်
တံခါးပိတ်ကာ မင်းတုတ်လျှို၍ မြတ်စွာဘုရားထံသို့
ချဉ်းကပ်ပြီးလျှင်မြတ်စွာဘုရားကို
”အသျှင်ဘုရား တပည့်တော်သည် ထိုရဟန်းကို ထွက်သွားစေပါပြီ။
ပရိသတ်စင်ကြယ်ပါပြီ။ အသျှင်ဘုရား မြတ်စွာဘုရားသည်
ရဟန်းတို့အားပါတိမောက်ကို ပြတော်မူပါ”ဟု လျှောက်ထား၏။

မောဂ္ဂလ္လာန်အံ့သြဖွယ်ရှိပေစွ၊ မောဂ္ဂလ္လာန် မဖြစ်ဖူးမြဲဖြစ်ပေစွ၊ ထို (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားသည် လက်မောင်းကို ကိုင်ထုတ်ရသည့်တိုင်အောင်ဆိုင်းငံ့နေဘိသေး၏ဟု (မိန့်တော်မူ၏)။

ထို့နောက်မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏-
ရဟန်းတို့ ငါဘုရားသည် ယခုအခါ သင်တို့သာ ဥပုသ်ပြုကြကုန်လော့၊ပါတိမောက်ပြကြကုန်လော့၊ ရဟန်းတို့ ယနေ့မှ အစပြု၍ ငါဘုရားသည်
ဥပုသ်မပြုတော့အံ့၊ပါတိမောက်မပြတော့အံ့၊ ရဟန်းတို့ မစင်ကြယ်သော ပရိသတ်၌ မြတ်စွာဘုရား ဥပုသ်ပြုခြင်းပါတိမောက်ပြခြင်းသည် အကြောင်းမဟုတ်၊
အခွင့်မဟုတ်။

ရဟန်းတို့ သီလမရှိသော ယုတ်ညံ့သော
သဘောရှိသော မစင်ကြယ်သော တွေးတောဖွယ်အကျင့် ရှိသော
အမှုကို ဖုံးကွယ်သော ရဟန်းမဟုတ်ဘဲ ရဟန်းဟု ဝန်ခံသော
မြတ်သောအကျင့်ကို မကျင့်ဘဲ မြတ်သောအကျင့်ကို ကျင့်၏ဟု ဝန်ခံသော
အတွင်းပုပ်သော ကိလေသာမိုးစွတ်သော အမှိုက်သဖွယ် ဖြစ်သော ဒုဿီလနှင့် သံဃာသည်မဆက်ဆံ၊ စင်စစ်မူကား စည်းဝေး၍ ထိုပုဂ္ဂိုလ်ကို လျင်စွာ နှင်ထုတ်ခြင်းထိုပုဂ္ဂိုလ်သည် ရဟန်းသံဃာအလယ်၌ ထိုင်နေစေကာမူ
သံဃာမှ ဝေးခြင်း သံဃာသည်လည်းထိုပုဂ္ဂိုလ်မှ ဝေးခြင်းသည်လည်း ဤဓမ္မဝိနယ ‘သာသနာတော်’၌ တတိယအံ့သြဖွယ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတည်း။ ယင်းသဘောကို မြင်ကုန်မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ ‘သာသနာတော်’၌ အလွန်မွေ့လျော်ကုန်၏ဟု မိန့်တော်မူလေ၏။

credit. The Great Buddha…
#မောင်သုခ_မျှဝေသည်။

အနာဂတ်သာသနာတွင် ဖြစ်ပေါ်လာမည့် ရဟန်းတို့ အကျင့်ပျက်စ

အနာဂတ်သာသနာတွင်_ဖြစ်ပေါ်လာမည့်_ရဟန်းတို့_အကျင့်ပျက်စီးပုံ

တိပိဋက >>>  ခုဒ္ဒကနိကာယ် >>>ထေရာဂါထာပါဠိ >>>
ဝီသနိနိပါတ် >>> (၁၆) ပါရာပရိယတ္ထေရဂါထာ >>>

ပါရာပရိယမထေရ် ရွတ်ဆိုခဲ့သော ဂါထာများကို ပြဆိုမည်ဖြစ်၏။ ဘုရားရှင်ပရိနိဗ္ဗာန်စံပြီးနောက် တွင် ထိုအရှင် ပရိနိဗ္ဗာန်စံခါနီး၌
အနာဂတ်သာသနာတွင် ဖြစ်ပေါ် လာမည့်ရဟန်းတို့၏
အကျင့်ပျက်စီးပုံကို ပြသောအားဖြင့် ရွတ်ဆိုသော
ဂါထာများ ဖြစ်သည်။

(၁)

(ပင်လုံးကျွတ်) ပွင့်လျက် တည်ရှိနေသော
အင်ကြင်းတောကြီး၌ တစ်ခုတည်းသော အာရုံရှိသည်ဖြစ်၍
ဆိတ်ငြိမ်မှု 'ဝိဝေက'ကို ပွါးလျက် ဈာန်ဝင်းစားကာ နေတော်မူသော
(ပါရာပရိယ) ရဟန်းအားကြံစည်မှု ဖြစ်ပေါ်လာ၏။

ယောက်ျားတကာတို့ထက် မြတ်တော်မူသော
လူသုံးပါးတို့၏ ကိုးကွယ်ရာဖြစ်တော် မူသောမြတ်စွာဘုရားသည် သက်တော်ထင်ရှားရှိတော်မူစဉ်က ရဟန်းတို့၏ အကျင့်သည်
တစ်မျိုးဖြစ်၏၊

ယခုအခါ၌မူကား ရဟန်းတို့၏အကျင့်
တစ်မျိုးတစ်ဖုံ ဖြစ်လာသည်ကို တွေ့ မြင်ရ၏။

(၂)

ရှေးအခါက ရဟန်းတို့သည်
ချမ်းအေးသော လေကို တားမြစ်၍ အရှက်အကြောက် ကို
ဖျက်ဆီးတတ်သည့် အင်္ဂါကြီးငယ်ကို ဖုံးလွှမ်းရုံ မျှတရုံမျှသာ
အကျိုးရှိသော သင်္ကန်းကို ရတတ်သမျှဖြင့်ရောင့်ရဲကြကုန်လျက်
သုံးဆောင်ကြကုန်၏။

အာသဝတရားအားလုံးကုန်ပြီးကုန်သော၊
များစွာဈာန်ဝင်စားလေ့ရှိကုန်သော၊ များမြတ်သောအကျိုးစီးပွါးတို့နှင့်
ပြည့်စုံကုန်သော ထိုမထေရ်တို့သည် ယခုအခါ ပရိနိဗ္ဗာန်
ပြုတော်မူကြကုန်ပြီ။

ယခုလက်ရှိကာလ၌ကား ထိုသို့သဘောရှိကုန်သော
မထေရ်တို့သည် အနည်းငယ်မျှသာ ကြွင်းကျန်ကုန်၏။

(၃)

(ဝဋ်မှ ထွက်မြောက်ခြင်း၏ အားကြီးသော
မှီရာအကြောင်းဖြစ်ကုန်သော ) ကုသိုလ်တရားတို့၏လည်းကောင်း၊
(ဝဋ်မှ ထွက်မြောက်ကြောင်း) ပညာ၏လည်းကောင်း
ကုန်ခြင်းကြောင့်အလုံးစုံသော  အခြင်းအရာအထူးတို့နှင့် ပြည့်စုံသော မြတ်စွာဘုရားသာသနာတော်သည် ပျက်ဆီးရချေ၏။

(ဤလောကကြီးသည်) ယုတ်ညံ့သော
ဒုစရိုက်တို့၏လည်းကောင်း၊ (လောဘ စသော)
ကိလေသာတရားတို့၏လည်းကောင်း ဖြစ်ပေါ်လာရာ
ကာလကြီးပေတည်း။

ကိလေသာတို့သည် (ယခုအခါ အခွင့်ရကုန်သည်ဖြစ်၍ ရဟန်းတို့၌)
ပွါးကုန် သည်ရှိသော် (ကလျဏမိတ္တကင်းသော) များစွာသော
လူအပေါင်းကို ပူးဝင်နိုင်ကုန်၏၊ ရက္ခိုက်ဘီလူးတို့သည် သူရူးတို့ကို (ပူးဝင်) ကစားကုန်သကဲ့သို့ (ထို့အတူ ရဟန်းမိုက်တို့ကို ပူးဝင်၍)
ကစားကြကုန်ယောင်တကား။

(၄)

