Sunday, December 4, 2016

ရုပ်ပွါးတော်_ဆင်းတုတော်ကိုးကွယ်ပူဇော်ခြင်း

" #ရုပ်ပွါးတော်_ဆင်းတုတော်ကိုးကွယ်ပူဇော်ခြင်း…"

မြန်မာနိုင်ငံရှိ ထေရဝါဒ ဗုဒ္ဓဘာသာဝင်များသည်
သက်တော်ထင်ရှား မြတ်စွါဘုရားရှင်ကို
ရည်စူးပြီးသကာလ ရုပ်ပွါးတော် ဆင်းတုတော်များကို
ကိုးကွယ် ပူဇော်ကြသော အလေ့အထ ရှိကြ၏။

ဤနေရာတွင် မြင်တွေ့ရသည်မှာ
အချို့သော ထေရဝါဒ ဗုဒ္ဓဘာသာဝင်
ရဟန်း ရှင်လူများသည် အထက်ပါအတိုင်း
ရုပ်ပွါးတော် ဆင်းတုတော် ကိုးကွယ် ပူဇော်ခြင်းသည်
ဘုရားရှင်ဟောကြားသော ဓမ္မဝိနယနှင့် ညီ/ မညီ ဆိုသည်ကို
ရှင်းလင်းပြတ်သားစွါ သိရှိခြင်းမရှိကြသည်ကို
တွေ့မြင်ရပါသည်။

ဤပိုစ့်တွင် ရုပ်ပွါးတော် ဆင်းတုတော်
ကိုးကွယ် ပူဇော်ခြင်းသည် ဘုရားရှင်ဟောကြားသော
ဓမ္မဝိနယနှင့် ညီ/ မညီ ကို ရှင်းလင်းပြတ်သားစွါ
ပိဋကတ် ကျမ်းဂန် အကိုးအကားများဖြင့်
ဖော်ပြပေအံ့။

ထို့အပြင်  မြန်မာနိုင်ငံရှိ အချို့သော    
ဘုရားရှင်ရုပ်ပွါးတော် ဆင်းတုတော်များသည်
မကိုဋ် လည်ရွဲ ဘယက် အစရှိသည့်
မင်း တို့၏ ချပ်ဝတ်တန်ဆာ အသွင်ဖြင့်
ဖြစ်နေသည်ကိုလည်း မြင်တွေ့ရပါသည်။
ဤသည်ကို မန္တလေး မဟာမြတ်မုနိ ဘုရားရှင် l
ဇလွန်ပြည်တော်ပြန် အစရှိသည့်
ရုပ်ပွါးတော် ဆင်းတုတော်များနှင့် အခြားသော
နေရာအသီးသီးက အလားတူ ရုပ်ပွါးတော် ဆင်းတုတော်များ
ကို ကြည့်ရှုဖူးမျှော်ခြင်းဖြင့် ထင်ရှားစွါ သိရမည်ဖြစ်၏။

ဤတွင် မေးစရာ ရှိလာသည်တို့မှာ
အောက်ပါအတိုင်း ဖြစ်ပေသည်။

(၁)

အချို့သောသူများ ပြောကြသလို
ဇင်းမယ်ပဏ္ဏာသ တဖြစ်လည်း ယွန်းပဏ္ဏာသ
ကျမ်းလာ ဇမ္ဗူပတိမင်းချွတ်ခန်းကို ကိုးကား၍
ဘုရားရှင်ကို မကိုဋ် လည်ရွဲ ဘယက် အစရှိသည့်
မင်းဝတ်တန်ဆာဖြင့် ရုပ်ပွါးတော် ဆင်းတုတော်
ကိုးကွယ်ပူဇော်ကြခြင်း ဟုတ်/ မဟုတ် …???

(၂)

မကိုဋ် လည်ရွဲ ဘယက် အစရှိသည့်
မင်းဝတ်တန်ဆာများဖြင့်
ဘုရားရှင်ရုပ်ပွါးတော် ဆင်းတုတော်များကို
ကိုးကွယ်ပူဇော်ခြင်းသည်
မည်သည့် ဓမ္မဝိနယကို ထောက်ရှု၍
စတင်ကိုးကွယ်ပြုလုပ်ကြသနည်း…???

ဘုရားရှင်ဟောကြားသော ဓမ္မဝိနယနှင့် ညီ /မညီ …???

(၃)

သင်္ကန်းဝတ်ဆင်သော အသွင်ဖြင့်
ဘုရားရှင် ကိုယ်တော်မြတ်ကြီး၏
ရုပ်ပွါးတော် ဆင်းတုတော်ကို
ကိုးကွယ်ပူဇော်ခြင်းသည်
ဘုရားရှင်ဟောကြားသော မည်သည့်
ဓမ္မဝိနယကို ထောက်ရှု၍ စတင်ကိုးကွယ်ပြုလုပ်ကြသနည်း…???

