Saturday, April 29, 2017

မကြည်ညိုကြောင်း ကြေငြာထိုက်သော ရဟန်းအင်္ဂါရှစ်ပါး…

မကြည်ညိုကြောင်း ကြေငြာထိုက်သော ရဟန်းအင်္ဂါရှစ်ပါး…

တိပိဋက >>> သုတ္တန်ပိဋက >>>
(၈)အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် >>>
အဋ္ဌကနိပါတ် (၉) ၄ သတိဝဂ် >>> 
(၈) အပ္ပသာဒပဝေဒနီိယသုတ် >>> ပါဠိတော် >>>

အပ္ပသာဒပဝေဒနီယသုတ္တံ ''အဋ္ဌဟိ၊ ဘိက္ခဝေ၊ ဓမ္မေဟိ သမန္နာဂတဿ ဘိက္ခုနော အာကင်္ခမာနာ ဥပါသကာ အပ္ပသာဒံ ပဝေဒေယျုံ။ ကတမေဟိ အဋ္ဌဟိ? ဂိဟီနံ အလာဘာယ ပရိသက္ကတိ၊ ဂိဟီနံ အနတ္ထာယ ပရိသက္ကတိ၊ ဂိဟီ အက္ကောသတိ ပရိဘာသတိ၊ ဂိဟီ ဂိဟီဟိ ဘေဒေတိ၊ ဗုဒ္ဓဿ အဝဏ္ဏံ ဘာသတိ၊ ဓမ္မဿ အဝဏ္ဏံ ဘာသတိ၊ သံဃဿ အဝဏ္ဏံ ဘာသတိ၊ အဂေါစရေ စ နံ ပဿန္တိ။ ဣမေဟိ ခေါ၊ ဘိက္ခဝေ၊ အဋ္ဌဟိ ဓမ္မေဟိ သမန္နာဂတဿ ဘိက္ခုနော အာကင်္ခမာနာ ဥပါသကာ အပ္ပသာဒံ ပဝေဒေယျုံ။

''အဋ္ဌဟိ၊ ဘိက္ခဝေ၊ ဓမ္မေဟိ သမန္နာဂတဿ ဘိက္ခုနော အာကင်္ခမာနာ ဥပါသကာ ပသာဒံ ပဝေဒေယျုံ။ ကတမေဟိ အဋ္ဌဟိ? န ဂိဟီနံ အလာဘာယ ပရိသက္ကတိ၊ န ဂိဟီနံ အနတ္ထာယ ပရိသက္ကတိ၊ န ဂိဟီ အက္ကောသတိ ပရိဘာသတိ၊ န ဂိဟီ ဂိဟီဟိ ဘေဒေတိ၊ ဗုဒ္ဓဿ ဝဏ္ဏံ ဘာသတိ၊ ဓမ္မဿ ဝဏ္ဏံ ဘာသတိ၊ သံဃဿ ဝဏ္ဏံ ဘာသတိ၊ ဂေါစရေ စ နံ ပဿန္တိ။ ဣမေဟိ ခေါ၊ ဘိက္ခဝေ (အံ၊၃၊၁၅၉၊ အဋ္ဌဟိ ဓမ္မေဟိ သမန္နာဂတဿ ဘိက္ခုနော အာကင်္ခမာနာ ဥပါသကာ ပသာဒံ ပဝေဒေယျု''န္တိ။

©©©©©©©©©©©©©©©©©©©©©©©

တိပိဋက >>> သုတ္တန်ပိဋက >>>
(၈)အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် >>>
အဋ္ဌကနိပါတ် (၉) ၄ သတိဝဂ် >>> 
(၈) အပ္ပသာဒပဝေဒနီိယသုတ် >>> မြန်မာပြန် >>>

(၁)

ရဟန်းတို့ အင်္ဂါရှစ်မျိုးတို့နှင့် ပြည့်စုံသော
ရဟန်းအား အလိုရှိကုန်လတ်သော် ဥပါသကာတို့သည်
မကြည်ညိုမှုကို သိစေရာကုန်၏။