သူတော်ကောင်းတရားကို စွန့်၍ အချင်းချင်းငြင်းခုံကြကုန်၏၊
မိစ္ဆာအယူတို့သို့ အစဉ်လိုက်ကြကုန်လျက် ဤအယူသည်သာ မြတ်၏ဟုလည်းမှတ်ထင်ကြကုန်၏။

ရဟန်းတို့သည် ဥစ္စာကိုလည်းကောင်း၊ သားသမီးကိုလည်းကောင်း၊ မယားကိုလည်းကောင်းစွန့်ပစ်ကြကုန်၍ အိမ်မှ ထွက်လာကြကုန်လျက် တစ်ဇွန်းတစ်ယောက်မမျှသော ဆွမ်းဟူသောအကြောင်းကြောင့်လည်း
ရဟန်းတို့ မပြုအပ်သော အမှုတို့ကို ပြုလုပ်မှီဝဲကုန်၏။

(ထိုရဟန်းတို့သည်) ဝမ်းဝဗိုက်ကား ဝအောင်စား၍
ပက်လက် အိပ်ကြကုန်ပြီးလျှင် အိပ်ရာမှနိုးကြကုန်သော်
မြတ်စွာဘုရား ကဲ့ရဲ့ဖွယ်ဖြစ်သော စကားကိုသာ ပြောဆိုကြကုန်၏။

(၅)

ထိုရဟန်းတို့သည် အဇ္ဈတ္တသန္တာန်၌ မငြိမ်းသော စိတ်ရှိကြကုန်သည်ဖြစ်၍ အတတ်ပညာသည်တို့ပြုလုပ်အပ်သော အတတ်ပညာမျိုးစုံတို့ကို
စိတ်ဝင်စားကုန်လျက် သင်ကြားကြကုန်၏၊ ရဟန်းတရားသည်ကား
(ထိုရဟန်းတို့နှင့်) သီးခြား ဖြစ်နေတော့၏။

ဆေးနှင့် သက်ဆိုင်ရာတို့၌ ဆေးဆရာတို့ကဲ့သို့လည်းကောင်း၊
ကိစ္စကြီးငယ် ပြုလုပ်ဖွယ်တို့၌လူတို့ကဲ့သို့လည်းကောင်း၊
(မိမိကိုယ်ကို) တန်ဆာဆင်ရာ၌ ပြည့်တန်ဆာမကဲ့ သို့လည်းကောင်း၊
အုပ်ချုပ်စိုးမိုးရာ၌ မင်းတို့ကဲ့သို့လည်းကောင်း ပြုမူကြကုန်၏။

စဉ်းလဲကြကုန်သည်ဖြစ်၍ လည်းကောင်း၊
လှည့်ပတ်ကြကုန်သည်ဖြစ်၍ လည်းကောင်း၊
မုသားသက်သေ ဖြစ်ကြကုန်၍ လည်းကောင်း၊ မစောင့်စည်းသော အသက်မွေးမှုရှိကြကုန်သည်ဖြစ်၍ လည်းကောင်း
ဤသို့များစွာသော မိစ္ဆာဇီဝစသော အသက်မွေးမှုတို့ဖြင့်
(ဆွမ်းပစ္စည်းစသော) အာမိသကို သုံးဆောင်ကြကုန်၏။

(၆)

မိမိအမှုကြီးငယ်ဟူသော အကြောင်းကြောင့်
ပရိသတ်ကို မိမိအား လုပ်ကျွေးစေကုန်၏၊ ဓမ္မဟူသော
အကြောင်းကြောင့် လုပ်ကျွေးစေသည် မဟုတ်ကုန်၊
လာဘ်ဟူသော အကြောင်းကြောင့်သူတစ်ပါးတို့အား
တရားဟောကုန်၏၊ အကျိုးစီးပွါးဟူသော အကြောင်းကြောင့်
တရားဟောသည်မဟုတ်ကုန်။

အရိယာသံဃာမှ အပဖြစ်သော ရဟန်းတို့သည်
သံဃာ့လာဘ်ဟူသော အကြောင်း ကြောင့်ငြင်းခုံကြကုန်၏၊
တစ်ပါးသူတို့၏ လာဘ်ကို မှီ၍ အသက်မွေးကုန်သော ရဟန်းတို့ သည် မကောင်းမှုကိုစက်ဆုပ်ခြင်း မရှိသောကြောင့် မရှက်ကုန်။

အချို့သူတို့သည် ထို့အတူ ပင် တရားတို့နှင့်
မယှဉ်ကုန်သည်ဖြစ်၍ ဦးပြည်းကြကာ သင်္ကန်းကိုဝတ်ရုံကြကုန်လျက်
လာဘ်ပူဇော်သကာ၌ တွေဝေကုန်သည်ဖြစ်၍ ချီးမွမ်း
မြှောက်စားခြင်းကိုသာလျှင့် အလိုရှိကုန်၏။

(၇)

ဤသို့ ဆိုအပ်ပြီးသောနည်းဖြင့်
အထူးထူးအပြားပြားသော အခြင်းအရာဖြင့်
ကိလေသာဖြစ်စိမ့်သောငှါ အားထုတ်အပ်သည်ရှိသော်
ယခုအခါ၌ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်အခါကကဲ့သို့
စောင့်စည်ခြင်းငှါ ပြုလျက်  မရအပ်သေးသော (ဈာန်ဝိပဿနာ) တရားကိုရခြင်းငှါလည်းကောင်း၊ ရပြီးသော (ဈာန်ဝိပဿနာ)
တရားတို့ကို ကောင်းစွာစောင့်ရှောက်ခြင်းငှါလည်းကောင်း
မလွယ်ကူတော့ချေ။

(ယောက်ျားသည်) ဆူးရှိရာ အရပ်၌ ဖိနပ်မစီးဘဲ
(လှည့်လည်သည်ရှိသော်) (ငါ့ကို ဆူးမစူးစေလင့်ဟု သတိထား၍) လှည့်လည်သွားလာသကဲ့သို့ ထို့အတူ (ကိလေသာဆူးရှိရာ)
ရွာ၌ (လှည့်လည်သော) ရဟန်းသည် သတိကို ဖြစ်စေလျက်
လှည့်လည်သွားလာရာ၏။

ဤအကျင့်ပဋိပတ်အစီအရင်ကို ဆိုပြီး၍
အင်ကြင်းတော၌ (သဒ္ဓါစသော) ဣနြေ္ဒကို ပွါးစေပြီးသောမကောင်းမှုကို
အပပြုပြီးသော တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်း ကင်းပြီးသော
သီလက္ခန္ဓစသောတရားအပေါင်းကို ရှာမှီးပြီးသော
(ပါရာပရိယမည်သော ) ရဟန်းသည် ပရိနိဗ္ဗာန်ပြုတော်မူ၏။

ဤသို့လျှင် ပါရာပရိယမထေရ်သည် ရွတ်ဆို၏။

Credit .The Great Buddha
#မောင်သုခ_မျှဝေသည်။

မတော်မလျော်နေသော ရဟန်းသာမဏေများကို အပြစ်ပြောသင့် မပြောသင့်"

"မတော်မလျော်နေသော_ရဟန်းသာမဏေများကို_အပြစ်ပြောသင့်_မပြောသင့်"

" အမရပူရမြို့  ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံ ဆရာတော် "
" အရှင် ဇနကာ ဘိဝံသ "
" သိပ္ပံ အမြင်နှင့် ဗုဒ္ဓဘာသာ အမေး/အဖြေ "

စာမျက်နှာ - ၁၀၀ l မေးခွန်း အမှတ် (၃၅ )

မေး >>>> 
မတော်မလျော်နေသော
ရဟန်း သာမဏေများကိုအပြစ်ပြောလျှင်
အကုသိုလ်ဖြစ်ပါသလား …???

