Thursday, January 12, 2017

နိကာယ် အဋ္ဌကထာ သုတ္တန် ၀ဂ် တို့သည် မည်သို့ကွာခြားပါသလဲ…???

နိကာယ် အဋ္ဌကထာ သုတ္တန် ၀ဂ် တို့သည်
မည်သို့ကွာခြားပါသလဲ…???

မေးခွန်း။ နိကာယ်၊ အဋ္ဌကထာ၊ သုတ္တန်၊ ၀ဂ်၊ တို့သည် မည်သို့ကွာခြားပါသလဲဘုရား..???

အဋ္ဌကထာ ဆရာက (ပြောတယ်) နဲ့ ယခုခေတ် ဘုန်းကြီးတွေက ပြော (ဆိုလေ့) ကြပါတယ်ဘုရား၊ ထွင်ထား တာလား (ဘုရား)၊ ဘုရားဟောကို ချဲ့ထားတာလား (ဘုရား)၊ ၀ိနည်း ပါတိမောက္ခကတော့ သိပါတယ် ဘုရား၊ သုတ္တန်ကလည်း သိသလိုလိုဘဲ လူပေါ်မူတည် အကြောင်းအရာ အဖြစ်အပျက်ပေါ်မူတည်ပြီး ဟောသွား တယ်လို့ အကြမ်းဖျင်း သိထားပါတယ်ဘုရား။

ဒီဃနိကာယ် မဇ္ဈိမနိကာယ် သံယုတ္တနိကာယ်
အင်္ဂုတ္တရနိကာယ် ခုဒ္ဒကနိ ကာယ်ဟူ၍ နိကာယ်ငါးရပ်ရှိပါသည်။

ယနေ့ခေတ်ပြောနေကြသော
သင်ရိုးပိဋကတ်သုံးပုံဆိုသည်မှာ နိကာယ်နှစ်ခု
အတွင်းမှာသာ ရှိပါသည်။ထိုနှစ်ခုမှာ ဒီဃနိကာယ် နှင့်
ခုဒ္ဒကနိကာယ်တို့ ဖြစ်ပါသည်။

(ရှေးခေတ်ကမူ နိကာယ်ငါးခု အကုန်လုံးကို ပိဋကတ်သုံးပုံတွင်ထည့်ပါသည်။ ထည့်သည့်နည်းမှာ ၀ိနည်းကို ၀ိနယ၊ အဘိဓမ္မာကို အဘိဓမ္မာ၊ ကျန်အကုန်လုံးကို သုတ္တန်တွင်သွင်းယူသည်။)

သမူဟတော နိဝါသော စ သမူဟ နိဝါသာ ဟိ နိကာယောတိ ၀ုစ္စ န္တိ (ပါရာဇိ ကကဏ္ဍအဋ္ဌကထာ ပ အုပ် နှာ ၂၀) နိကာယ်၏ အဓိပ္ပါယ်မှာ စုပေါင်းခြင်း (association) နှင့် နေရာပေးထားခြင်း (accommomdation) အနက် အဓိပ္ပါယ် ရှိပါသည်။

ဥပမာ ဒီဃနိကာယ်ဆိုပါစို့။ သုတ်အရှည်ကြီးများကို
စာအုပ်တစ်အုပ်ထည်းတွင် စုပေါင်းထားပြီး ရှည်လျားသော
သုတ်တ်ာကြီးများဟု နေရာနှင့် အဆင့်အတန်းကိုလည်း ပေးထားပါသည်။

မဇ္ဈိမနိကာယ်က မူ မရှည်၊ မတို သုတ်များစသဖြင့် နားလည်ကြရပါမည်။ နိကာယ်သည် အင်္ဂါကိုးပါးရှိပါသည်။

၁။ ဝေယျာကရဏ

( သဂါထာဝဂ္ဂပါဠိ၊ အဘိဓမ္မပိဋကတ်၊ ဂါထာမပါသောသုတ်များ၊ အင်္ဂါရှစ်ပါးမှ (သုတ် ဂေယျ ဂါထာစသည်) လွတ်သော ပါဠိများသည် ဝေယျာကရဏ ဖြစ်ပါသည်။)

၂။ ဂေယျ

(ပါဠိလင်္ကာ နှင့် စကားပြေ ရောနှောဖွဲ့ဆိုထားသည်ကို
ဂေယျဟု ခေါ်ပါ သည်)၊

၃။ ဂါထာ

(ဓမ္မပဒ၊ ထေရဂါထာ၊ ထေရီဂါထာ၊ သုတ္တနိပါတ် တို့တွင်ပါဝင်သော ပါဠိ လင်္ကာသန့်သန့်ကိုဂါထာဟု ခေါ်ပါသည်။)

၎။ ဥဒါန

(၀မ်းသာသောစိတ်ဖြင့် ဥာဏ်ရှေ့သွားပြုပြီးသီဆိုသော ရှစ်ဆယ့် နှစ်သုတ်တွင် ပါဝင်သော စကားများကို ဥဒါန်းဟုခေါ်ပါသည်)

၅။ ဣတိဝုတ္တက

(မြတ်စွာဘုရားရှင်က ဒီလိုဟောတော်မူခဲ့သည် စသဖြင့် ပြောဆိုသော သုတ်များ ကိုဣတိဝုတ္တက ဟုခေါ်သည်၊ (ဒီဟာကဖြင့် ဒီလိုတဲ့ဟု ဆိုလိုသည်။)

