Sunday, May 28, 2017

ယောနိသောမနသိကာရ

⃣ " ယောနိသောမနသိကာရ "⃣

⃣ (၁)⃣

" ယောနိသောမနသိကာရ "
သင့်တော်သော အကြောင်းအားဖြင့် နှလုံးသွင်းမှုသည်
ထေရဝါဒ ဗုဒ္ဓဘာသာဝင်များအတွက် လွန်စွာ
အရေးကြီးသော အကြောင်းချင်းရာ ဖြစ်ပေသည်။

အဘယ့်ကြောင့်လွန်စွါ အရေးကြီးသော
အကြောင်းချင်းရာ ဖြစ်ပုံအား အောက်ဖော်ပြပါ
တိပိဋကလာ ဘုရားရှင်ဟောကြား မြတ်တရားတို့ဖြင့်
ထင်ရှားပေအံ့ ။

⃣ (၂)⃣

"မဂ္ဂင်ရှစ်ပါးဖြစ်ပေါ်ရန် ရှေ့သွားဖြစ်ပုံ "

တိပိဋက >>> သုတ္တန်ပိဋက >>>
အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် >>>
မဟာဝဂ္ဂသံယုတ် >>> (၆) သူရိယပေယျာလဝဂ် >>>
(၇)ယောနိသောမနသိကာရသမ္ပဒါသုတ် >>>

ရဟန်းတို့ အရုဏ်တက်ခြင်းသည် နေထွပ်ါလာခြင်း၏
ရှေ့သွားဖြစ်သကဲ့သို့ ပုဗ္ဗနိမိတ်ဖြစ်သကဲ့သို့ ရဟန်းအား
သင့်လျော်သောအကြောင်းအားဖြင့် နှလုံးသွင်းမှု 'ယောနိသော မနသိကာရ' နှင့်ပြည့်စုံခြင်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်တရား ဖြစ်ပေါ်ရန်
ရှေ့သွား ဖြစ်၏၊ ပုဗ္ဗနိမိတ် ဖြစ်၏။

ရဟန်းတို့ သင့်လျော်သောအကြောင်းအားဖြင့်
နှလုံးသွင်းမှု 'ယောနိသော မနသိကာရ'နှင့် ပြည့်စုံသောရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများလတ္တံ့၊
အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ
ပြုလုပ်လတ္တံ့ဟု မျှော်လင့်အပ်၏။

⃣ (၃)⃣

" ဗောဇ္ဈင်ခုနစ်ပါး ဖြစ်ပေါ်ရန် အကြောင်းဖြစ်ပုံ "

တိပိဋက >>> သုတ္တန်ပိဋက >>>
အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် >>>
(၂)ဗောဇ္ဈင်္ဂသံယုတ် >>> (၅)စက္ကဝတ္တိဝဂ် >>>
(၉)အဇ္ဈတ္တိကင်္ဂသုတ် >>>

ရဟန်းတို့ ဗောဇ္ဈင်ခုနစ်ပါးတို့ ဖြစ်ပေါ်ရန်
ဤသင့်လျော်သောအားဖြင့် နှလုံးသွင်းမှု
ှု 'ယောနိသော မနသိကာရ'မှ တစ်ပါး အတွင်းအင်္ဂါဖြစ်သည့်
အခြားသောအကြောင်း 'အင်္ဂါ' တစ်ခုကိုမျှလည်း
ငါဘုရား မြင်တော်မမူ။ ရဟန်းတို့ သင့်လျော်သောအားဖြင့်
နှလုံးသွင်းမှုနှင့် ပြည့်စုံသော ရဟန်းအား ဗောဇ္ဈင်ခုနစ်ပါးတို့ကိုပွါးများ
လိမ့်မည်၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ကြိမ်ဖန်များစွာ ပြုလုပ်လိမ့်မည်ဟု
မျှော်လင့်အပ်၏။

⃣ (၄)⃣

" သတိ ဥပက္ခာဖြစ်ရန် အကြောင်းဖြစ်ပုံ "

တိပိဋက >>> သုတ္တန်ပိဋက >>>
အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် >>>
(၂)ဗောဇ္ဈင်္ဂသံယုတ် >>> (၄) နီဝရဏဝဂ် >>>
(၆)ယောနိသောမနသိကာရသုတ် >>>

ရဟန်းတို့ သင့်လျော်သောအားဖြင့် နှလုံးသွင်းသူအား
မဖြစ်သေးသော သတိသမ္ဗောဇ္ဈင်သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော သတိသမ္ဗောဇ္ဈင်သည်လည်း ပွါးများပြည့်စုံခြင်းသို့ ရောက်၏။
ရဟန်းတို့ သင့်လျော်သောအားဖြင့် နှလုံးသွင်းသူအား မဖြစ်သေးသော ဥပေက္ခာသမ္ဗောဇ္ဈင်သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော
ဥပေက္ခာသမ္ဗောဇ္ဈင်သည်လည်း ပွါးများပြည့်စုံခြင်းသို့
ရောက်၏ဟု (မိန့်တော်မူ၏)။

