Sunday, December 4, 2016

ထေရဝါဒ_ရဟန်းတော်တွေငွေကိုင်တာဘုရားဟောနဲ့ညီညွတ်ပါရဲ့လား

" #ထေရဝါဒ_ရဟန်းတော်တွေ_ငွေကိုင်တာ_
#ဘုရားဟောနဲ့_ညီညွတ်ပါရဲ့လား"…???

" #ထေရဝါဒ_ရဟန်းတော်တွေ_ငွေကိုင်တာ_
#ဘုရားရှင်ရဲ့_ဓမ္မဝိနယကို_ဖောက်ဖျက်တာလား "…???

(၁)

#တရားတော်သည်_ပွင့်လင်းသော်သာတင့်တယ်

ဘုရားရှင်က သုတ္တန်ပိဋက >>> ပဋိစ္ဆန္နသုတ် မှာ
ရဟန်းတို့ မြတ်စွါဘုရား ဟောကြားသော တရားတော်သည်
ပွင့်လင်းသော်သာ တင့်တယ်၏။ဖုံးကွယ်သော် မတင့်တယ်
ဆိုပြီးဟောကြားထားတာ အောက်ပါအတိုင်း
အလွန်ထင်ရှားပါတယ်။

တိပိဋက >>> သုတ္တန်ပိဋက >>>
(၃) အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ် ပါဠိတော် >>>
တိကနိပါက် ကုသိနာရဝဂ် >>> (၉) ပဋိစ္ဆန္နသုတ် >>>
ပါဠိတော် >>>>

''တီဏိမာနိ၊ ဘိက္ခဝေ၊ ဝိဝဋာနိ ဝိရောစန္တိ၊ နော ပဋိစ္ဆန္နာနိ။ ကတမာနိ တီဏိ? စန္ဒမဏ္ဍလံ၊ ဘိက္ခဝေ၊ ဝိဝဋံ ဝိရောစတိ၊ နော ပဋိစ္ဆန္နံ၊ သူရိယမဏ္ဍလံ၊ ဘိက္ခဝေ၊ ဝိဝဋံ ဝိရောစတိ၊ နော ပဋိစ္ဆန္နံ၊ တထာဂတပ္ပဝေဒိတော ဓမ္မဝိနယော၊ ဘိက္ခဝေ၊ ဝိဝဋော ဝိရောစတိ၊ နော ပဋိစ္ဆန္နော။ ဣမာနိ ခေါ၊ ဘိက္ခဝေ၊ တီဏိ ဝိဝဋာနိ ဝိရောစန္တိ၊ နော ပဋိစ္ဆန္နာနီ''တိ။

" ရဟန်းတို့  ဤသုံးမျိုးတို့သည် ပွင့်လင်းကုန်သော်သာ
တင့်တယ်ကုန်၏။ဖုံးကွယ်ကုန်သော် မတင့်တယ်ကုန်။
အဘယ်သုံးမျိုးတို့နည်း ဟူမူ >>>
ရဟန်းတို့ လဝန်းသည် ပွင့်လင်းသော်သာ တင့်တယ်ကုန်၏။
ဖုံးကွယ်သော် မတင့်တယ်။ရဟန်းတို့ နေဝန်းသည်
ပွင့်လင်းသော်သာ တင့်တယ်၏။
ဖုံးကွယ်သော် မတင့်တယ်။ရဟန်းတို့ မြတ်စွါဘုရား
ဟောကြားသော တရားတော်သည် ပွင့်လင်းသော်သာ
တင့်တယ်၏။ဖုံးကွယ်သော် မတင့်တယ်။
ရဟန်းတို့  ဤသုံးမျိုးတို့သည် ပွင့်လင်းကုန်သော်သာ
တင့်တယ်ကုန်၏။ဖုံးကွယ်ကုန်သော် မတင့်တယ်ကုန်။ "

(၂)

#ဆင်ခြင်စရာ

ဒီတော့ကာ ဘယ်သူ့မျက်နှာမှ မထောက်ဘဲ
ဘုရားရှင် ရဲ့ တရားတော်သာ ထောက်ပြီး
ပွင့်ပွင့်လင်းလင်း ပြောရရင် >>>