ဖြေ >>>> 

စိတ်ရင်းက သာသနာတော် ကောင်းစားစေလိုတဲ့
စေတနာရှိယင် အကုသိုလ် မဖြစ်ဘူး ။

#မောင်သုခ_မျှဝေသည်

အပြောအဆိုခက်သော_ရဟန်းဆိုသည်မှာ_အဘယ်နည်း

" အပြောအဆိုခက်သော_ရဟန်းဆိုသည်မှာ_အဘယ်နည်း…??? "

တိပိဋက >>> သုတ္တန်ပိဋက >>> မဇ္ဈိမနိကာယ် >>>
မူလပဏ္ဏာသပါဠိတော် >>> (၂) သီဟနာဒဝဂ် >>>
(၅).အနုမာနသုတ်  >>>

(၁)

အခါတစ်ပါး၌
အသျှင်မဟာမောဂ္ဂလာန်သည် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ ဘေသကဠမည်သောမိဂဒါဝုန်တော၌ သီတင်းသုံးနေတော်မူ၏။
ထိုသို့နေတော်မူရာ အသျှင်မဟာမောဂ္ဂလာန်သည်
ရဟန်းတို့ကို ”ငါ့သျှင် ရဟန်းတို့” ဟု ခေါ်တော်မူ၏။
”ငါ့သျှင်” ဟု ထိုရဟန်းတို့သည်အသျှင်မဟာမောဂ္ဂလာန်အား
ပြန်ကြားလျှောက်ထားကြကုန်၏။
အသျှင်မဟာမောဂ္ဂလာန်သည် ဤသို့ မိန့်ဆိုတော်မူ၏။

(၂)

”ငါ့သျှင်တို့ အကြင် ရဟန်းသည်
အပြောအဆိုခက်သူ  lအပြောအဆိုခက်ကြောင်းတရားတို့နှင့် ပြည့်စုံသူ l
သည်းခံခြင်းမရှိသူ l အဆုံးအမကိုရိုသေစွာနာယူလေ့မရှိသူ ဖြစ်ခဲ့သော်
ထိုရဟန်းကို သီတင်းသုံးဖော်တို့က ပြောဆိုထိုက်သည်ဟုလည်းမထင်မှတ်ကြကုန်၊ ဆုံးမထိုက်သည်ဟုလည်း မထင်မှတ်ကြကုန်၊ ထိုပုဂ္ဂိုလ်၌ အကျွမ်းဝင်ခြင်းသို့ ရောက်ထိုက်သည်ဟုလည်း မထင်မှတ်ကြကုန်။ "

(၃)

ငါ့သျှင်တို့ အပြောအဆိုခက်ကြောင်းတရားတို့ဟူသည်
အဘယ်တို့နည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည်
အလိုဆိုးရှိ၏၊ အလိုဆိုးတို့၏ အလိုသို့ လိုက်တတ်၏။
ငါ့သျှင်တို့ ရဟန်း၏ ဤအလိုဆိုးရှိခြင်း အလိုဆိုးတို့၏
အလိုသို့လိုက်ခြင်း သဘောသည်လည်း
အပြောအဆိုခက်ကြောင်းတည်း။

(၄)

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည်
မိမိကိုယ်ကို မြှင့်တင်တတ်၏၊ သူတစ်ပါးကို ရှုတ်ချတတ်၏၊
ငါ့သျှင်တို့ ရဟန်း၏ ဤမိမိကိုယ်ကို မြှင့်တင်ခြင်း သူတစ်ပါးကို ရှုတ်ချခြင်း သဘောသည်လည်းအပြောအဆို ခက်ကြောင်းတည်း။

(၅)

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည
် အမျက်ထွက်တတ်၏၊ အမျက်လွှမ်းမိုးခံရ၏၊
ငါ့သျှင်တို့ရဟန်း၏ ဤအမျက်ထွက်ခြင်း အမျက်လွှမ်းမိုးခံရခြင်း
သဘောသည်လည်း အပြောအဆိုခက်ကြောင်းတည်း။

(၆)

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည်
အမျက်ထွက်တတ်၏၊ အမျက်ထွက်ခြင်းအကြောင်းကြောင့် ရန်ငြိုးဖွဲ့တတ်၏၊
ငါ့သျှင်တို့ ရဟန်း၏ ဤအမျက်ထွက်ခြင်း
အမျက်ထွက်ခြင်းအကြောင်းကြောင့်ရန်ငြိုးဖွဲ့ခြင်း
သဘောသည်လည်း အပြောအဆိုခက်ကြောင်းတည်း။

(၇)

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည်
အမျက်ထွက်တတ်၏၊ အမျက်ထွက်ခြင်းအကြောင်း ကြောင့်အစွဲကြီး၏၊
ငါ့သျှင်တို့ ရဟန်း၏ ဤအမျက်ထွက်ခြင်း အမျက်ထွက်ခြင်းအကြောင်းကြောင့် အစွဲကြီးခြင်းသဘောသည်လည်း အပြောအဆိုခက်ကြောင်းတည်း။

(၈)

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည်
အမျက်ထွက်တတ်၏၊ အမျက်နှင့်နီးစပ်သော စကားကိုမြွက်ဆိုတတ်၏။
ငါ့သျှင်တို့ ရဟန်း၏ ဤအမျက်ထွက်ခြင်း အမျက်နှင့်နီးစပ်သော
စကားကို မြွက်ဆိုခြင်း သဘောသည်လည်း
အပြောအဆိုခက်ကြောင်းတည်း။

(၉)

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည်
စောဒကက စောဒနာသော် စောဒကကို ဆန့်ကျင်ဘက်ပြု၏။
ငါ့သျှင်တို့ ရဟန်း၏ ဤစောဒကက စောဒနာသော် စောဒကကို ဆန့်ကျင်ဘက်ပြုခြင်းသဘောသည်လည်း
အပြောအဆိုခက်ကြောင်းတည်း။

(၁၀)

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည်
စောဒကက စောဒနာသော် စောဒကကို ကြိမ်းမောင်း၏။
ငါ့သျှင်တို့ ရဟန်း၏ ဤစောဒကက စောဒနာသော် စောဒကကို ကြိမ်းမောင်းခြင်းသဘောသည်လည်း
အပြော အဆိုခက်ကြောင်းတည်း။

(၁၁)

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည်
စောဒကက စောဒနာသော် စောဒကကို (အပြစ်) ပြန်တင်၏။
ငါ့သျှင်တို့ ရဟန်း၏ ဤစောဒကက စောဒနာသော်
စောဒကကို (အပြစ်) ပြန်တင်ခြင်းသဘောသည်လည်း
အပြောအဆို ခက်ကြောင်းတည်း။

(၁၂)

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည်
စောဒကက စောဒနာသော် စောဒကကို စကားတစ်မျိုးဖြင့်
စကားတစ်မျိုးကို ဖုံးလွှမ်း၏၊ စကားကို အပသို့ လွှဲဖယ်၏၊
အမျက်ထွက်ခြင်း ပြစ်မှားခြင်းစိတ်ဆိုးခြင်းကို ထင်ရှားပြု၏။
ငါ့သျှင်တို့ ရဟန်း၏ ဤစောဒကက စောဒနာသော် စောဒကကို
စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို ဖုံးလွှမ်းခြင်း စကားကို
အပသို့ လွှဲဖယ်ခြင်း အမျက်ထွက်ခြင်း ပြစ်မှားခြင်း
စိတ်ဆိုးခြင်းကို ထင်ရှားပြုခြင်းသဘောသည်လည်း
အပြောအဆိုခက်ကြောင်းတည်း။

(၁၃)

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည်
စောဒကက စောဒနာသော် စောဒကအား ဖြစ်စဉ်အတ္ထုပ္ပတ္တိကို
ပြေလည်အောင် မဖြေဆိုနိုင်။ ငါ့သျှင်တို့ ရဟန်း၏ ဤစောဒကက
စောဒနာသော် စောဒကကို (မိမိ၏) ဖြစ်စဉ် အတ္ထုပ္ပတ္တိကို
ပြေလည်အောင် မဖြေဆိုနိုင်ခြင်းသဘောသည်လည်း
အပြောအဆိုခက်ကြောင်းတည်း။

(၁၄)

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည်
ဂုဏ်ကျေးဇူးကို ချေဖျက်တတ်၏။ ဂုဏ်ပြိုင်တတ်၏။
ငါ့သျှင်တို့ ရဟန်း၏ ဤဂုဏ်ကျေးဇူးကို ချေဖျက်ခြင်း
ဂုဏ်ပြိုင်ခြင်း သဘောသည်လည်း
အပြောအဆိုခက် ကြောင်းတည်း။

(၁၄)

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည်
မနာလိုတတ်၊ ဝန်တိုတတ်၏။ ငါ့သျှင်တို့ ရဟန်း၏ဤမနာလိုခြင်း ဝန်တိုခြင်းသဘောသည်လည်း အပြောအဆိုခက်ကြောင်းတည်း။

(၁၅)

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် စဉ်းလဲတတ်၏၊
လှည့်ပတ်တတ်၏။ ငါ့သျှင်တို့ ရဟန်း၏ဤစဉ်းလဲခြင်း
လှည့်ပတ်ခြင်း သဘောသည်လည်း အပြောအဆိုခက်ကြောင်းတည်း။

(၁၆)