⃣ (၅)⃣

သင့်လျော်သောအားဖြင့် နှလုံးသွင်းမှု
"ယောနိသောမနသိကာရ" ရှိခြင်းသည်
အဘယ်သို့ အကျိုးကြီးပုံကို အထက်ပါအတိုင်း
ဘုရားရှင်ဟောကြား မြတ်တရားများအရ ထင်ရှားပေပြီ။

သင့်လျော်သောအားဖြင့် နှလုံးသွင်းမှု
"ယောနိသောမနသိကာရ " မရှိဘဲ
မသင့်လျော်သောအားဖြင့် နှလုံးသွင်းမှု
" အယောနိသောမနသိကာရ " ရှိလျှင် မည်သို့
ဖြစ်တတ်ပုံကိုလည်း အောက်ဖော်ပြပါ
အယောနိသောမနသိကာရသုတ်တွင်
သိမြင်နိုင်ပေသည်။

⃣ (၆)⃣

" မသင့်လျော်သောအားဖြင့် နှလုံးသွင်းမှု
အယောနိသောမနသိကာရ ကြောင့် ပျက်စီးပုံ "

တိပိဋက >>> သုတ္တန်ပိဋက >>>
အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် >>>
(၂)ဗောဇ္ဈင်္ဂသံယုတ် >>> (၄) နီဝရဏဝဂ် >>>
(၅)အယောနိသောမနသိကာရသုတ်  >>>

ရဟန်းတို့ မသင့်လျော်သောအားဖြင့် နှလုံးသွင်းသူအား
မဖြစ်သေးသော ကာမ၌ လိုချင်မှု 'ကာမစ္ဆန္ဒ' သည်လည်း ဖြစ်၏၊
ဖြစ်ပြီးသော ကာမ၌ လိုချင်မှု 'ကာမစ္ဆန္ဒ'သည်လည်း
အတိုင်းထက်အလွန်ဖြစ်ခြင်းငှါ ပြန့်ပြောခြင်းငှါ ဖြစ်၏။
မဖြစ်သေးသော ပျက်စီးစေလိုမှု 'ဗျာပါဒ' သည်လည်း ဖြစ်၏၊
ဖြစ်ပြီးသော ပျက်စီးစေလိုမှု 'ဗျာပါဒ'သည်လည်း
အတိုင်းထက်အလွန် ဖြစ်ခြင်းငှါ ပြန့်ပြောခြင်းငှါ ဖြစ်၏။

မဖြစ်သေးသော လေးလံထိုင်းမှိုင်းမှု 'ထိနမိဒ္ဓ' သည်လည်း
ဖြစ်၏၊ ဖြစ်ပြီးသော လေးလံထိုင်းမှိုင်းမှု 'ထိနမိဒ္ဓ'သည်လည်း
အတိုင်းထက်အလွန် ဖြစ်ခြင်းငှါ ပြန့်ပြောခြင်းငှါ ဖြစ်၏။ မဖြစ်သေးသော စိတ်ပျံ့လွင့်မှုနောင်တတစ်ဖန် ပူပန်မှု 'ဥဒ္ဓစ္စကုက္ကုစ္စ'သည်လည်း
ဖြစ်၏၊ ဖြစ်ပြီးသော စိတ်ပျံ့လွင့်မှု နောင်တတစ်ဖန်ပူပန်မှု
'ဥဒ္ဓစ္စကုက္ကုစ္စ' သည်လည်း အတိုင်းထက်အလွန် ဖြစ်ခြင်းငှါ
ပြန့်ပြောခြင်းငှါ ဖြစ်၏။ မဖြစ်သေးသော မဝေခွဲနိုင်မှု 'ဝိစိကိစ္ဆာ'
သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော မဝေခွဲနိုင်မှု 'ဝိစိကိစ္ဆာ'
သည်လည့်းအတိုင်းထက် အလွန် ဖြစ်ခြင်းငှါ
ပြန့်ပြောခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

⃣ (၇)⃣

ဤမျှဖြင့် စာရှုသူအနေနှင့်
သင့်လျော်သောအားဖြင့် နှလုံးသွင်းမှု
"ယောနိသောမနသိကာရ" ရှိခြင်းကြောင့်
မဂ် ဖိုလ် နိဗ္ဗာန် အတွက် ကြီးစွါသော အကျိုးရှိပုံနှင့်
မသင့်လျော်သောအားဖြင့် နှလုံးသွင်းသူအား မည်သို့
ပျက်စီးတတ်ပုံတို့အား ထိုက်သင့်သလောက် သိမြင်လောက်ပြီဟု မျှော်လင့်ရင်း
" ယောနိသော မနသိကာရ " စာစုကို
နိဂုံး ချုပ်လိုက်ရပေတော့သည်။🔵 🔵 🔵

                          မောင်သုခ
                          (27-May-2017)

.

No comments:

Post a Comment