" ထေရဝါဒ ရဟန်းတော်တွေ
ငွေကိုင်တာ ဘုရားဟောနဲ့ မညီညွတ်ပါဘူး"

" ထေရဝါဒ ရဟန်းတော်တွေ ငွေကိုင်တာဟာ
ဘုရားရှင်ရဲ့ ဓမ္မဝိနယကို ဖောက်ဖျက်တာပါပဲ "

ဒါကို ဘုရားရှင်ဟောကြားတဲ့   ဝိနည်းပါဠိတော်မှာရော
သုတ္တန်ပါဠိတော်မှာရော ထင်ရှားစွါ မြင်တွေ့နိုင်ပါတယ်။
ဝိနည်းတော်ပါ သိက္ခာပုဒ်တွေနဲ့ ငြိစွန်းပြီးအာ
ပတ်သင့်တာကိုတော့ အောက်ပါအတိုင်း
မြင်တွေ့နိုင်ပါတယ်။

ဝိနည်းပါဠိတော် >>> ပါစိတ်ပါဠိတော်>>>
ဘိက္ခုပါစိတ် >>> နိဿဂ္ဂိပါစိတ် သိက္ခာပုဒ် >>>
(၂ ) ကောသိယဝဂ် >>> (၈) ရူပိယသိက္ခာပုဒ်

"'အကြင် ရဟန်းသည် ရွှေ ငွေကို (ကိုယ်တိုင်သော်လည်း) ခံယူ ငြားအံ့၊ (သူတစ်ပါးကိုသော်လည်း) ခံယူစေငြားအံ့၊ အနီး၌ ချထားအပ်သည် ကိုသော်လည်း သာယာငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ်သင့်၏''

©©©©©©©©©©©©©©©©©©©©

ဝိနည်းပါဠိတော် >>> ပါစိတ်ပါဠိတော်>>>
ဘိက္ခုပါစိတ် >>> (၉) ရတနဝဂ် >>> ရတန သိက္ခာပုဒ်

ရတနာကိုဖြစ်စေ ရတနာဟု သမုတ်အပ်သော ပစ္စည်းကိုဖြစ်စေ
ကိုယ်တိုင်ကောက်ယူလျှင် (သို့) အကောက်ယူခိုင်းလျှင်
ရတနသိက္ခာပုဒ်နဲ့ ငြိပြီး ပါစိတ်အာပတ်သင့်ပါတယ်။

©©©©©©©©©©©©©©©©©©©

ဘုရားရှင်ရဲ့ သာသနာတော်ဟာ
ပွင့်လင်းတန်သလောက် မပွင့်လင်းပါဘဲ
ထွန်းကားပျံ့နှံ့သင့်သလောက် မထွန်းကားတာဟာလည်း
တိမ်ညိုတိမ်ညစ်နဲ့ အလားသဏ္ဍာန် တူတဲ့
အရာတွေဖုံးအုပ်နေတာကြောင့်ပါပဲ။

ရဟန်း သံဃာများ အနေနဲ့
တဖက်ကနေ ကြည့်ပြန်ရင်လည်း
ခရီးသည်တင်ကား စပါယ်ယာကတောင်
ရဟန်းအတွက် ယာဉ်စီးခကိုပါ
#ဘုန်းကြီးခေါင်းမခေါက်ရုံတမယ်အတင်းအဓမ္မ
တောင်းနေကြတဲ့ ဒီနိုင်ငံမှာ ငွေမကိုင်ဘဲ
ငါတို့ ခရီးဘယ်လိုသွားမလဲ .???

လမ်းလျှောက် ရမှာလား …???

စာသင်သား ရဟန်းများ လိုအပ်တဲ့ စာပေကျမ်းဂန်ကို
ငွေမရှိဘဲ ငါတို့ ဘယ်လို ဝယ်မလဲ …???