အဘယ်ရှစ်မျိုးတို့နည်းဟူမူ-လူတို့အား
လာဘ်မရစိမ့်သောငှါ အားထုတ်၏၊
လူတို့အား အကျိုးမဲ့ဖြစ်စိမ့်သောငှါ အားထုတ်၏၊
လူကို ဆဲရေး၏၊ ရေရွတ်၏၊ (ခြိမ်းခြောက်၏)၊
လူအချင်းချင်း ကွဲပြားစေ၏၊
မြတ်စွာဘုရား၏ ဂုဏ် (ကျေးဇူး) မဲ့ကို ဆို၏၊
တရားတော်၏ ဂုဏ် (ကျေးဇူး) မဲ့ကို ဆို၏၊
သံဃာတော်၏ ဂုဏ် (ကျေးဇူး) မဲ့ကို ဆို၏။
မကျက်စားသင့်သောနေရာ၌လည်း ထိုရဟန်းကို တွေ့မြင်ရကုန်၏။

ရဟန်းတို့ ဤအင်္ဂါရှစ်မျိုးတို့နှင့် ပြည့်စုံသော
ရဟန်းအား အလိုရှိကုန်လတ်သော် ဥပါသကာတို့သည်
မကြည်ညိုမှုကို သိစေကုန်ရာ၏။

(၂)

ရဟန်းတို့ အင်္ဂါရှစ်မျိုးတို့နှင့်
ပြည့်စုံသော ရဟန်းအား အလိုရှိကုန်လတ်သော်
ဥပါသကာတို့သည် ကြည်ညိုမှုကို သိစေကုန်ရာ၏။

အဘယ်ရှစ်မျိုးတို့နည်းဟူမူ-လူတို့အား
လာဘ်မရစိမ့်သောငှါ အားမထုတ်၊
လူတို့အား အကျိုးမဲ့ဖြစ်စိမ့်သောငှါ အားမထုတ်၊
လူကို မဆဲရေး၊ မရေရွတ်၊ လူအချင်းချင်း မကွဲပြားစေ၊
မြတ်စွာဘုရား၏ ဂုဏ် (ကျေးဇူး) ကို ဆို၏၊
တရားတော်၏ ဂုဏ် (ကျေးဇူး) ကို ဆို၏၊
သံဃာတော်၏ ဂုဏ် (ကျေးဇူး) ကို ဆို၏။
ကျက်စားသင့်ရာ၌ ထိုရဟန်းကို တွေ့မြင်ရကုန်၏။

ရဟန်းတို့ ဤအင်္ဂါ ရှစ်မျိုးတို့နှင့် ပြည့်စုံသော
ရဟန်းအား အလိုရှိကုန်လတ်သော် ဥပါသကာတို့သည်
ကြည်ညိုမှုကို သိစေကုန်ရာ၏ဟု (မိန့်တော်မူ၏)။

©©©©©©©©©©©©©©©©©©©©©©©©

credit . The Great Buddha
credit photo . org uploader

         #မောင်သုခ_မျှဝေသည်။

မြတ်ဗုဒ္ဓဟောကြား ဓမ္မဝိနယတရားကို ရိုသေထိုက်ပါသလော

မြတ်ဗုဒ္ဓဟောကြား ဓမ္မဝိနယတရားကို ရိုသေထိုက်ပါသလော…???

(၁)

မြတ်ဗုဒ္ဓ ဘုရားရှင် ဟောကြားခဲ့သည့်
ဓမ္မဝိနယကို ရိုသေထိုက်ပါသလော ဆိုသည့်
မေးခွန်းသည် ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့အား မေးမြန်းစရာမလိုသည့်
အမေးဟု ထင်မှတ်စရာရှိပါသည်။တကယ့်လက်တွေ့တွင်မူ
ဤသို့ မဟုတ်ပါ။

လက်ရှိ မျက်မြင်ထင်ရှား အဖြစ်အပျက်များအရ
ထေရဝါဒ ဗုဒ္ဓဘာသာဝင် လူပုဂ္ဂိုလ်များကို မဆိုထားဘိ
သင်္ကန်းဝတ် ရဟန်းတို့သည်ပင် ဘုရားရှင်ဟောကြားတော်မူခဲ့သော
ဓမ္မ ဝိနယ များကို မလေးမခန့် မလေးမစား ပြုမူကြသည်ကို
စာရေးသူကိုယ်တိုင် ထင်ရှားစွါ မြင်တွေ့ရလေ၏။

