အနာဂတ်သာသနာတွင်_ဖြစ်ပေါ်လာမည့်_ရဟန်းတို့_အကျင့်ပျက်စီးပုံ
တိပိဋက >>> ခုဒ္ဒကနိကာယ် >>>ထေရာဂါထာပါဠိ >>>
ဝီသနိနိပါတ် >>> (၁၆) ပါရာပရိယတ္ထေရဂါထာ >>>
ပါရာပရိယမထေရ် ရွတ်ဆိုခဲ့သော ဂါထာများကို ပြဆိုမည်ဖြစ်၏။ ဘုရားရှင်ပရိနိဗ္ဗာန်စံပြီးနောက် တွင် ထိုအရှင် ပရိနိဗ္ဗာန်စံခါနီး၌
အနာဂတ်သာသနာတွင် ဖြစ်ပေါ် လာမည့်ရဟန်းတို့၏
အကျင့်ပျက်စီးပုံကို ပြသောအားဖြင့် ရွတ်ဆိုသော
ဂါထာများ ဖြစ်သည်။
(၁)
(ပင်လုံးကျွတ်) ပွင့်လျက် တည်ရှိနေသော
အင်ကြင်းတောကြီး၌ တစ်ခုတည်းသော အာရုံရှိသည်ဖြစ်၍
ဆိတ်ငြိမ်မှု 'ဝိဝေက'ကို ပွါးလျက် ဈာန်ဝင်းစားကာ နေတော်မူသော
(ပါရာပရိယ) ရဟန်းအားကြံစည်မှု ဖြစ်ပေါ်လာ၏။
ယောက်ျားတကာတို့ထက် မြတ်တော်မူသော
လူသုံးပါးတို့၏ ကိုးကွယ်ရာဖြစ်တော် မူသောမြတ်စွာဘုရားသည် သက်တော်ထင်ရှားရှိတော်မူစဉ်က ရဟန်းတို့၏ အကျင့်သည်
တစ်မျိုးဖြစ်၏၊
ယခုအခါ၌မူကား ရဟန်းတို့၏အကျင့်
တစ်မျိုးတစ်ဖုံ ဖြစ်လာသည်ကို တွေ့ မြင်ရ၏။
(၂)
ရှေးအခါက ရဟန်းတို့သည်
ချမ်းအေးသော လေကို တားမြစ်၍ အရှက်အကြောက် ကို
ဖျက်ဆီးတတ်သည့် အင်္ဂါကြီးငယ်ကို ဖုံးလွှမ်းရုံ မျှတရုံမျှသာ
အကျိုးရှိသော သင်္ကန်းကို ရတတ်သမျှဖြင့်ရောင့်ရဲကြကုန်လျက်
သုံးဆောင်ကြကုန်၏။
အာသဝတရားအားလုံးကုန်ပြီးကုန်သော၊
များစွာဈာန်ဝင်စားလေ့ရှိကုန်သော၊ များမြတ်သောအကျိုးစီးပွါးတို့နှင့်
ပြည့်စုံကုန်သော ထိုမထေရ်တို့သည် ယခုအခါ ပရိနိဗ္ဗာန်
ပြုတော်မူကြကုန်ပြီ။
ယခုလက်ရှိကာလ၌ကား ထိုသို့သဘောရှိကုန်သော
မထေရ်တို့သည် အနည်းငယ်မျှသာ ကြွင်းကျန်ကုန်၏။
(၃)
(ဝဋ်မှ ထွက်မြောက်ခြင်း၏ အားကြီးသော
မှီရာအကြောင်းဖြစ်ကုန်သော ) ကုသိုလ်တရားတို့၏လည်းကောင်း၊
(ဝဋ်မှ ထွက်မြောက်ကြောင်း) ပညာ၏လည်းကောင်း
ကုန်ခြင်းကြောင့်အလုံးစုံသော အခြင်းအရာအထူးတို့နှင့် ပြည့်စုံသော မြတ်စွာဘုရားသာသနာတော်သည် ပျက်ဆီးရချေ၏။
(ဤလောကကြီးသည်) ယုတ်ညံ့သော
ဒုစရိုက်တို့၏လည်းကောင်း၊ (လောဘ စသော)