ရဟန်းတွေ ဖေ့စ်ဘုတ်သုံးဖို့ ဖုန်းငွေဖြည့်ကဒ်လိုရင်
ငွေမရှိဘဲ ဘယ်သူထည့်ပေးမှာလဲ …???

ငွေမရှိဘဲ မင်းဘုန်းကြီး သုံးလလောက်
လာဝတ်ကြည့်ပါလား …???  :D

ဆိုတာတွေဟာလည်း ပြန်လည်မေးမြန်းစရာ ဖြစ်နေတာကို
မြင်တွေ့ရပါတယ်။

(၃)

#မင်း_အကူအညီနှင့်သာသနာ

ဒီနေရာမှာ သပြေကန်ဆရာတော်ကြီး မိန့်တာလည်း
အောက်ပါအတိုင်း မှတ်သားစရာ ကောင်းပါတယ်။

"မင်း၏ အကူအညီနှင့် သာသနာ "

မင်းများ တရားမစောင့်လျှင်သော်လည်းကောင်း-
အုပ်ချုပ်ရေး မတတ်လျှင်သော်လည်းကောင်း-
တိုင်းသူပြည်သား လူအများ ဆင်းရဲဒုက္ခ ရောက်ကြရ၏။
တိုးတက်ကြီးပွါးမှု မရနိုင်-သာသနာလည်း မင်းများ၏
အကူအညီကိုရသော် ပို၍ ကြီးပွါးတိုးတက်နိုင်၏။

လတ်တလော အခြေအနေကိုကြည့်ရင်
တိုင်းပြည်အကူးအပြောင်းကာလ အစိုးရသစ်ဟာလည်း
လသားသာသာ ရှိသေးတာမို့ တစစနဲ့တော့
သာသနာကို မှန်ကန်သောနည်းနဲ့ ထောက်ပံ့နိုင်လာဖို့
မျှော်လင့်စရာပါပဲ။မှန်ကန်သောနည်းဆိုတာက
အာဏာစက် ဓမ္မစက် ပူးပေါင်းပြီး ဘုရားရှင်ရဲ့
ဓမ္မဝိနယနဲ့ အညီ သာသနာတော်ကို
ချီးမြှောက် ထောက်ပံ့တာကို ဆိုလိုရင်းပါပဲ။

ဘုရားရှင် မဏိစူဠကသုတ် မှာ ဟောထားတာက >>>
ရွာသူကြီး စင်စစ်သော်ကား ငါသည် ဤသို့ ဟော၏-
မြက်ကိုအလိုရှိသော သူသည် မြက်ကို ရှာသင့်၏၊
သစ်သားကို အလိုရှိသော သူသည် သစ်သားကို ရှာသင့်၏၊
လှည်းကို အလိုရှိသော သူသည် လှည်းကို ရှာသင့်၏၊။
(အလုပ်သမား) ယောက်ျားကို အလိုရှိသော သူသည်
(အလုပ်သမား) ယောက်ျားကို ရှာသင့်၏။

ရွာသူကြီး {{အဘယ်နည်းနှင့်မျှ ရွှေငွေကို သာယာသင့်၏၊ ရှာသင့်၏}}
ဟူ၍ ငါဘုရား မဟော ဟု (မိန့်တော်မူ၏)။

ဒီလိုဆိုတော့ကာ
အစိုးရမင်းများကစတင်ပြီး ဘုရားရှင်ရဲ့ ဓမ္မဝိနယကို
ဖောက်ဖျက်ပြီး သာသနာကို ထောက်ပံ့တာကတော့
သာသနာပြုတယ် မမည်ဘဲ သာသနာဖျက်တယ်သာ
မည်တတ်တာလေးလည်း သတိပြု ဆင်ခြင်စရာပါပဲ။

(၄)

#ဆရာကြီးဓမ္မာစရိယ_ဦး​ဌေးလှိုင်​၏အမြင်

ဒီအကြောင်းနဲ့ ပက်သက်ပြီး ဆရာကြီး ဓမ္မာစရိယဦး​ဌေးလှိုင်​ရဲ့
ဘုန်းကြီးများ​ငွေအလှူခံမှု၌ ရှုမြင်​သုံးသပ်​ချက်​ဟာလည်း
အသိအမြင်တိုးစရာပါပဲ။