ဤကဲ့သို့သော အဖြစ်အပျက်သည် ဘုရားရှင်လက်ထက်တော်ကပင်
ဘုရားရှင်၏ ဖွားဖက်တော် အရှင်ဆန္နကိုယ်တိုင် ပြုမူခဲ့ဖူးသဖြင့်
ဘုရားရှင်သည် ဝိနည်းပညတ်တော်မူခဲ့သောကြောင့် အထူးအဆန်းတော့
မဟုတ်ပါလေ။
(ဝိနည်းပါဠိတော်>>>သုရာပါနဝဂ် >>> (၄) အနာဒရိယ )

(၂)

သို့ပါသော်လည်း သာသနာ့ဝန်ထမ်း သင်္ကန်းဝတ် ရဟန်းများ
ကိုယ်တိုင်ကမှ မြတ်ဗုဒ္ဓ၏ ဓမ္မဝိနယ များကို မလေးမစား
ပြုမူနေသည်မှာ သာသနာတော်အတွက် အလွန်
အန္တရာယ်ကြီးသော အကြောင်းကိစ္စဟု မြင်မိလေ၏။
(အသားထဲလောက်ထွက် ဆိုသည်မှာ ဤသို့သော
အကြောင်းကိစ္စတို့၌ ခိုင်းနှိုင်းရန် လွန်စွါ သင့်တင့်သည်။)

အမျိုး ဘာသာ သာသနာ အတွက် အရိုးစည်းရိုး
မည်သို့ပင် ထိုးစေကာမူ ကိုယ်တိုင်က မစောင့်ထိန်းပါပဲ
ခေါင်မိုးက မလုံသော မိုးဒဏ်ကို ကာကွယ်ဖို့ဆိုသည်မှာ
လူကြားကောင်းရုံ အရိုးစည်းရိုးထိုးရုံမျှဖြင့် မလုံလောက်ပါဟု
လက်တွေ့ကျကျ ရှုမြင်ဖို့ လိုအပ်၏။လူတင်ပါမှ နွားကျားကိုက်သော
ပုံပမာ မဟုတ်လေလော …???ကိုယ်ကောင်းလျှင် ခေါင်းမရွေ့ ဆိုသည်
မဟုတ်ပါလော …???

ထားတော့ အစွန်းရောက် မျိုးညစ်တို့ ကိစ္စ။ပို့စ် လိုရင်းဖြစ်သည့်
မြတ်ဗုဒ္ဓဟောကြား ဓမ္မဝိနယ တရား ကို ရိုသေထိုက်ပါသလော…???
ဆိုသည်ကို ဆက်အံ့ ။

(၃)

ဘုရားရှင်၏ဖွားဖက်တော်ဖြစ်သော အရှင် ဆန္နသည်
ရဟန်းနှင့် မသင့်မတင့်သော အကျင့်ကို ပြုကျင့်၏။
ရဟန်းတို့က " ငါ့ရှင် ဆန္န ဒီလိုမလုပ်ပါနဲ့။
ဒီအလုပ်ဟာမအပ်ဘူး "ဟု ပြောကြလေ၏။

အရှင် ဆန္နသည် ဝေဖန်ထောက်ပြသူ
ရဟန်းတို့အား မလေးစား အရေးမစိုက်သောအားဖြင့်
ဇွတ်တိုး၍ လုပ်၏။ထိုအကြောင်းကို ဘုရားရှင်ကြားသိ၍
ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။

ဝိနည်းပါဠိတော် >>> သုရာပါနဝဂ် >>> (၄) အနာဒရိယ

ဝိနည်းလမ်းကြောင်းဖြင့် ပြောဆိုသော ရဟန်းကိုဖြစ်စေl
ဝိနယဓမ္မ ကိုဖြစ်စေ မရိုသေလျှင် အနာဒရိယသုဒ္ဓ ပါစိတ်အာပတ်သင့်၏။
မရိုသေခြင်းကို ပြုအံ့ l အားထုတ်ခြင်းကို (ပယောဂ၌) ဒုက္ကဋ် ။
ပြုပြီးသည်ရှိသော် ပါစိတ် အာပတ်သင့်၏။