ကိလေသာတရားတို့၏လည်းကောင်း ဖြစ်ပေါ်လာရာ
ကာလကြီးပေတည်း။
ကိလေသာတို့သည် (ယခုအခါ အခွင့်ရကုန်သည်ဖြစ်၍ ရဟန်းတို့၌)
ပွါးကုန် သည်ရှိသော် (ကလျဏမိတ္တကင်းသော) များစွာသော
လူအပေါင်းကို ပူးဝင်နိုင်ကုန်၏၊ ရက္ခိုက်ဘီလူးတို့သည် သူရူးတို့ကို (ပူးဝင်) ကစားကုန်သကဲ့သို့ (ထို့အတူ ရဟန်းမိုက်တို့ကို ပူးဝင်၍)
ကစားကြကုန်ယောင်တကား။
(၄)
သူတော်ကောင်းတရားကို စွန့်၍ အချင်းချင်းငြင်းခုံကြကုန်၏၊
မိစ္ဆာအယူတို့သို့ အစဉ်လိုက်ကြကုန်လျက် ဤအယူသည်သာ မြတ်၏ဟုလည်းမှတ်ထင်ကြကုန်၏။
ရဟန်းတို့သည် ဥစ္စာကိုလည်းကောင်း၊ သားသမီးကိုလည်းကောင်း၊ မယားကိုလည်းကောင်းစွန့်ပစ်ကြကုန်၍ အိမ်မှ ထွက်လာကြကုန်လျက် တစ်ဇွန်းတစ်ယောက်မမျှသော ဆွမ်းဟူသောအကြောင်းကြောင့်လည်း
ရဟန်းတို့ မပြုအပ်သော အမှုတို့ကို ပြုလုပ်မှီဝဲကုန်၏။
(ထိုရဟန်းတို့သည်) ဝမ်းဝဗိုက်ကား ဝအောင်စား၍
ပက်လက် အိပ်ကြကုန်ပြီးလျှင် အိပ်ရာမှနိုးကြကုန်သော်
မြတ်စွာဘုရား ကဲ့ရဲ့ဖွယ်ဖြစ်သော စကားကိုသာ ပြောဆိုကြကုန်၏။
(၅)
ထိုရဟန်းတို့သည် အဇ္ဈတ္တသန္တာန်၌ မငြိမ်းသော စိတ်ရှိကြကုန်သည်ဖြစ်၍ အတတ်ပညာသည်တို့ပြုလုပ်အပ်သော အတတ်ပညာမျိုးစုံတို့ကို
စိတ်ဝင်စားကုန်လျက် သင်ကြားကြကုန်၏၊ ရဟန်းတရားသည်ကား
(ထိုရဟန်းတို့နှင့်) သီးခြား ဖြစ်နေတော့၏။
ဆေးနှင့် သက်ဆိုင်ရာတို့၌ ဆေးဆရာတို့ကဲ့သို့လည်းကောင်း၊
ကိစ္စကြီးငယ် ပြုလုပ်ဖွယ်တို့၌လူတို့ကဲ့သို့လည်းကောင်း၊
(မိမိကိုယ်ကို) တန်ဆာဆင်ရာ၌ ပြည့်တန်ဆာမကဲ့ သို့လည်းကောင်း၊
အုပ်ချုပ်စိုးမိုးရာ၌ မင်းတို့ကဲ့သို့လည်းကောင်း ပြုမူကြကုန်၏။
စဉ်းလဲကြကုန်သည်ဖြစ်၍ လည်းကောင်း၊
လှည့်ပတ်ကြကုန်သည်ဖြစ်၍ လည်းကောင်း၊
မုသားသက်သေ ဖြစ်ကြကုန်၍ လည်းကောင်း၊ မစောင့်စည်းသော အသက်မွေးမှုရှိကြကုန်သည်ဖြစ်၍ လည်းကောင်း
ဤသို့များစွာသော မိစ္ဆာဇီဝစသော အသက်မွေးမှုတို့ဖြင့်
(ဆွမ်းပစ္စည်းစသော) အာမိသကို သုံးဆောင်ကြကုန်၏။
(၆)
မိမိအမှုကြီးငယ်ဟူသော အကြောင်းကြောင့်