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ခက်ထန်၏၊
အလွန်မောက်မာ၏။ ငါ့သျှင်တို့ ရဟန်း၏့ဤခက်ထန်ခြင်း
အလွန်မောက်မာခြင်း သဘောသည်လည်း
အပြောအဆိုခက်ကြောင်းတည်း။

(၁၇)

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည်
မိမိအယူကို စွဲလန်းတတ်၏၊ မြဲမြံစွာ ယူတတ်၏၊ စွန့်နိုင်ခဲ၏။
ငါ့သျှင်တို့ ရဟန်း၏ ဤမိမိအယူကို စွဲလန်းခြင်း မြဲမြံစွာယူခြင်း စွန့်နိုင်ခဲခြင်း သဘောသည်လည်း အပြောအဆိုခက်ကြောင်းတည်း။
ငါ့သျှင်တို့ ဤသဘောတို့ကို အပြောအဆိုခက်ကြောင်းတို့ဟူ၍ဆိုရ၏။

(၁၈)

ဝိနည်းပါဠိတော် >>>
သုရာပါနဝဂ် >>> (၄) အနာဒရိယ >>>

ဝိနည်းလမ်းကြောင်းဖြင့် ပြောဆိုသော ရဟန်းကိုဖြစ်စေl
ဝိနယဓမ္မ ကိုဖြစ်စေ မရိုသေလျှင် အနာဒရိယသုဒ္ဓ ပါစိတ်အာပတ်သင့်၏။
မရိုသေခြင်းကို ပြုအံ့ l အားထုတ်ခြင်းကို (ပယောဂ၌) ဒုက္ကဋ် ။
ပြုပြီးသည်ရှိသော် ပါစိတ် အာပတ်သင့်၏။

သုတ် အဘိဓမ္မာလာ တရားတော်ဖြင့် ရဟန်း၏
ဆိုဆုံးမခြင်းကို ဖြစ်စေl ဝိနည်းဖြင့်သော်လည်းကောင်း
သုတ် အဘိဓမ္မာလာ တရားတော်ဖြင့် သော်လည်းကောင်း
လူ , သာမဏေ တို့၏ ပြောဆိုခြင်းကိုဖြစ်စေ မရိုသေလျှင်
ဒုက္ကဋ် အာပတ်သင့်၏။

Credit - The Great Buddha
#မောင်သုခ_မျှဝေသည်။

ရဟန်းတို့ရဲ့ မြတ်သောသီလဟူသည် အဘယ်နည်း

" #ရဟန်းတို့ရဲ့_မြတ်သောသီလဟူသည်_အဘယ်နည်း…??? "

တိပိဋက >>> သုတ္တန်ပိဋက နိကာယ်ငါးရပ်  >>> ဒီဃနိကာယ် >>>
သီလက္ခန်ပါဠိတော် >>>  (၂) သာမညဖလသုတ် >>>

(၁)

ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင်
အဇာတသတ်မင်းသည် မြတ်စွာဘုရားထံသို့ချဉ်းကပ်ပြီးလျှင်
မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ရပ်ပြီးသော်
ကြည်လင်သော အိုင်ကြီးကဲ့သို့ (ငြိမ်သက်သော)
ဆိတ်ဆိတ်နေသော ရဟန်းသံဃာကို အဖန်ဖန်
ကြည့်ရှု၍ (ဤသို့) ဥဒါန်းကျူးရင့်၏ >>>

”ယခုအခါ ရဟန်းသံဃာသည် အကြင်
ငြိမ်သက်ခြင်းနှင့် ပြည့်စုံ၏၊ ငါ၏ (သား) ဥဒယဘဒ္ဒ မင်းသားသည်
ဤငြိမ်သက်ခြင်းနှင့် ပြည့်စုံပါစေသတည်း”ဟု
ဥဒါန်း ကျူးရင့်၏။

”မင်းကြီး ချစ်မြတ်နိုးရာသို့ သင် (စိတ်အားဖြင့်)
ရောက်သွားလေပြီ”ဟု မြတ်စွာဘုရားက မိန့်တော်မူ၏။

”အရှင်ဘုရား ဥဒယဘဒ္ဒမင်းသားကို အကျွန်ုပ် ချစ်ပါ၏၊
အရှင်ဘုရား ယခုအခါ ရဟန်းသံဃာသည်အကြင်
ငြိမ်သက်ခြင်းနှင့် ပြည့်စုံ၏၊ အကျွန်ုပ်၏ (သား)
ဥဒယဘဒ္ဒမင်းသားသည် ဤငြိမ်သက်ခြင်းနှင့်ပြည့်စုံပါစေသတည်း”ဟု
အဇာတသတ်မင်းက လျှောက်၏။

အောက်တွင် ဖော်ပြလတ္တံ့သည့် ရဟန်းတို့၏
စူဠသီလ မဇ္ဈိမသီလ မဟာသီလ တို့သည်
ဘုရားရှင်က အဇာတသတ်မင်းကို ဟောကြားခြင်းဖြစ်၏။

(၂)

စူဠသီလ

မင်းကြီး ရဟန်းသည် အဘယ်သို့လျှင်
အကျင့်သီလနှင့် ပြည့်စုံသနည်း။ မင်းကြီး ဤလောက၌ရဟန်းသည်
အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊
တုတ်ကို ချထားပြီး ဖြစ်၏၊ လက်နက်ကို ချထားပြီး ဖြစ်၏၊
ရှက်ခြင်းရှိ၏၊ သနားတတ်၏၊ ခပ်သိမ်းသော သတ္တဝါ တို့၏
အစီးအပွားကို လိုလားလျက် နေ၏။
ဤသည်လည်း ထိုရဟန်း၏ သီလပေတည်း။

မပေးသည်ကို ယူခြင်းကို ပယ်၍ မပေးသည်ကို ယူခြင်းမှ
ရှောင်ကြဉ်၏၊ ပေးသည်ကိုသာ ယူ၏၊ ပေးသည်ကိုသာ အလိုရှိ၏၊
မခိုးမဝှက်၊ စင်ကြယ်သော ကိုယ်ဖြင့် နေ၏။ ဤသည်လည်း
ထိုရဟန်း၏သီလ ပေတည်း။

မမြတ်သော အကျင့်ကို ပယ်၍ မြတ်သော အကျင့်ကို ကျင့်၏၊
ယုတ်သော အကျင့်ကို ကျင့်လေ့မရှိ၊ ရွာသူတို့၏ အလေ့ဖြစ်သော
မေထုန်အကျင့်မှ ရှောင်ကြဉ်၏၊ ဤသည်လည်း
ထိုရဟန်း၏ သီလပေတည်း။

မမှန်ပြောခြင်းကို ပယ်၍ မမှန်ပြောခြင်းမှ ရှောင်ကြဉ်၏၊
အမှန်ကိုသာ ဆိုလေ့ရှိ၏၊ မှန်သောစကားချင်း ဆက်စပ်စေ၏၊
တည်သော စကားရှိ၏၊ ယုံကြည်ထိုက်သော စကားရှိ၏၊
လောကကိုလှည့်စားတတ်သူ မဟုတ်။ ဤသည်လည်း
ထိုရဟန်း၏ သီလပေတည်း။

ကုန်းစကားကို ပယ်၍ ကုန်းစကားမှ ရှောင်ကြဉ်၏၊
ဤသူတို့ထံမှ နားထောင်၍ (ထိုသူတို့နှင့်) ဤသူတို့
ကွဲပြားခြင်းငှါ ထိုသူတို့ထံ၌ မပြောတတ်၊ ထိုသူတို့ထံမှ နားထောင်၍
(ဤသူတို့နှင့်) ထိုသူတို့ကွဲပြားခြင်းငှါ ဤသူတို့ထံ၌ မပြောတတ်၊
ဤသို့ ကွဲပြားသူတို့ကိုလည်း စေ့စပ်တတ်၏၊ ညီညွတ်သူတို့ကိုလည်း
အားပေးတတ်၏၊ ညီညွတ်ခြင်း၌ မွေ့လျော်၏၊ ညီညွတ်ခြင်း၌ ပျော်ပိုက်၏၊ ညီညွတ်ခြင်းကိုနှစ်သက်၏၊ ညီညွတ်ခြင်းကို ပြုသော
စကားကို ဆိုလေ့ရှိ၏။ ဤသည်လည်း ထိုရဟန်း၏
သီလပေတည်း။