သုတ် အဘိဓမ္မာလာ တရားတော်ဖြင့် ရဟန်း၏
ဆိုဆုံးမခြင်းကို ဖြစ်စေl ဝိနည်းဖြင့်သော်လည်းကောင်း
သုတ် အဘိဓမ္မာလာ တရားတော်ဖြင့် သော်လည်းကောင်း
လူ , သာမဏေ တို့၏ ပြောဆိုခြင်းကိုဖြစ်စေ မရိုသေလျှင်
ဒုက္ကဋ် အာပတ်သင့်၏။

ပုဂ္ဂလ ဓမ္မကို မရိုသေခြင်းကြောင့် ပါစိတ်အာပါတ်သင့်၏။
ပြောလာသော ရဟန်းကို အရေးမစိုက်ခြင်းသည် ပုဂ္ဂလကို
အရေးမစိုက်ခြင်း သိက္ခာပုဒ် တော်ကို အရေးမစိုက်ခြင်းသည်
ဓမ္မ ဝိနယကို အရေးမစိုက်ခြင်းဖြစ်၏။ထိုနှစ်မျိုးတွင် တမျိုးမျိုးကို
အရေးမစိုက်လျှင် ပါစိတ်အာပါတ်သင့်လေ၏။

(၄)

အရှင် ဆန္နသည် ဘုရားရှင်၏ ဖွားဖက်တော်ဖြစ်သော်လည်း
ဓမ္မဝိနယ ကို မရိုမသေပြုခြင်းအား မည်သည့်နည်းနှင့်မျှ
ခွင့်ပြုတော် မမူချေ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ကိုယ်တိုင်လည်း
ဓမ္မကို အလေးအမြတ်ပြု၍  ဓမ္မသည် အမြတ်ဆုံး
ဖြစ်ကြောင်း ဟောကြားသည်ကို အောက်ပါ သုတ္တန်တို့၌
ထင်ရှားစွါ တွေ့မြင်နိုင်ပါသည်။

တိပိဋက >>> သုတ္တန်ပိဋက >>>
ဒီဃနိကာယ် ပါထိကဝဂ် >>> (၄) အဂ္ဂညသုတ် >>>

ဝါသေဋ္ဌ ဤသတ္တလောက၌ တရားသည်သာလျှင်
ဤလောက၌လည်းကောင်း  တစ်ပါးသော လောက၌လည်းကောင်း
အမြတ်ဆုံးဖြစ်၏၊  (တရား၏) အမြတ်ဆုံးအဖြစ်ကို ဤဆိုအပ်ပြီးသော
အကြောင်းဖြင့်လည်း သိအပ်၏။

အဂ္ဂညသုတ် မြန်မာပြန် အကျယ်ဖတ်ရှုရန် လင့်ခ် >>>
အဂ္ဂ္ဂညသုတ် >>>
http://myanmarsutta.net/%e1%80%92%e1%80%ae%e1%80%83%e1%80%94%e1%80%ad%e1%80%80%e1%80%ac%e1%80%9a%e1%80%b9/%e1%80%92%e1%80%94-%e1%81%82%e1%81%87-%e1%80%a1%e1%80%82%e1%81%a2%e1%80%8a%e1%80%9e%e1%80%af%e1%80%90%e1%80%b9/

(၅)

ဘုရားရှင်သည် ဓမ္မဝိနယဖြစ်သော တရား၏ မြင့်မြတ်ပုံအား
မိမိကိုယ်ကာယကြီးအား ဖူးမျှော်ခြင်းထက် တရားကိုမြင်အောင်
အားထုတ်ခြင်းကသာ မြတ်ကြောင်းကို သံယုတ္တနိကာယ်
ဝက္ကလိသုတ်၌ အောက်ပါအတိုင်း မှတ်သားဖွယ်
ဟောကြားခဲ့ပါသည်။

"#တရားမြင်မှ_ဘုရားမြင်"

တိပိဋက >>>
သုတ္တန်ပိဋက >>> သံယုတ္တနိကာယ် >>>
ခန္ဓဝဂ္ဂပါဠိတော်  >>> (၅) ဝက္ကလိသုတ် >>>

''အလံ၊ ဝက္ကလိ၊ ကိံ တေ ဣမိနာ ပူတိကာယေန ဒိဋ္ဌေန? ယော ခေါ၊ ဝက္ကလိ၊ ဓမ္မံ ပဿတိ သော မံ ပဿတိ၊ ယော မံ ပဿတိ သော ဓမ္မံ ပဿတိ။ ဓမ္မဥှိ၊ ဝက္ကလိ၊ ပဿန္တော မံ ပဿတိ၊ မံ ပဿန္တော ဓမ္မံ ပဿတိ။