ဆရာကြီး ဓမ္မာစရိယဦး​ဌေးလှိုင်​၏
ဘုန်းကြီးများ​ငွေအလှူခံမှု၌ ရှုမြင်​သုံးသပ်​ချက်​ >>>

သာသနာတိုးတက်​​စေလို​သည်​ မှန်​​သော်​လည်း
ရွှေ​ငွေအလှူသည်​ သာသနာဖျက်​လက်​နက်​ကြီးပင်​ ဖြစ်​သည်​။
ဝိနည်း​ဒေသနာ​တော်​၌ အတင်းအကြပ်​တားမြစ်​ပြီး ဖြစ်​၏။

သဠာယတနဝဂ္ဂသံယုတ်​ပါဠိ​တော်​ မဏိစူဠကသုတ်​ ၌ ရဟန်းတို့သည်​ ​ရွှေ​ငွေကို မည်​သည့်​နည်းနှင့်​မျှ မရှာမှီးအပ်​၊ ​ရွှေ​ငွေအပ်​လျင်​ ကာမဂုဏ်​ငါးပါးလည်း အပ်​​တော့သည်​၊ (ဝါ) ​ရွှေ​ငွေအပ်​လျှင်​ မိန်းမလည်း အပ်​​တော့သည်​။ ကာမဂုဏ်​ငါးပါးလက်​ခံလျှင်​လည်း ရဟန်းပင်​ မမည်​​တော့ ဟု ​ဟော​တော်​မူခဲ့၏။

မြန်​မာပြည်​ သာသနာ၌ အချို့​သော ရဟန်းတို့သည်​ ထိုအခါ ( မင်းတုန်းမင်းလက်​ထက်​ မင်းမှုထမ်းများ ​ငွေလှူသည့်​အခါ) မှ စ၍ အလွန်​အပြစ်​ကြီး​လေး​သော ဥပ​ဒေကြီးကို ​ကျောခိုင်းစ ပြုလာကြ၏။ ချိုး​ဖောက်​ရန်​ အတင့်​ရဲလာကြ၏။ ထို​ငွေကိုင်​မှု​ကြောင့်​ပင်​ ဒုတိယသင်္ဂါယနာတင်​၍ အ​ရေးယူခဲ့ရသည်​ကိုပင်​​ ​မေ့​လျော့ကြ​လေပြီ။

ပစ္စည်း​လေးပါး ပြည့်​စုံ​နေလျှင်​ အဘယ်​အရာ လိုပါ​သေးချိမ့်​နည်း၊
ပစ္စည်း​လေးပါးကိုပင်​ လိုအပ်​သည်​ထက်​ ပိုလျှံ​နေပါမူ ဘုရားမကြိုက်​ပါ​ချေ၊

ယ​နေ့ ပစ္စက္ခသာသနာ၌ ယင်း​ငွေလှူမှုကြီးကို
ရှင်​​ရော လူပါ နှစ်​နှစ်​ကာကာကြီး စဉ်းစားသင့်​ကြပြီ၊
စဉ်းစားသင့်​​ကောင်းလှပါ၏။

ဘုရားရှင်​၏ အမိန့်​​တော်​ကား
ဆင်​​ခြေ ဆင်​လက်​ တက်​စရာမရှိ၊​ရှောင်လွှဲရန်​ ဥပါယ်​မဝင်​သာ။
တိုက်​ရိုက်​ စင်းစင်းကြီး ​ဖြောင့်​​ဖြောင့်​ကြီးသာတည်း။

ဝိနည်းပညတ်​တို့ကား အာဏာ​ဒေသနာဖြစ်​သည်​ကို သတိမူသင့်​​ပေသည်​။
(ရဟန္တာနှင့်​ ပုဂ္ဂိုလ်​ထူးများ စာ- ၁၃၅ )

(၅)