ပရိသတ်ကို မိမိအား လုပ်ကျွေးစေကုန်၏၊ ဓမ္မဟူသော
အကြောင်းကြောင့် လုပ်ကျွေးစေသည် မဟုတ်ကုန်၊
လာဘ်ဟူသော အကြောင်းကြောင့်သူတစ်ပါးတို့အား
တရားဟောကုန်၏၊ အကျိုးစီးပွါးဟူသော အကြောင်းကြောင့်
တရားဟောသည်မဟုတ်ကုန်။
အရိယာသံဃာမှ အပဖြစ်သော ရဟန်းတို့သည်
သံဃာ့လာဘ်ဟူသော အကြောင်း ကြောင့်ငြင်းခုံကြကုန်၏၊
တစ်ပါးသူတို့၏ လာဘ်ကို မှီ၍ အသက်မွေးကုန်သော ရဟန်းတို့ သည် မကောင်းမှုကိုစက်ဆုပ်ခြင်း မရှိသောကြောင့် မရှက်ကုန်။
အချို့သူတို့သည် ထို့အတူ ပင် တရားတို့နှင့်
မယှဉ်ကုန်သည်ဖြစ်၍ ဦးပြည်းကြကာ သင်္ကန်းကိုဝတ်ရုံကြကုန်လျက်
လာဘ်ပူဇော်သကာ၌ တွေဝေကုန်သည်ဖြစ်၍ ချီးမွမ်း
မြှောက်စားခြင်းကိုသာလျှင့် အလိုရှိကုန်၏။
(၇)
ဤသို့ ဆိုအပ်ပြီးသောနည်းဖြင့်
အထူးထူးအပြားပြားသော အခြင်းအရာဖြင့်
ကိလေသာဖြစ်စိမ့်သောငှါ အားထုတ်အပ်သည်ရှိသော်
ယခုအခါ၌ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်အခါကကဲ့သို့
စောင့်စည်ခြင်းငှါ ပြုလျက် မရအပ်သေးသော (ဈာန်ဝိပဿနာ) တရားကိုရခြင်းငှါလည်းကောင်း၊ ရပြီးသော (ဈာန်ဝိပဿနာ)
တရားတို့ကို ကောင်းစွာစောင့်ရှောက်ခြင်းငှါလည်းကောင်း
မလွယ်ကူတော့ချေ။
(ယောက်ျားသည်) ဆူးရှိရာ အရပ်၌ ဖိနပ်မစီးဘဲ
(လှည့်လည်သည်ရှိသော်) (ငါ့ကို ဆူးမစူးစေလင့်ဟု သတိထား၍) လှည့်လည်သွားလာသကဲ့သို့ ထို့အတူ (ကိလေသာဆူးရှိရာ)
ရွာ၌ (လှည့်လည်သော) ရဟန်းသည် သတိကို ဖြစ်စေလျက်
လှည့်လည်သွားလာရာ၏။
ဤအကျင့်ပဋိပတ်အစီအရင်ကို ဆိုပြီး၍
အင်ကြင်းတော၌ (သဒ္ဓါစသော) ဣနြေ္ဒကို ပွါးစေပြီးသောမကောင်းမှုကို
အပပြုပြီးသော တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်း ကင်းပြီးသော
သီလက္ခန္ဓစသောတရားအပေါင်းကို ရှာမှီးပြီးသော
(ပါရာပရိယမည်သော ) ရဟန်းသည် ပရိနိဗ္ဗာန်ပြုတော်မူ၏။
ဤသို့လျှင် ပါရာပရိယမထေရ်သည် ရွတ်ဆို၏။
Credit .The Great Buddha
#မောင်သုခ_မျှဝေသည်။
No comments:
Post a Comment