ဝက္ကလိ မသင့်လျော်၊ ဤအပုပ်ကောင်ကို သင် ဖူးမြင်ခြင်းဖြင့် အဘယ်အကျိုးရှိမည်နည်း၊ ဝက္ကလိတရားကို မြင်သော သူသည် ငါဘုရားကို မြင်သည် မည်၏၊ ငါဘုရားကို မြင်သော သူသည် တရားကိုမြင်သည် မည်၏။ ဝက္ကလိ မှန်၏၊ တရားကို မြင်လျှင် ငါ့ကို မြင်၏၊ ငါ့ကို မြင်လျှင် တရားကို မြင်၏။

(၆)

ထို့ပြင် ဘုရားရှင်သည်  အမြတ်တကာ့ အမြတ်ဆုံးတွင် တရားသည်
အမြတ်ဆုံးဖြစ်ကြောင်းကိုလည်းကောင်း အလှူဒါန l အရသာ l မွေ့လျော်မှု
အစရှိသည်တို့တွင်လည်း တရားသည်သာ မြတ်ပုံကိုလည်း
ဓမ္မပဒ ပါဠိတော်တွင် အောက်ပါအတိုင်း ဟောကြားခဲ့ပါသည်။

တိပိဋက >>> သုတ္တန်ပိဋက >>> ခုဒ္ဒကနိကာယ်>>>
ဓမ္မပဒ ပါဠိတော် >>> (၂၄)  တဏှာဝဂ္ဂ >>>

သဗ္ဗ ဒါနံ ဓမ္မဒါနံ ဇိနာတိ l  သဗ္ဗ ရသံ ဓမ္မရသော ဇိနာတိ l
သဗ္ဗ ရတိံဓမ္မ ရတိ ဇိနာတိ l တဏှက္ခယော သဗ္ဗ ဒုက္ခံ ဇိနာတိ ။

တရားအလှူသည် အလှူအားလုံးကို အောင်နိုင်၏။
တရား အရသာသည် အရသာ အားလုံးကို အောင်နိုင်၏။
တရား၌ မွေ့လျော်ခြင်းသည် မွေ့လျော်ခြင်း အားလုံးကို
အောင်နိုင်၏။ တဏှာကုန်ရာ အရဟတ္တဖိုလ်သည်
အလုံးစုံသော ဆင်းရဲကို အောင်နိုင်၏။

(၇)

ဤမျှသော ပိဋကတ်လာ ဓမ္မ ဝိနယ တို့ကို
ထောက်ရှုခြင်းဖြင့် ဘုရားရှင် ကိုယ်တော်တိုင်သည်
ဓမ္မကို မည်မျှ အလေးထားကြောင်း ထင်ရှားပေပြီ။

ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့အား
မြတ်ဗုဒ္ဓဟောကြား ဓမ္မဝိနယ တရား ကို ရိုသေထိုက်ပါသလော…???
ဟု အမေးရှိလာလေက မြတ်ဗုဒ္ဓဟောကြား ဓမ္မဝိနယ တရား ကို
အလေးအမြတ်ထား ရိုသေထိုက်ပါသည်ဟုသာ ဖြေရန်ရှိပေသည်။

လူပုဂ္ဂိုလ် ဘာသာဝင်များကိုယ်တိုင်လည်း အလေးအမြတ်ထား
ရိုသေထိုက်ပါလျှင် ဘုရားသားတော် သင်္ကန်းဝတ်
သာသနာ့ ဝန်ထမ်း ရဟန်းများသည် ပို၍ပင် ရိုသေထိုက်
အလေးအမြတ်ပြုထိုက်သည့်အပြင်  မြတ်ဗုဒ္ဓ၏ ဓမ္မ ဝိနယ တို့အား
မလေးမစား အလေးမထား မပြုမူ သင့်ပါကြောင်း ဘုရားရှင်၏ ဂုဏ်တော်
ဓမ္မ တရားတော်၏ ဂုဏ်တော် သံဃာ သံဃာတော်၏ဂုဏ်များကို ရည်၍
ရေးသား လိုက်ရပါတော့သည်။

                               မောင်သုခ
                               (29-Aprial- 2017)