#ပါဠိ_ပိဋကတ်တော်

အောက်ပါ ပိဋကတ် အကိုးအကားတွေကိုကြည့်ရင်
ဘုရားရှင်ဟာ ရဟန်းတွေ ငွေကိုင်တာကို
မလိုလားကြောင်း အလွန်ကို ထင်ရှားလွန်းလှပါတယ်။

တိပိဋက >>> သုတ္တန် ပိဋက နိကယ်ငါးရပ် >>>
သဠာယတန၀ဂ္ဂသံယုတ် ပါဠိတော် >>>(၈) ဂါမဏိသံယုတ် >>>
(၁၀) မဏိစူဠကသုတ် >>>  ပါဠိတော် >>>

မဏိစူဠကသုတ္တံ

ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဝေဠုဝနေ ကလန္ဒကနိဝါပေ။ တေန ခေါ ပန သမယေန ရာဇန္တေပုရေ ရာဇပရိသာယ သန္နိသိန္နာနံ သန္နိပတိတာနံ အယမန္တရာကထာ ဥဒပါဒိ -- ''ကပ္ပတိ သမဏာနံ သကျပုတ္တိယာနံ ဇာတရူပရဇတံ၊ သာဒိယန္တိ သမဏာ သကျပုတ္တိယာ ဇာတရူပရဇတံ၊ ပဋိဂ္ဂဏှန္တိ သမဏာ သကျပုတ္တိယာ ဇာတရူပရဇတ''န္တိ!

တေန ခေါ ပန သမယေန မဏိစူဠကော ဂါမဏိ တဿံ ပရိသာယံ နိသိန္နော ဟောတိ။ အထ ခေါ မဏိစူဠကော ဂါမဏိ တံ ပရိသံ ဧတဒဝေါစ -- ''မာ အယျော
ဧဝံ အဝစုတ္ထ။ န ကပ္ပတိ သမဏာနံ သကျပုတ္တိယာနံ ဇာတရူပရဇတံ၊ န သာဒိယန္တိ သမဏာ သကျပုတ္တိယာ ဇာတရူပရဇတံ၊ နပ္ပဋိဂ္ဂဏှန္တိ သမဏာ သကျပုတ္တိယာ ဇာတရူပရဇတံ၊ နိက္ခိတ္တမဏိသုဝဏ္ဏာ သမဏာ သကျပုတ္တိယာ အပေတဇာတရူပရဇတာ''တိ။ အသက္ခိ ခေါ မဏိစူဠကော ဂါမဏိ တံ ပရိသံ သညာပေတုံ။ အထ ခေါ မဏိစူဠကော ဂါမဏိ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ မဏိစူဠကော ဂါမဏိ ဘဂဝန္တံ ဧတဒဝေါစ -- ''ဣဓ၊ ဘန္တေ၊ ရာဇန္တေပုရေ ရာဇပရိသာယ သန္နိသိန္နာနံ သန္နိပတိတာနံ အယမန္တရာကထာ ဥဒပါဒိ -- 'ကပ္ပတိ သမဏာနံ သကျပုတ္တိယာနံ ဇာတရူပရဇတံ၊ သာဒိယန္တိ သမဏာ သကျပုတ္တိယာ ဇာတရူပရဇတံ၊ ပဋိဂ္ဂဏှန္တိ သမဏာ သကျပုတ္တိယာ ဇာတရူပရဇတ'န္တိ။ ဧဝံ ဝုတ္တေ၊ အဟံ၊ ဘန္တေ၊ တံ ပရိသံ ဧတဒဝေါစံ -- 'မာ အယျော ဧဝံ အဝစုတ္ထ။ န ကပ္ပတိ သမဏာနံ သကျပုတ္တိယာနံ ဇာတရူပရဇတံ၊ န သာဒိယန္တိ သမဏာ သကျပုတ္တိယာ ဇာတရူပရဇတံ၊ နပ္ပဋိဂ္ဂဏှန္တိ သမဏာ သကျပုတ္တိယာ (သံ၊၂၊၅၁ဝ) ဇာတရူပရဇတံ၊ နိက္ခိတ္တမဏိသုဝဏ္ဏာ သမဏာ သကျပုတ္တိယာ အပေတဇာတရူပရဇတာ'တိ။ အသက္ခိံ ခွါဟံ၊ ဘန္တေ၊ တံ ပရိသံ သညာပေတုံ။ ကစ္စာဟံ၊ ဘန္တေ၊ ဧဝံ ဗျာကရမာနော ဝုတ္တဝါဒီ စေဝ ဘဂဝတော ဟောမိ၊ န စ ဘဂဝန္တံ အဘူတေန အဗ္ဘာစိက္ခာမိ၊ ဓမ္မဿ စာနုဓမ္မံ ဗျာကရောမိ၊ န စ ကောစိ သဟဓမ္မိကော ဝါဒါနုဝါဒေါ ဂါရယှံ ဌာနံ အာဂစ္ဆတီ''တိ?