ကြမ်းသော စကားကို ပယ်၍ ကြမ်းသော
စကားမှ ရှောင်ကြဉ်၏၊ အကြင် စကားသည် အပြစ်ကင်း၏၊
နားချမ်းသာ၏၊ နှစ်လိုဖွယ်ရှိ၏၊ နှလုံးသို့ သက်၏၊ ယဉ်ကျေး၏၊
လူအများ နှစ်သက်၏၊ လူ အများ နှစ်ခြိုက်၏၊ ထိုသို့သဘောရှိသော
စကားကိုသာ ဆို၏။ ဤသည်လည်း ထိုရဟန်း၏သီလပေတည်း။

ပြိန်ဖျင်းသော စကားကို ပယ်၍ ပြိန်ဖျင်းသော
စကားမှ ရှောင်ကြဉ်၏၊ (သင့်သော) အခါ၌သာ ဆိုလေ့ရှိ၏၊
ဟုတ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အကျိုးနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊
တရားနှင့်စပ်သည် ကိုသာဆိုလေ့ရှိ၏၊ အဆုံးအမနှင့်
စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ (သင့်သော) အခါ၌ အကြောင်းနှင့် တကွ သောအပိုင်းအခြားရှိသော အစီးအပွားနှင့်စပ်သော
မှတ်သားလောက်သော စကားကိုသာ ဆိုလေ့ရှိ၏။
ဤသည်လည်း ထိုရဟန်း၏ သီလပေတည်း။

မျိုးစေ့အပေါင်း အပင်အပေါင်းကို ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်၏။

ဆွမ်းတစ်နပ်သာ စားလေ့ရှိ၏၊ ညစာစားခြင်းမှ ရှောင်ကြဉ်၏၊
နေလွဲစားခြင်းမှ ရှောင်ကြဉ်၏၊ ကခြင်းသီခြင်း တီးမှုတ်ခြင်း
(သူတော်ကောင်းတရား၏) ဆူးငြောင့်ဖြစ်သော (ပွဲ) ကြည့်ခြင်းမှ
ရှောင်ကြဉ်၏၊ ပန်းပန်ခြင်း နံ့သာခြယ်ခြင်း နံ့သာပျောင်းလိမ်းခြင်းမှ
ရှောင်ကြဉ်၏၊ မြင့်သောနေရာ မြတ်သော နေရာမှရှောင်ကြဉ်၏၊

ရွှေငွေကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ ကောက်စိမ်းကို ခံယူခြင်းမှ
ရှောင်ကြဉ်၏၊ အသားစိမ်းကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊
မိန်းမအို မိန်းမပျိုကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ ကျွန်မိန်းမကျွန်ယောက်ျားကို
ခံယူခြင်းမှ ရှောင်ကြဉ်၏၊ ဆိတ်နှင့် သိုးကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊
ကြက် ဝက်ကိုခံယူခြင်းမှ ရှောင်ကြဉ်၏၊ ဆင် နွား မြင်း မြည်းကို
ခံယူခြင်းမှ ရှောင်ကြဉ်၏၊ လယ်နှင့်ယာကိုခံယူခြင်းမှ ရှောင်ကြဉ်၏၊

တမန်အမှု အစေအပါးအမှုကို ဆောင်ရွက်ခြင်းမှ ရှောင်ကြဉ်၏၊
ဝယ်မှု ရောင်းမှုမှ ရှောင် ကြဉ်၏၊ ချိန်စဉ်းလဲ အသပြာစဉ်းလဲ
ခြင်တွယ်တိုင်းတာ စဉ်းလဲခြင်းမှ့ရှောင်ကြဉ်၏၊ တံစိုးယူခြင်း
လှည့်ဖြားခြင်း အတုပြု၍ လိမ်ခြင်းတည်းဟူသော
ကောက်ကျစ်ခြင်းမှရှောင်ကြဉ်၏၊ ဖြတ်ခြင်း သတ်ခြင်းနှောင်ဖွဲ့ခြင်း
(ခရီးသွားတို့ကို) လုယက်ခြင်း (ရွာနိဂုံးတို့ကို) ဖျက်ဆီးခြင်း
ဓားပြတိုက်ခြင်းမှရှောင်ကြဉ်၏။ ဤသည်လည်း ထိုရဟန်း၏
သီလပေတည်း။

စူဠသီလ ပြီး၏။

(၃)

မဇ္ဈိမသီလ

ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည်
ယုံကြည်၍၁ လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင်
ဤသို့သော မျိုးစေ့အပေါင်း အပင်အပေါင်း ဖျက်ဆီးခြင်းကို ပြုလျက်
နေကြ၏။ ဤသည်တို့ကား အဘယ်နည်း၊ အမြစ်မျိုးစေ့ ပင်စည်မျိုးစေ့
အဆစ်မျိုးစေ့ အညွန့်မျိုးစေ့ ငါးခုမြောက် အစေ့မျိုးစေ့တို့တည်း၊
(ရဟန်းသည်) ဤသို့သော မျိုးစေ့အပေါင်း အပင်အပေါင်းကို
ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်၏။ ဤသည်လည်း ထိုရဟန်း၏
သီလပေတည်း။

ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည်
ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင်
ဤသို့သော သိုမှီးသုံးဆောင်ခြင်းကို ပြုလျက် နေကြ၏၊
ဤသည်တို့ကား အဘယ်နည်း၊ ဆွမ်းကို သိုမှီးခြင်း အဖျော်ကို
သိုမှီးခြင်း အဝတ်ကို သိုမှီးခြင်း ယာဉ်ကို သိုမှီးခြင်းအိပ်ရာကို
သိုမှီးခြင်း နံ့သာကို သိုမှီးခြင်း (အခြား) စားသုံးဖွယ်ကို
သိုမှီးခြင်းတို့တည်း၊ (ရဟန်းသည်) ဤသို့သော သိုမှီး
သုံးဆောင်ခြင်းမှ ရှောင်ကြဉ်၏။ ဤသည်လည်း
ထိုရဟန်း၏ သီလပေတည်း။

ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည်
ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင်
ဤသို့သော (သူတော်ကောင်းတရား၏) ဆူးငြောင့်ဖြစ်သော
(ပွဲ) ကြည့်ခြင်းကို ပြုလျက် နေကြ၏၊

ဤသည်တို့ကား အဘယ်နည်း၊ ကခြင်း သီခြင်း တီးမှုတ်ခြင်းသဘင်ပွဲ
စာဟောပွဲ လက်ဝါးတီးပွဲ ကြေးနင်း ခွက်ခွင်းစသည် တီးပွဲ စည်တီးပွဲ
ပန်းချီပြပွဲသံလုံးကစားပွဲ ဝါးထောင်၍ ကစားပွဲ အရိုးဆေးပွဲ ဆင်တိုက်ပွဲ
မြင်းတိုက်ပွဲ ကျွဲတိုက်ပွဲ နွားတိုက်ပွဲဆိတ်တိုက်ပွဲ သိုးတိုက်ပွဲ ကြက်တိုက်ပွဲ
ငုံးတိုက်ပွဲ တုတ်သိုင်းပွဲ လက်ဝှေ့ထိုးပွဲ လက်ပမ်းလုံးပွဲ စစ်ထိုးပွဲစစ်သည်
စစ်ဆေးပွဲ စစ်ဆင်ပွဲ စစ်အင်ကျင်းပွဲတို့တည်း၊
(ရဟန်းသည်) ဤသို့သော (သူတော်ကောင်းတရား၏)
ဆူးငြောင့်ဖြစ်သော (ပွဲ) ကြည့်ခြင်းမှ ရှောင်ကြဉ်၏။
ဤသည်လည်း ထိုရဟန်း၏သီလပေတည်း။

(၄)

ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည်
ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင်
မေ့လျော့ကြောင်းဖြစ်သော လောင်းကစားခြင်းကို ပြုလျက်
နေကြ၏၊

ဤသည်တို့ကား အဘယ်နည်း၊ ရှစ်ကွက်ကျားကစားခြင်း
ဆယ်ကွက်ကျားကစားခြင်း ကောင်းကင်ကျားကစားခြင်း
ဖိုးလမင်းကျားကစားခြင်း ဇယ်တောက်ကစားခြင်း အန်ကစားခြင်း ကျည်းသားရိုက်ကစားခြင်းစုတ်ခတ်ရေးကစားခြင်း ဂေါ်လီကစားခြင်း
ပီပီမှုတ်ကစားခြင်း ထွန်ငယ်ဖြင့်ကစားခြင်းကျွမ်းထိုးကစားခြင်း
စကြာဖြင့်ကစားခြင်း ခြင်ခွက်ငယ်ဖြင့် ကစားခြင်း ရထားငယ်ဖြင့်ကစားခြင်း လေးငယ်ဖြင့်ကစားခြင်း အက္ခရာဝှက်ကစားခြင်း
စိတ်အကြံဖော်တမ်းကစားခြင်းကျိုးယောင် ကန်းယောင်ပြု၍
ကစားခြင်းတို့တည်း၊

