Wednesday, March 15, 2017

အပြောအဆိုခက်သော_ရဟန်းဆိုသည်မှာ_အဘယ်နည်း

" အပြောအဆိုခက်သော_ရဟန်းဆိုသည်မှာ_အဘယ်နည်း…??? "

တိပိဋက >>> သုတ္တန်ပိဋက >>> မဇ္ဈိမနိကာယ် >>>
မူလပဏ္ဏာသပါဠိတော် >>> (၂) သီဟနာဒဝဂ် >>>
(၅).အနုမာနသုတ်  >>>

(၁)

အခါတစ်ပါး၌
အသျှင်မဟာမောဂ္ဂလာန်သည် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ ဘေသကဠမည်သောမိဂဒါဝုန်တော၌ သီတင်းသုံးနေတော်မူ၏။
ထိုသို့နေတော်မူရာ အသျှင်မဟာမောဂ္ဂလာန်သည်
ရဟန်းတို့ကို ”ငါ့သျှင် ရဟန်းတို့” ဟု ခေါ်တော်မူ၏။
”ငါ့သျှင်” ဟု ထိုရဟန်းတို့သည်အသျှင်မဟာမောဂ္ဂလာန်အား
ပြန်ကြားလျှောက်ထားကြကုန်၏။
အသျှင်မဟာမောဂ္ဂလာန်သည် ဤသို့ မိန့်ဆိုတော်မူ၏။

(၂)

”ငါ့သျှင်တို့ အကြင် ရဟန်းသည်
အပြောအဆိုခက်သူ  lအပြောအဆိုခက်ကြောင်းတရားတို့နှင့် ပြည့်စုံသူ l
သည်းခံခြင်းမရှိသူ l အဆုံးအမကိုရိုသေစွာနာယူလေ့မရှိသူ ဖြစ်ခဲ့သော်
ထိုရဟန်းကို သီတင်းသုံးဖော်တို့က ပြောဆိုထိုက်သည်ဟုလည်းမထင်မှတ်ကြကုန်၊ ဆုံးမထိုက်သည်ဟုလည်း မထင်မှတ်ကြကုန်၊ ထိုပုဂ္ဂိုလ်၌ အကျွမ်းဝင်ခြင်းသို့ ရောက်ထိုက်သည်ဟုလည်း မထင်မှတ်ကြကုန်။ "

(၃)

ငါ့သျှင်တို့ အပြောအဆိုခက်ကြောင်းတရားတို့ဟူသည်
အဘယ်တို့နည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည်
အလိုဆိုးရှိ၏၊ အလိုဆိုးတို့၏ အလိုသို့ လိုက်တတ်၏။
ငါ့သျှင်တို့ ရဟန်း၏ ဤအလိုဆိုးရှိခြင်း အလိုဆိုးတို့၏
အလိုသို့လိုက်ခြင်း သဘောသည်လည်း
အပြောအဆိုခက်ကြောင်းတည်း။

(၄)

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည်
မိမိကိုယ်ကို မြှင့်တင်တတ်၏၊ သူတစ်ပါးကို ရှုတ်ချတတ်၏၊
ငါ့သျှင်တို့ ရဟန်း၏ ဤမိမိကိုယ်ကို မြှင့်တင်ခြင်း သူတစ်ပါးကို ရှုတ်ချခြင်း သဘောသည်လည်းအပြောအဆို ခက်ကြောင်းတည်း။

(၅)

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည
် အမျက်ထွက်တတ်၏၊ အမျက်လွှမ်းမိုးခံရ၏၊
ငါ့သျှင်တို့ရဟန်း၏ ဤအမျက်ထွက်ခြင်း အမျက်လွှမ်းမိုးခံရခြင်း
သဘောသည်လည်း အပြောအဆိုခက်ကြောင်းတည်း။

(၆)