''တဂ္ဃ တွံ၊ ဂါမဏိ၊ ဧဝံ ဗျာကရမာနော ဝုတ္တဝါဒီ စေဝ မေ ဟောသိ၊ န စ မံ အဘူတေန အဗ္ဘာစိက္ခသိ၊ ဓမ္မဿ စာနုဓမ္မံ ဗျာကရောသိ၊ န စ ကောစိ သဟဓမ္မိကော ဝါဒါနုဝါဒေါ ဂါရယှံ ဌာနံ အာဂစ္ဆတိ။ န ဟိ၊ ဂါမဏိ၊ ကပ္ပတိ သမဏာနံ သကျပုတ္တိယာနံ ဇာတရူပရဇတံ၊ န သာဒိယန္တိ သမဏာ သကျပုတ္တိယာ ဇာတရူပရဇတံ၊ နပ္ပဋိဂ္ဂဏှန္တိ သမဏာ သကျပုတ္တိယာ ဇာတရူပရဇတံ၊ နိက္ခိတ္တမဏိသုဝဏ္ဏာ သမဏာ သကျပုတ္တိယာ အပေတဇာတရူပရဇတာ။ ယဿ ခေါ၊ ဂါမဏိ၊ ဇာတရူပရဇတံ ကပ္ပတိ၊ ပဉ္စပိ တဿ ကာမဂုဏာ ကပ္ပန္တိ။ ယဿ ပဉ္စ ကာမဂုဏာ ကပ္ပန္တိ ဧကံသေနေတံ၊ ဂါမဏိ၊ ဓာရေယျာသိ အဿမဏဓမ္မော အသကျပုတ္တိယဓမ္မောတိ။ အပိ စာဟံ၊ ဂါမဏိ၊ ဧဝံ ဝဒါမိ -- တိဏံ တိဏတ္ထိကေန ပရိယေသိတဗ္ဗံ၊ ဒါရု ဒါရုတ္ထိကေန ပရိယေသိတဗ္ဗံ၊ သကဋံ သကဋတ္ထိကေန ပရိယေသိတဗ္ဗံ၊ ပုရိသော ပုရိသတ္ထိကေန ပရိယေသိတဗ္ဗော။ နတွေဝါဟံ၊ ဂါမဏိ၊ ကေနစိ ပရိယာယေန 'ဇာတရူပရဇတံ သာဒိတဗ္ဗံ ပရိယေသိတဗ္ဗ'န္တိ ဝဒါမီ''တိ

…………………………………………………………………

တိပိဋက >>> သုတ္တန် ပိဋက နိကယ်ငါးရပ်>>>
သဠာယတန၀ဂ္ဂသံယုတ် ပါဠိတော် >>>(၈) ဂါမဏိသံယုတ် >>>
(၁၀) မဏိစူဠကသုတ် >>>  မြန်မာပြန် >>>

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့ကို အစာကျွေးရာ ဖြစ်သောဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ နန်းတော်တွင် အညီအညွတ် စုဝေးထိုင်နေသောမင်းပရိသတ်၌ ”သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့အား ရွှေငွေသည် အပ်၏၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ရွှေငွေကို သာယာကုန်၏၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ရွှေငွေကို ခံယူကုန်၏ ”ဟူသော အကြားစကားသည် ဖြစ်ပေါ်၏။