(ရဟန်းသည်) ဤသို့သော  မေ့လျော့ကြောင်းဖြစ်သော
လောင်းကစားခြင်းမှ ရှောင်ကြဉ်၏။
ဤသည် လည်း ထိုရဟန်း၏သီလပေတည်း။

(၅)

ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည်
ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင်
ဤသို့သော မြင့်သောနေရာ မြတ်သောနေရာကို သုံးစွဲခြင်းပြုလျက်နေကြ၏၊

ဤသည်တို့ကား အဘယ်နည်း၊ မြင့်လွန်းသောနေရာ၊ ပလ္လင်၊
မွေးရှည်ကော်ဇောကြီး၊ ဆန်းကြယ်သော သားမွေးအခင်း၊
ဖြူသောသားမွေးအခင်း၊ ပန်းပြောက်ခြယ် သားမွေးအခင်း၊
လဲသွတ်အခင်း၊ ရုပ်ပုံခြယ်သားမွေးအခင်း၊ နှစ်ဖက်မွေးရှိအခင်း၊
တစ်ဖက်မွေးရှိအခင်း၊ ရွှေချည်ထိုးအခင်း၊ ပိုးချည်အခင်း၊ သားမွေးခင်းကြီး၊
ဆင်ကုန်းနှီး၊ မြင်းကုန်းနှီး၊ ရထားခင်းနှီး၊ သစ်နက်ရေအခင်း၊
ဝံပိုင့်ရေအခင်းမြတ်၊ (နီသော) မျက်နှာကြက်နှင့် အုံးနီနှစ်ဖက်ရှိ
နေရာတို့တည်း၊

(ရဟန်းသည်) ဤသို့သော မြင့်သောနေရာ
မြတ်သောနေရာမှ ရှောင်ကြဉ်၏။ ဤသည်လည်းထိုရဟန်း၏
သီလပေတည်း။

(၆)

ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည်
ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင်
ဤသို့သော လိမ်းခြယ်ခြင်း ဆင်ယင်ခြင်းကို ပြုလျက် နေကြ၏။

ဤသည်တို့ကား အဘယ်နည်း။ (နံ့သာဖြင့်) ပွတ်သပ်ခြင်း၊
(ဆီဖြင့်) ဆုပ်နယ်ခြင်း၊ (နံ့သာဖြင့်) ရေချိုးခြင်း၊ (လက်ရုံးကြီးထွားရန်)
ထုရိုက်ခြင်း၊ မှန်ကြည့်ခြင်း၊ မျက်စဉ်းဆေးခြယ်ခြင်း၊ ပန်းပန်ခြင်း၊
နံ့သာခြယ်ခြင်း၊ နံ့သာပျောင်းလိမ်းကျံခြင်း၊ မျက်နှာကို ခြယ်ခြင်း၊
မျက်နှာကို လိမ်းကျံခြင်း၊ လက်ဝတ်တန်ဆာဆင်ခြင်း၊ သျှောင်ထုံးခြင်း၊
လက်ကိုင်တုတ် ဆောင်ခြင်း၊ ကျည်တောက်လွယ်ခြင်း၊
သန်လျက်ဆောင်ခြင်း၊ (ဆန်းကြယ်သော) ထီးကို ဆောင်းခြင်း၊
ဆန်း ကြယ်သော ဖိနပ်ကိုစီးခြင်း၊ သင်းကျစ်ဖွဲ့ခြင်း၊ ပတ္တမြားဆံကျင်ထိုးခြင်း၊
သားမြီးယပ် ဆောင်ခြင်း၊ အမြိတ်ရှည်ဝတ်ဖြူတို့ကို ဝတ်ခြင်းတို့တည်း။

(ရဟန်းသည်) ဤသို့ လိမ်းခြယ်ခြင်း ဆင်ယင်ခြင်းမှ ရှောင်ကြဉ်၏။
ဤသည်လည်း ထိုရဟန်း၏ သီလပေတည်း။

(၇)

ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည်
ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင်
ဤသို့သော ဖီလာစကား၅ကို ပြောလျက် နေကြ၏၊

ဤသည်တို့ကားအဘယ်နည်း၊ မင်းနှင့်စပ်သောစကား
ခိုးသူနှင့်စပ်သောစကား အမတ်ကြီးနှင့် စပ်သောစကား
စစ်သည်နှင့်စပ်သောစကား ကြောက်ဖွယ်နှင့်စပ်သောစကား
စစ်ထိုးခြင်းနှင့် စပ်သောစကား စားဖွယ်နှင့်စပ်သောစကား
သောက်ဖွယ်နှင့်စပ်သောစကား အဝတ်နှင့်စပ်သော စကား
အိပ်ရာနှင့်စပ်သောစကား ပန်းနှင့်စပ်သောစကား
နံ့သာနှင့်စပ်သောစကား ဆွေမျိုးနှင့်စပ်သောစကား
ယာဉ်နှင့်စပ်သောစကား ရွာနှင့်စပ်သောစကားနိဂုံးနှင့်စပ်သောစကား
မြို့နှင့်စပ်သောစကား နယ်နှင့်စပ်သောစကား မိန်းမနှင့်စပ်သောစကား
ယောက်ျားနှင့်စပ်သော စကား သူရဲကောင်းနှင့်စပ်သောစကား
လမ်း၆နှင့်စပ်သောစကား ရေခပ်ဆိပ်နှင့် စပ်သော
စကားသေလွန်သူနှင့်စပ်သောစကား အထွေထွေနှင့်စပ်သောစကား
လောက (အကြောင်း) နှင့် စပ်သောစကားသမုဒ္ဒရာ
(အကြောင်း) နှင့်စပ်သောစကား ကြီးပွားခြင်း ဆုတ်ယုတ်ခြင်းနှင့်
စပ်သော စကားတို့တည်း။

(ရဟန်းသည်) ဤသို့သော ဖီလာစကားကို
ပြောခြင်းမှ ရှောင်ကြဉ်၏။ ဤသည်လည်း
ထိုရဟန်း၏သီလပေတည်း။

(၈)

ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည်
ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင်
ဤသို့သော အငြင်းစကားကို ပြောလျက် နေကြ၏၊

ဤသည်တို့ကားအဘယ်နည်း။
သင်သည် ဤဓမ္မဝိနယကို မသိ၊ ငါသည် ဤဓမ္မဝိနယကို သိ၏၊
သင်သည် ဤဓမ္မ၇ ဝိနယ၈ကို အသို့ သိနိုင်အံ့နည်း၊
သင်သည် မှားသောအကျင့်ရှိသူ ဖြစ်၏၊ ငါသည် မှန်သောအကျင့်ရှိသူဖြစ်၏၊
ငါ၏ စကားသည် စေ့စပ်၏၊ သင်၏ စကားသည် မစေ့စပ်၊ သင်သည် ရှေးဦးဆိုသင့်သည်ကိုနောက်မှ ဆို၏၊ နောက်မှ ဆိုသင့်သည်ကို
ရှေးဦးဆို၏၊ သင်၏ ကြာမြင့်စွာ လေ့လာထားသော စကားသည်
(သင့်ဆီသို့) ပြန်လှည့်၍ တည်လေပြီ၊ သင့်အယူ၌ ရှိသော အပြစ်ကို
ငါ တင်ပြပြီ၊ သင်အရေးနိမ့်ပြီ၊ (ငါ တင်ပြသော) အပြစ်မှ
လွတ်မြောက်ရန် ရှာကြံချေဦးလော့၊ အကယ်၍စွမ်းနိုင်လျှင်လည်း (
ယခုပင်) ဖြေရှင်းလော့၊ ဤသည်တို့တည်း။

(ရဟန်းသည်) ဤသို့သောအငြင်းစကားကို ပြောခြင်းမှ
ရှောင်ကြဉ်၏။ ဤသည်လည်း ထိုရဟန်း၏ သီလပေတည်း။

(၉)

ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည်
ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင်
တမန်အမှု အစေအပါးအမှု ဆောင်ရွက်ခြင်းကို ပြုလျက် နေကြ၏၊

ဤသည်တို့ကား အဘယ်နည်း၊ မင်းတို့၏ အမတ်ကြီးတို့၏ မင်းမျိုးတို့၏
ပုဏ္ဏားတို့၏ သူကြွယ်တို့၏လုလင်ပျိုတို့၏ ဤအရပ်မှ
(ထိုအရပ်သို့) သွားလော့၊ ထိုအရပ်မှ (ဤအရပ်သို့) လာလော့၊
ဤသည်ကို (ဤအရပ်မှ) ဆောင်သွားလော့၊ ဤသည်ကို (ထိုအရပ်မှ)
ဆောင်ခဲ့လော့ဟူသော အမှုတို့တည်း၊