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည်
အမျက်ထွက်တတ်၏၊ အမျက်ထွက်ခြင်းအကြောင်းကြောင့် ရန်ငြိုးဖွဲ့တတ်၏၊
ငါ့သျှင်တို့ ရဟန်း၏ ဤအမျက်ထွက်ခြင်း
အမျက်ထွက်ခြင်းအကြောင်းကြောင့်ရန်ငြိုးဖွဲ့ခြင်း
သဘောသည်လည်း အပြောအဆိုခက်ကြောင်းတည်း။

(၇)

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည်
အမျက်ထွက်တတ်၏၊ အမျက်ထွက်ခြင်းအကြောင်း ကြောင့်အစွဲကြီး၏၊
ငါ့သျှင်တို့ ရဟန်း၏ ဤအမျက်ထွက်ခြင်း အမျက်ထွက်ခြင်းအကြောင်းကြောင့် အစွဲကြီးခြင်းသဘောသည်လည်း အပြောအဆိုခက်ကြောင်းတည်း။

(၈)

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည်
အမျက်ထွက်တတ်၏၊ အမျက်နှင့်နီးစပ်သော စကားကိုမြွက်ဆိုတတ်၏။
ငါ့သျှင်တို့ ရဟန်း၏ ဤအမျက်ထွက်ခြင်း အမျက်နှင့်နီးစပ်သော
စကားကို မြွက်ဆိုခြင်း သဘောသည်လည်း
အပြောအဆိုခက်ကြောင်းတည်း။

(၉)

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည်
စောဒကက စောဒနာသော် စောဒကကို ဆန့်ကျင်ဘက်ပြု၏။
ငါ့သျှင်တို့ ရဟန်း၏ ဤစောဒကက စောဒနာသော် စောဒကကို ဆန့်ကျင်ဘက်ပြုခြင်းသဘောသည်လည်း
အပြောအဆိုခက်ကြောင်းတည်း။

(၁၀)

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည်
စောဒကက စောဒနာသော် စောဒကကို ကြိမ်းမောင်း၏။
ငါ့သျှင်တို့ ရဟန်း၏ ဤစောဒကက စောဒနာသော် စောဒကကို ကြိမ်းမောင်းခြင်းသဘောသည်လည်း
အပြော အဆိုခက်ကြောင်းတည်း။

(၁၁)

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည်
စောဒကက စောဒနာသော် စောဒကကို (အပြစ်) ပြန်တင်၏။
ငါ့သျှင်တို့ ရဟန်း၏ ဤစောဒကက စောဒနာသော်
စောဒကကို (အပြစ်) ပြန်တင်ခြင်းသဘောသည်လည်း
အပြောအဆို ခက်ကြောင်းတည်း။

(၁၂)

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည်
စောဒကက စောဒနာသော် စောဒကကို စကားတစ်မျိုးဖြင့်
စကားတစ်မျိုးကို ဖုံးလွှမ်း၏၊ စကားကို အပသို့ လွှဲဖယ်၏၊
အမျက်ထွက်ခြင်း ပြစ်မှားခြင်းစိတ်ဆိုးခြင်းကို ထင်ရှားပြု၏။
ငါ့သျှင်တို့ ရဟန်း၏ ဤစောဒကက စောဒနာသော် စောဒကကို
စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို ဖုံးလွှမ်းခြင်း စကားကို
အပသို့ လွှဲဖယ်ခြင်း အမျက်ထွက်ခြင်း ပြစ်မှားခြင်း
စိတ်ဆိုးခြင်းကို ထင်ရှားပြုခြင်းသဘောသည်လည်း
အပြောအဆိုခက်ကြောင်းတည်း။

(၁၃)