ထိုအခါ မဏိစူဠကရွာသူကြီးသည် ထိုပရိသတ်၌ ထိုင်လျက် ရှိ၏၊ ထိုအခါ မဏိစူဠကရွာသူကြီးသည်ထိုပရိသတ်ကို ”အရှင်တို့ ဤသို့ မဆိုကြကုန်လင့်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့အား ရွှေငွေသည် မအပ်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ရွှေငွေကို မသာယာကုန်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ရွှေငွေကို မခံယူကုန်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ကျောက်မျက်နှင့် ရွှေငွေကို ပယ်ထားကုန်၏၊ ရွှေငွေမှ ကင်းကုန်၏ ”ဟု ပြောလေ၏။ မဏိစူဠကရွာသူကြီးသည် ထိုပရိသတ်ကိုသိစေခြင်းငှါ စွမ်းနိုင်လေ၏။

ထို့နောက် မဏိစူဠကရွာသူကြီးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေလျက် ”မြတ်စွာဘုရား ယခု နန်းတော်တွင်းဝယ် စုဝေးထိုင်နေသော မင်းပရိသတ်၌ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့အား ရွှေငွေသည် အပ်၏၊ သာကီဝင်မင်းသားမြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ရွှေငွေကို သာယာကုန်၏၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ရွှေငွေကို ခံယူကုန်၏”ဟူသော ဤအကြားစကားသည် ဖြစ်ပေါ်၏။

အသျှင် ဘုရား ဤသို့ ဆိုသော် အကျွန်ုပ်သည် ထိုပရိသတ်ကို ”အရှင်တို့ ဤသို့ မဆိုကြကုန်လင့်၊့ သာကီဝင်မင်း သား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့အား ရွှေငွေသည် မအပ်၊ သာကီဝင်မင်းသားမြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ရွှေငွေကို မသာယာကုန်၊ သာကီဝင်မင်းသားမြတ်စွာဘုရား၏ တပည့်သား ရဟန်းတို့သည် ရွှေငွေကို မခံယူကုန်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏တပည့်သားရဟန်းတို့သည် ကျောက်မျက်နှင့် ရွှေငွေကို ပယ်ထားကုန်၏၊ ရွှေငွေမှ ကင်းကုန်၏ ”ဟုပြောပါ၏၊ အသျှင်ဘုရား အကျွန်ုပ်သည် ထိုပရိသတ်ကို သိစေခြင်းငှါ စွမ်းနိုင်ပါ၏၊ အသျှင်ဘုရားအကျွန်ုပ်သည် ဤသို့ ဆိုသော် မြတ်စွာ ဘုရား၏ စကားတော်အတိုင်း ဆိုသည်လည်း ဖြစ်ပါ၏လော၊ မြတ်စွာဘုရားကို မဟုတ်မမှန် မစွပ်စွဲသည် မည်ပါ၏လော၊ တရားတော်အား လျော်သော တရားကိုလည်းဆိုသည် မည်ပါ၏လော၊ မြတ်စွာဘုရား၏ ဝါဒကို အတုယူ၍ ပြောခြင်းသည် အကြောင်းနှင့် တကွဖြစ်၍ အကဲ့ရဲ့ခံရခြင်းသို့ အနည်းငယ်မျှ မရောက်ဘဲ ရှိပါ၏လောဟု လျှောက်၏။