(ရဟန်းသည်) ဤသို့သော တမန်အမှု အစေအပါးအမှု
ဆောင်ရွက်ခြင်းမှ ရှောင်ကြဉ်၏။ ဤသည်လည်းထိုရဟန်း၏
သီလပေတည်း။

(၁၀)

ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည်
ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင်
(လာဘ်အလို့ငှာ) အံ့ဖွယ်လည်း ဖြစ်စေကုန်၏၊ မြှောက်ပင့်၍လည်း
ပြောကုန်၏၊ အရိပ်အခြည်လည်း ပြကုန်၏၊ အတင်းအကျပ်လည်း ပြုကုန်၏၊
လာဘ်ဖြင့် လာဘ်ကိုလည်း ရှာမှီးကုန်၏၊ ဤသည်တို့တည်း၊

(ရဟန်းသည်) ဤသို့သော (လာဘ်အလို့ငှါ)
အံ့ဖွယ်ဖြစ်စေခြင်း မြှောက်ပင့်ခြင်းမှ ရှောင်ကြဉ်၏။
ဤသည်လည်း ထိုရဟန်း၏ သီလပေတည်း။

မဇ္ဈိမသီလ ပြီး၏။


(၁၁)

မဟာသီလ

ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည်
ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် မှားသောအသက်မွေးမှုဖြစ်သော ဤသို့သော
ဖီလာအတတ်ဖြင့်အသက်မွေးကြ၏။

ဤသည်တို့ကား အဘယ်နည်း၊
အင်္ဂကျမ်း နိမိတ်ကျမ်း ဥပ္ပါတကျမ်း အိပ်မက်ကျမ်းလက္ခဏာကျမ်း
ကြွက်ကိုက်ကျမ်း မီးပူဇော်ခြင်း ယောက်မဖြင့်ပူဇော်ခြင်း
ဖွဲဖြင့်ပူဇော်ခြင်း ဆန်ကွဲဖြင့်ပူဇော်ခြင်း ဆန်ဖြင့်ပူဇော်ခြင်း
ထောပတ်ဖြင့်ပူဇော်ခြင်း ဆီဖြင့်ပူဇော်ခြင်း ခံတွင်းဖြင့်ပူဇော်ခြင်း
သွေးဖြင့်ပူဇော်ခြင်း အင်္ဂဝိဇ္ဇာအတတ် မြေကြန်အတတ်
မင်းမှုရေးရာအတတ် ဘေးငြိမ်းခြင်းကို ပြုသောအတတ်
ဖုတ်တစ္ဆေအတတ်  မြေအိမ်၌ သင်ယူရသောအတတ် မြွေအတတ် အဆိပ်အတတ်ကင်းမြီးကောက် အတတ် ကြွက်ခဲနာကုအတတ်
ငှက်သံအတတ် ကျီးသံအတတ် အသက်ဟောအတ် မြားလွဲအတတ်
သားမြည်သံအတတ် ဤသည်တို့တည်း။

(ရဟန်းသည်) မှားသောအသက်မွေးမှုဖြစ်သောဤသို့သော
ဖီလာအတတ်ဖြင့် (အသက်မွေးခြင်း) မှ ရှောင်ကြဉ်၏။
ဤသည်လည်း ထိုရဟန်း၏သီလပေတည်း။

(၁၂)

ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည်
ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် မှားသောအသက်မွေးမှုဖြစ်သော ဤသို့သောဖီလာအတတ်ဖြင့်
အသက်မွေးကြ၏။

ဤသည်တို့ကား အဘယ်နည်း၊ ကျောက်မျက်လက္ခဏာ
အဝတ်အထည်လက္ခဏာ တုတ်တောင်ဝှေးလက္ခဏာ
ဓားလက္ခဏာ သန်လျက်လက္ခဏာ မြားလက္ခဏာလေးလက္ခဏာ
(ကြွင်းသော) လက်နက် လက္ခဏာ မိန်းမလက္ခဏာ
ယောက်ျားလက္ခဏာသတို့သားလက္ခဏာ သတို့သမီးလက္ခဏာ
ကျွန် ယောက်ျားလက္ခဏာ ကျွန်မိန်းမလက္ခဏာ ဆင်လက္ခဏာမြင်းလက္ခဏာ
ကျွဲလက္ခဏာ နွားလား လက္ခဏာ နွားလက္ခဏာ ဆိတ်လက္ခဏာ
သိုးလက္ခဏာကြက်လက္ခဏာ ငုံးလက္ခဏာ ဖွတ်လက္ခဏာ
အထွတ်‘ ကဏ္ဏိကာ’ လက္ခဏာ လိပ်လက္ခဏာသားကောင်လက္ခဏာ
ဤသည်တို့တည်း၊

(ရဟန်းသည်) မှားသောအသက်မွေးမှုဖြစ်သော
ဤသို့သောဖီလာအတတ်ဖြင့် (အသက်မွေးခြင်း) မှ ရှောင်ကြဉ်၏။
ဤသည်လည်း ထိုရဟန်း၏ သီလပေတည်း။

(၁၃)

ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည်
ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် မှားသောအသက်မွေးမှုဖြစ်သော ဤသို့သောဖီလာအတတ်ဖြင့်
အသက်မွေးကြ၏။

ဤသည်တို့ကား အဘယ်နည်း။ မင်းတို့ (စစ်) ထွက်လတ္တံ့၊
မင်းတို့ (စစ်) ပြန်လာလတ္တံ့၊ ပြည်တွင်းမင်းတို့ (စစ်) တက်လတ္တံ့၊
ပြည်ပမင်းတို့ (စစ်) ဆုတ်လတ္တံ့၊ ပြည်ပမင်းတို့ (စစ်) တက်လတ္တံ့၊
ပြည်တွင်းမင်းတို့ (စစ်) ဆုတ်လတ္တံ့၊ ပြည်တွင်းမင်းတို့ (စစ်) အောင်လတ္တံ့၊
ပြည်ပမင်းတို့ (စစ်) ရှုံးလတ္တံ့၊ ပြည်ပမင်းတို့ (စစ်) အောင်လတ္တံ့၊
ပြည်တွင်းမင်းတို့ (စစ်) ရှုံးလတ္တံ့၊ ဤသို့ ဤမင်း စစ်နိုင်လတ္တံ့၊
ဤမင်း စစ်ရှုံးလတ္တံ့ ဟူသော အတတ်တို့တည်း။

(ရဟန်းသည်) မှားသောအသက်မွေးမှုဖြစ်သော
ဤသို့သော ဖီလာအတတ်ဖြင့် (အသက်မွေးခြင်း) မှ ရှောင်ကြဉ်၏။
ဤသည်လည်း ထိုရဟန်း၏ သီလပေတည်း။

(၁၄)

ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည်
ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် မှားသောအသက်မွေးမှုဖြစ်သော ဤသို့သောဖီလာအတတ်ဖြင့်
အသက်မွေးကြ၏၊

ဤသည်တို့ကား အဘယ်နည်း။ လကြတ်လတ္တံ့၊
နေကြတ်လတ္တံ့၊ နက္ခတ်ကြတ်လတ္တံ့၊ လနေတို့ လမ်းမှန်သွားလတ္တံ့၊
လနေတို့ လမ်းလွဲသွားလတ္တံ့၊ နက္ခတ်တို့ လမ်းမှန် သွားလတ္တံ့၊
နက္ခတ်တို့ လမ်းလွဲသွားလတ္တံ့၊ ဥက္ကာကျလတ္တံ့၊ ကြိတ်ထွက်လတ္တံ့၊
ငလျင်လှုပ်လတ္တံ့၊ မိုးထစ်ကြိုးလတ္တံ့၊ လ နေ နက္ခတ်တို့ တက်ခြင်း
သက်ခြင်း မှေးမှိန်ခြင်း တောက်ပခြင်းဖြစ်လတ္တံ့၊
လကြတ်ခြင်းကြောင့်ဤသို့ အကျိုးဖြစ်လတ္တံ့၊ နေကြတ်ခြင်းကြောင့်
ဤသို့ အကျိုးဖြစ်လတ္တံ့၊ နက္ခတ်ကြတ်ခြင်းကြောင့်ဤသို့ အကျိုးဖြစ်လတ္တံ့၊
လနေတို့ လမ်းမှန် သွားခြင်းကြောင့် ဤသို့ အကျိုးဖြစ်လတ္တံ့၊
လ နေ တို့လမ်းလွဲ သွားခြင်းကြောင့် ဤသို့ အကျိုးဖြစ်လတ္တံ့၊
နက္ခတ်တို့ လမ်းမှန်သွားခြင်းကြောင့်ဤသို့ အကျိုးဖြစ်လတ္တံ့၊
နက္ခတ်တို့ လမ်းလွဲသွားခြင်းကြောင့် ဤသို့ အကျိုးဖြစ်လတ္တံ့၊
ဥက္ကာကျခြင်းကြောင့် ဤသို့ အကျိုးဖြစ် လတ္တံ့၊ ကြိတ်ထွက်ခြင်းကြောင့်
ဤသို့ အကျိုးဖြစ်လတ္တံ့၊ ငလျင် လှုပ်ခြင်းကြောင့် ဤသို့ အကျိုးဖြစ်လတ္တံ့၊
မိုးထစ် ကြိုးခြင်းကြောင့် ဤသို့ အကျိုးဖြစ်လတ္တံ့၊ လ နေ နက္ခတ်တို့
တက်ခြင်းသက်ခြင်း မှေးမှိန်ခြင်း တောက်ပခြင်းကြောင့်
ဤသို့ အကျိုးဖြစ်လတ္တံ့ ဤသည်တို့တည်း။