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည်
စောဒကက စောဒနာသော် စောဒကအား ဖြစ်စဉ်အတ္ထုပ္ပတ္တိကို
ပြေလည်အောင် မဖြေဆိုနိုင်။ ငါ့သျှင်တို့ ရဟန်း၏ ဤစောဒကက
စောဒနာသော် စောဒကကို (မိမိ၏) ဖြစ်စဉ် အတ္ထုပ္ပတ္တိကို
ပြေလည်အောင် မဖြေဆိုနိုင်ခြင်းသဘောသည်လည်း
အပြောအဆိုခက်ကြောင်းတည်း။

(၁၄)

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည်
ဂုဏ်ကျေးဇူးကို ချေဖျက်တတ်၏။ ဂုဏ်ပြိုင်တတ်၏။
ငါ့သျှင်တို့ ရဟန်း၏ ဤဂုဏ်ကျေးဇူးကို ချေဖျက်ခြင်း
ဂုဏ်ပြိုင်ခြင်း သဘောသည်လည်း
အပြောအဆိုခက် ကြောင်းတည်း။

(၁၄)

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည်
မနာလိုတတ်၊ ဝန်တိုတတ်၏။ ငါ့သျှင်တို့ ရဟန်း၏ဤမနာလိုခြင်း ဝန်တိုခြင်းသဘောသည်လည်း အပြောအဆိုခက်ကြောင်းတည်း။

(၁၅)

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် စဉ်းလဲတတ်၏၊
လှည့်ပတ်တတ်၏။ ငါ့သျှင်တို့ ရဟန်း၏ဤစဉ်းလဲခြင်း
လှည့်ပတ်ခြင်း သဘောသည်လည်း အပြောအဆိုခက်ကြောင်းတည်း။

(၁၆)

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ခက်ထန်၏၊
အလွန်မောက်မာ၏။ ငါ့သျှင်တို့ ရဟန်း၏့ဤခက်ထန်ခြင်း
အလွန်မောက်မာခြင်း သဘောသည်လည်း
အပြောအဆိုခက်ကြောင်းတည်း။

(၁၇)

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည်
မိမိအယူကို စွဲလန်းတတ်၏၊ မြဲမြံစွာ ယူတတ်၏၊ စွန့်နိုင်ခဲ၏။
ငါ့သျှင်တို့ ရဟန်း၏ ဤမိမိအယူကို စွဲလန်းခြင်း မြဲမြံစွာယူခြင်း စွန့်နိုင်ခဲခြင်း သဘောသည်လည်း အပြောအဆိုခက်ကြောင်းတည်း။
ငါ့သျှင်တို့ ဤသဘောတို့ကို အပြောအဆိုခက်ကြောင်းတို့ဟူ၍ဆိုရ၏။

(၁၈)

ဝိနည်းပါဠိတော် >>>
သုရာပါနဝဂ် >>> (၄) အနာဒရိယ >>>

ဝိနည်းလမ်းကြောင်းဖြင့် ပြောဆိုသော ရဟန်းကိုဖြစ်စေl
ဝိနယဓမ္မ ကိုဖြစ်စေ မရိုသေလျှင် အနာဒရိယသုဒ္ဓ ပါစိတ်အာပတ်သင့်၏။
မရိုသေခြင်းကို ပြုအံ့ l အားထုတ်ခြင်းကို (ပယောဂ၌) ဒုက္ကဋ် ။
ပြုပြီးသည်ရှိသော် ပါစိတ် အာပတ်သင့်၏။

သုတ် အဘိဓမ္မာလာ တရားတော်ဖြင့် ရဟန်း၏
ဆိုဆုံးမခြင်းကို ဖြစ်စေl ဝိနည်းဖြင့်သော်လည်းကောင်း
သုတ် အဘိဓမ္မာလာ တရားတော်ဖြင့် သော်လည်းကောင်း
လူ , သာမဏေ တို့၏ ပြောဆိုခြင်းကိုဖြစ်စေ မရိုသေလျှင်
ဒုက္ကဋ် အာပတ်သင့်၏။

Credit - The Great Buddha
#မောင်သုခ_မျှဝေသည်။

No comments:

Post a Comment