ရွာသူကြီး စင်စစ် သင်သည် ဤသို့ ဆိုသော် ငါ၏ စကားအတိုင်း ဆိုသည်လည်း ဖြစ်၏၊ ငါ့ကိုမဟုတ်မှန် မစွပ်စွဲသည်လည်း ဖြစ်၏၊ တရားတော်အား လျော်သော တရားကို ဆိုသည်လည်း မည်၏၊ ငါ၏ ဝါဒကို အတုယူ၍ ပြောခြင်းသည် အကြောင်းနှင့် တကွဖြစ်၍ အကဲ့ရဲ့ခံရခြင်းသို့ အနည်းငယ်မျှ မရောက်။ ရွာသူကြီး မှန်၏၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့အား #ရွှေငွေသည်မအပ်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် #ရွှေငွေကိုမသာယာကုန်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် #ရွှေငွေကို မခံယူကုန်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ကျောက်မျက်နှင့် ရွှေငွေကို ပယ်ထားကုန်၏၊ #ရွှေငွေမှကင်းကုန်၏။ ရွာသူကြီး #ရွှေငွေကိုအပ်သောသူအားကာမဂုဏ်ငါးပါးတို့သည်အပ်ကုန်၏၊ ကာမဂုဏ်ငါးပါးအပ်သော သူကို စင်စစ်အားဖြင့် ”ရဟန်းသဘော မရှိ၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားသဘော မရှိ”ဟု မှတ်လေလော့။ ရွာသူကြီး စင်စစ်သော်ကား ငါသည် ဤသို့ ဟော၏-”မြက်ကိုအလိုရှိ သော သူသည် မြက်ကို ရှာသင့်၏၊ သစ်သားကို အလိုရှိသော သူသည် သစ်သားကို ရှာသင့်၏၊ လှည်းကို အလိုရှိသော သူသည် လှည်းကို ရှာသင့်၏၊ (အလုပ်သမား) ယောက်ျားကို အလိုရှိသောသူသည် (အလုပ် သမား) ယောက်ျားကို ရှာသင့်၏ ”၊ ရွာသူကြီး ”အဘယ်နည်းနှင့်မျှ ရွှေငွေကိုသာယာသင့်၏၊ ရှာသင့်၏ ” ဟူ၍ ငါဘုရား မဟောဟု (မိန့်တော်မူ၏)။

(၆)

#နိဂုံးချုပ်

" ထေရဝါဒ ရဟန်းတော်တွေ ငွေကိုင်တာ
ဘုရားဟောနဲ့ ညီညွတ်ပါရဲ့လား " …???

" ထေရဝါဒ ရဟန်းတော်တွေ ငွေကိုင်တာ
ဘုရားရှင်ရဲ့ ဓမ္မဝိနယကို ဖောက်ဖျက်တာလား "…???ဆိုတာကို
နိဂုံးချုပ်အနေနဲ့ ပြောရရင်တော့ သာသနာတော်ဟာ
အလွန်ကို တိမ်ညိုတိမ်ညစ်တွေ ဖုံးအုပ်နေတယ်ဆိုတာကတော့
ထင်ရှားလှပါတယ်။

ဘုရားရှင် သာသနာကို ထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေ တကယ်ချစ်မြတ်နိုးရင်
ဘုရားရှင်ဟောကြားခဲ့တဲ့ ဓမ္မဝိနယနဲ့ အညီ ထောက်ပံ့ချီးမြှောက်
သာသနာပြုတာဟာ ဘုရားဟောနဲ့ အညီ သာသနာပြုရာ
ရောက်ပြီး စစ်မှန်သော သာသနာပြုတယ် မည်ပါတယ်။

ဆန့်ကျင်ဘက် ပြုမူရင်တော့ သာသနာပြုတာထက်
သာသနာဖျက်ရာ ရောက်တတ်တာမို့ ထေရဝါဒ ဗုဒ္ဓဘာသာဝင်
ရဟန်းရှင်လူ မင်းစိုးရာဇာ ဆရာ ဒါယကာ ဒါယကာမများ
ဘုရားရှင်ကိုယ်တော်မြတ်ကြီး လေးအသင်္ချေ ကမ္ဘာတသိန်း
ပါရမီတော်ကြီးနဲ့ ထားရစ်ခဲ့တဲ့ ထေရဝါဒ ဗုဒ္ဓ သာသနာတော်ကို
စစ်မှန်သော သာသနာပြုခြင်းမျိုးဖြင့် သာသနာပြုနိုင်ကြပါစေကြောင်း
တိုက်တွန်းရေးသားလိုက်ရပါတယ်။

                               မောင်သုခ
                              (29- Nov- 2016)

No comments:

Post a Comment