(ရဟန်းသည်) မှားသောအသက် မွေးမှုဖြစ်သော
ဤသို့သော ဖီလာအတတ်ဖြင့် (အသက်မွေးခြင်း) မှ ရှောင်ကြဉ်၏။
ဤသည်လည်း ထိုရဟန်း၏ သီလပေတည်း။

(၁၅)

ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည်
ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် မှားသောအသက်မွေးမှုဖြစ်သော ဤသို့သောဖီလာအတတ်ဖြင့်
အသက့်မွေးကြ၏။

ဤသည်တို့ကား အဘယ်နည်း၊ မိုးကောင်းလတ္တံ့၊ မိုးခေါင်လတ္တံ့၊
ဝပြောလတ္တံ့၊ ခေါင်းပါးလတ္တံ့၊ ငြိမ်းချမ်းလတ္တံ့၊ ဘေးများလတ္တံ့၊
ရောဂါများလတ္တံ့၊ ရောဂါကင်းလတ္တံ့၊ လက်ချိုးရေခြင်းအတတ်
ဂဏန်းအတတ် သင်္ချာအတတ် ကဗျာအတတ် လောကာယတကျမ်းအတတ် ဤသည်တို့တည်း။

(ရဟန်းသည်) မှားသောအသက်မွေးမှု ဖြစ်သော
ဤသို့သော ဖီလာအတတ်ဖြင့် (အသက်မွေးခြင်း) မှရှောင်ကြဉ်၏။
ဤသည်လည်း ထိုရဟန်း၏ သီလပေတည်း။

(၁၆)

ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည်
ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် မှားသောအသက်မွေးမှုဖြစ်သော ဤသို့သောဖီလာအတတ်ဖြင့်
အသက်မွေးကြ၏။

ဤသည်တို့ကား အဘယ်နည်း၊ သတို့သမီးဆောင်ယူ၍
ထိမ်းမြားခြင်း သတို့သမီးပေး၍ထိမ်းမြားခြင်း စေ့စပ်ပေးခြင်း
ကွာရှင်းပေးခြင်း ဥစ္စာသိမ်းဆည်းစေခြင်း ဥစ္စာဖြန့်ဖြူးစေခြင်း
ကျက်သရေတိုးစေခြင်း ကျက်သရေယုတ်စေခြင်း ကိုယ်ဝန်မတည်မြဲသည်ကို
တည်မြဲစေခြင်း လျှာခိုင်စေခြင်း မေးခိုင်စေခြင်း လက်ဟန့်မန္တန်စုတ်ခြင်း
နားပင်းမန္တန်စုတ်ခြင်း မှန်၌ နတ်သွင်း၍ မေးခြင်း သတို့သမီး၌
နတ်သွင်း၍ မေးခြင်း နတ်မေးခြင်း နေကို လုပ်ကျွေးခြင်း ဗြဟ္မာကို
လုပ်ကျွေးခြင်း ခံတွင်းမှ မီးတောက်စေခြင်း သိရိနတ်သမီးကို ပင့်ခေါ်စေခြင်း ဤသည်တို့တည်း၊

(ရဟန်းသည်) မှားသောအသက်မွေးမှုဖြစ်သောဤသို့သော
ဖီလာအတတ်ဖြင့် (အသက်မွေးခြင်းမှ) ရှောင်ကြဉ်၏။
ဤသည်လည်း ထိုရဟန်း၏ သီလပေတည်း။

(၁၇)

ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည်
ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် မှားသောအသက်မွေးမှုဖြစ်သော ဤသို့သော
ဖီလာအတတ်ဖြင့်အသက် မွေးကြ၏။

ဤသည်တို့ကား အဘယ်နည်း။ နတ်ကိုးခြင်း
တောင်းဆုပြည့်၍ နတ်ပူဇော်ခြင်းဖုတ်တစ္ဆေ အတတ်ကို
လေ့ကျင့်ခြင်း မြေအိမ်၌နေ၍ သင်အပ်သော အတတ်ကို
လေ့ကျင့်ခြင်း (ပဏ္ဍုက်ကို) ယောက်ျား ဖြစ်စေခြင်း (ယောက်ျားကို)
ပဏ္ဍုက်ဖြစ်စေခြင်း မြေကြန်အတတ်ကို လေ့ကျင့်ခြင်းဆောက်လုပ်မည့်
မြေရာ၌ အစီအရင်ပြုခြင်း ခံတွင်းဆေးခြင်း ရေချိုးစေခြင်း
မီးပူဇော်ခြင်း ပျို့အန်စေခြင်း ဝမ်းသက်စေခြင်း (သလိပ်စသည့် ဒေါသတို့ကို)
အထက်သို့ လှန်စေခြင်း အောက်သို့လျှောစေခြင်း ဦးခေါင်းမှ
(သွေးစသော ဒေါသတို့ကို) ထွက်စေခြင်း နားဆီချက်ခြင်းမျက်စဉ်းဆီချက်ခြင်း
နှာနှတ်ခြင်း ထက်သော မျက်စဉ်း ဆေးဖော်ခြင်း အေးသော မျက်စဉ်းဆေးဖော်ခြင်းတိမ်သလာကို ဆေးကုခြင်း ခွဲစိတ်ကုသခြင်း
သူငယ်နာ ဆေးကုခြင်း မူလဆေးတို့ကို ပေးခြင်းအနာ ဆေးတို့ကို
(ကပ်ခြင်း) ခွာခြင်း ဤသည်တို့တည်း၊

(ရဟန်းသည်) မှားသောအသက်မွေးမှုဖြစ်သော
ဤသို့သော ဖီလာအတတ်ဖြင့် (အသက်မွေးခြင်း) မှ ရှောင်ကြဉ်၏။ ဤသည်လည်းထိုရဟန်း၏ သီလပေတည်း။

(၁၈)

မင်းကြီး စင်စစ်မူကား ဤသို့ သီလနှင့် ပြည့်စုံသော
ထိုရဟန်းသည် ယင်းသို့ သီလစောင့်ထိန်းခြင်းနှင့် စပ်၍
မည်သည့်အကြောင်းကြောင့်မျှ ဘေးကို မတွေ့မြင်ရ၊

မင်းကြီး အဘိသိက်သွန်းပြီးသော ရန်သူကို ပယ်ပြီးသော
မင်းသည် ရန်သူနှင့် စပ်၍ မည်သည့်အကြောင်းကြောင့်မျှ
ဘေးကိုမတွေ့မြင်ရသကဲ့သို့၊ ဤအတူ သီလနှင့် ပြည့်စုံသော
ရဟန်းသည် သီလစောင့်ထိန်းခြင်းနှင့် စပ်၍ မည်သည့်
အကြောင်းကြောင့်မျှ ဘေးကို မတွေ့မမြင်ရ။

ထိုရဟန်းသည် ဤမြတ်သော
သီလအစုနှင့် ပြည့်စုံသည်ဖြစ်၍ မိမိသန္တာန်၌
အပြစ်ကင်းသော ချမ်းသာကို ခံစား၏။
မင်းကြီး ရဟန်းသည် ဤသို့လျှင်သီလနှင့် ပြည့်စုံပေ၏။

မဟာသီလ ပြီး၏။

Credit - The Great Buddha
#မောင်သုခ_မျှဝေသည်။