၆။ ဇာတက

(အပဏ္ဏကဇာတ်စသော ငါးရာ့ငါးဆယ်ဇာတ်များကို ဇာတကဟုခေါ်ပါသည်။ အမှန်မှာ လေးရာကျော် သာ ရှိပါသည်။)

၇။ အဗ္ဘုတ

( အာနန္ဒာ ထူးထူးဆန်းဆန်း ဖြစ်သောတရားတော်တွေသည် ဤသည်တို့ တည်းစသဖြင့် ဟောကြားထားသည်များကို အဗ္ဘုတဟုခေါ်ပါသည်။)

၈။ ဝေဒလ္လ

(စူဠဝေဒလ္လ မဟာဝေဒလ္လစသော နှစ်သက်သဖြင့် ရအပ်သောမေးခွန်းများကို ဝေဒလ္လဟုခေါ်ပါသည်။ မေးခွန်းရှင်မေးထားသော သုတ်ဟူသည် အင်္ဂါကိုးတန်တွင် ပါဝင်ပါသည်။

၉။ သုတ်

သုတ်ဆိုသည်မှာ မင်္ဂလသုတ်၊ ရတနသုတ်၊ နာလကသုတ် ၊တုဝဋ္ဋကသုတ် စသဖြင့်များစွာသော သီကုံး ထားသည်များကို သုတ်ဟုခေါ်ပါသည်။ သုတ်ဟူသည် သီကုံးခြင်းဟု ဆိုလိုပါသည်။

အဋ္ဌကထာဆိုသည်မှာ ဆရာများ၏ ၀ါဒကို ဆိုပါသည်။

(မဟာဝဂ္ဂအဋ္ဌကထာ မဟာပဓာနသုတ် ဒုအုပ် နှာ ၁၅၇) ဆိုလိုချက်ကို ရှင်းလင်းပြသခြင်းသည် အဋ္ဌကထာ (သီလက္ခန်ဋီကာ ပ အုပ် နှာ ၁၄) တစ်နည်း နောက်ပိုင်း (နောင်ကာလ) တွင် ပါဠိတော်များကို ယုံမှားသံသယမဖြစ်စေရန် သီဟိုဠ်ဘာသာဖြင့်ရေးသားထားသည် ကို အဋ္ဌကထာ (သီလက္ခန်ဋီကာ ပအုပ် ၊နှာ ၁၆) ဟုခေါ်ပါသည်။
(မူလပဏ္ဏာသဋီကာ ၁ နှာ၁၆) အကျယ်ကို ဖွင့်ပြသည်ကို အဋ္ဌကထာ ဟုခေါ်ပါသည် (အင်္ဂုတ္တရနိကာယ အဋ္ဌ က နိပါတ် ဋီကာ ၃၊ နှာ ၃၆၃)

ဝဂ်ဆိုသည်မှာ (group or party) တူရာများ စုထားခြင်းကို ဆိုလိုပါသည်။ ပါဠိလို ၀ဂ္ဂ ဟုခေါ်ပါသည်။

နိကာယ်၊ အဋ္ဌကထာ၊ သုတ္တန်၊ ၀ဂ်၊ တို့သည် မည်သို့ကွာခြားပါသလဲဘုရား ဟူသောအမေးကို ဖြေရပါလျင် အထက်ပါ အဓိပ္ပါယ်များကို ဖတ်မိပါလျင်နားလည်လောက်ပါပြီ။

အဋ္ဌကထာ ဆရာက (ပြောတယ်) နဲ့ ယခုခေတ်
ဘုန်းကြီးတွေက ပြော (ဆိုလေ့) ကြပါတယ်ဘုရား၊ ထွင်ထားတာလား၊ ဘုရားဟောကို ချဲ့ထား တာလား (ဘုရား) ကိုဖြေပြရလျင် ထွင်ထားသည် မဟုတ်ပါ၊ ချဲ့ထားသည်ဟု ဆိုနိုင်ပါသည်။

အဋ္ဌကထာဆရာသည်ပင်
ရှေးခေတ်က အဋ္ဌကထာ ဟောင်းကြီးများကို
ဘာသာ ပြန်ထားပါသည်။ ရှေးခေတ်က အဋ္ဌကထာများမှာ မဟာ ကုရုန္ဒီ အဋ္ဌကထာ၊ မဟာပစ္စရိအဋ္ဌကထာ၊ မဟာ အဋ္ဌကထာဟု အမည်ရှိပြီး သီဟီုဠ်ဘာသာဖြင့် ရေးထားပါသည်။

အရှင်မဟာဗုဒ္ဓဃောသစသော
အဋ္ဌကထာ ဆရာတို့က ပါဠိဘာသာသို့ ပြန်ပြောင်း ရေးခဲ့ကြပါသည်။ နှောင်းခေတ် ဘာသာပြန် ဆရာတို့သည်လည်း သူတို့၏အာဘော်ကို အဋ္ဌကထာအသစ်များတွင် ထည့်သွင်းခဲ့ကြပါသည်။ အသစ်ဆိုပေသည့် နှစ်ပေါင်း နှစ်ထောင်နီးပါး ရှိပေပြီ။

credit >>> photo  &
(အာနန္ဒာ ၀က်ဆိုက်တွင် ဒေါက်တာ အရှင်နန္ဒက မှဖြေကြားတော်မူသည်)
ဓမ္မ စာပေများ……