ဘုရားရှင်ဟောကြားသော ဓမ္မဝိနယနှင့် ညီ /မညီ …???
စသည်တို့ဖြစ်သည်။

©©©©©©©©©©©©©©©©©©©
©©©©©©©©©©©©©©©©©©©

(၁)

အချို့သောသူများ ပြောကြသလို
ဇင်းမယ်ပဏ္ဏာသ တဖြစ်လည်း ယွန်းပဏ္ဏာသ
ကျမ်းလာ ဇမ္ဗူပတိမင်းချွတ်ခန်းကို ကိုးကား၍
ဘုရားရှင်ကို မကိုဋ် လည်ရွဲ ဘယက် အစရှိသည့်
မင်းဝတ်တန်ဆာဖြင့် ရုပ်ပွါးတော် ဆင်းတုတော်
ကိုးကွယ်ပူဇော်ကြခြင်း ဟုတ်/ မဟုတ် …???  >>>

ဤနေရာတွင် ယွန်းပဏ္ဏာသ တဖြစ်လည်း
ဇင်းမယ် ပဏ္ဏာသကျမ်း အကြောင်းကို စာရှုသူများသိမြင်ရန်
ကနဦး ဖော်ပြပါမည်။

ပဏ္ဏာသခေါ် ဇာတ်ဝတ္ထု (၅၀) သို့မဟုတ် (၅၅) ရှိသောကျမ်းကို
(၁) လောကီပဏ္ဏာသ (၂) ယွန်းပဏ္ဏာသ (၃) ဇင်းမယ်ပဏ္ဏာသဟူ၍
အရာအားလျော်စွါ ဆရာမြတ်တို့ ပညတ်တင်တော်မူကြသည်။

(၁)  လောကီပဏ္ဏာသ

သာသနာတော်ဝင် သင်္ဂါယနာတင်ဖြစ်သော မူလပဏ္ဏာသ l
မဇ္ဈိမပဏ္ဏာသ l ဥပရိပဏ္ဏာသ အစရှိသည့် ကျမ်းမြတ်တို့
ယှိသောကြောင့် ယင်းကျမ်းမြတ်တို့နှင့် ကွဲပြားစိမ့်သောငှာ
လောကီပဏ္ဏာသ ဟု ဆရာမြတ်တို့ ခေါ်စမှတ်ပြုကြသည်။

(၂)   ယွန်းပဏ္ဏာသ

ယောန l ယောနက ခေါ် အိန္ဒိယအနောက်ပိုင်းယွန်း l
မြန်ယိုးဒယား အနီးစပ် ယွန်းဟူ၍ ယွန်းနိုင်ငံနှစ်မျိုး
ဝေါဟာရတွင်သည်အနက် မြန်မာယွန်းနိုင်ငံထွက်ကျမ်း
ဖြစ်သောကြောင့် ယွန်းပဏ္ဏာသကျမ်းဟုလည်း
ဆရာမြတ်တို့ ခေါ်စမှတ်ပြုကြသည်။

(၃)  ဇင်းမယ်ပဏ္ဏာသ

ယွန်းနိုင်ငံ ဇင်းမယ်မြို့ထွက် ကျမ်းဖြစ်သောကြောင့်
ဇင်းမယ်ပဏ္ဏာသကျမ်းဟုလည်း ဆရာမြတ်တို့
ခေါ်စမှတ်ပြုကြသည်။

ပညာသ သဒ္ဒါနှင့်တူသော
ပဏ္ဏာသ  သဒ္ဒါသည် ငါးဆယ်ဟူသော
အနက်ကို ဟောဆိုလေသည်။ယင်းကျမ်းကို
ဇင်းမယ်ပဏ္ဏာသဟူသော အမည်တပ်၍ (1911/ ၁၂၇၂)
ခုနှစ်တွင် ရန်ကုန်မြို့ ဟံသာဝတီ စာပုံနှိပ်တိုက်က
ရိုက်နှိပ် ထုတ်ဝေခဲ့သည်။စာမျက်နှာ (685) မျက်နှာရှိသည်။

©©©©©©©©©©©©©©©©©©

ထေရဝါဒ ပိဋကတ်တော်တွင် ဇမ္ဗူပတိမင်းချွတ်ခန်းဟူ၍
စိုးစဉ်းမျှ မပါရှိသလို ဇမ္ဗူပတိဟူသော အမည်သည်လည်း
မပါရှိပေ။သို့ဖြစ်ပါသောကြောင့် ဒေါသ မာန်မာန ကြီးသော
ဇမ္ဗူပတိမင်းကို ဘုရားရှင်မှ ချေချွတ်သည့် အကြောင်းသည်
ခိုင်မာသော ထေရဝါဒပိဋကတ်တော်နှင့် သာသနာဝင်ကျမ်းများတွင်
ပါဝင်သော အကြောင်းအရာမဟုတ်ပေ။

ဤ ဇမ္မူပတိမင်းအကြောင်းကို သက္ကရာဇ် (၁၁၃၄)
ဆင်ဖြူရှင်မင်းတရားကြီး လက်ထက်တွင် ပေါ်ထွက်ခဲ့သော
" ဘဒ္ဓန္တ သဒ္ဓမ္မာဘိ လင်္ကာရ " အမည်ရ ဒီပဲယင်းဆရာတော်
ဘုရားကြီး ရေးသားပြုစုခဲ့သည့် " တထာဂတ ဥပါန ဒီပနီ ကျမ်း"
တတိယတွဲတွင် ပါဝင်လေသည်။ဤ ဇမ္ဗူပတိမင်းချွတ်ခန်းကို
ဖတ်ရှုလိုပါက ဒီပဲယင်း ဆရာတော်ကြီး စီရင်သောကျမ်းကို
အရှာရခက်လျှင် ဓမ္မာစရိယ ဦးအေးနိုင် (ဘီအေ) ရေးသားသည့်
" ဇမ္ဗူပတိမင်းချွတ်ခန်း " စာအုပ်တွင် #အကျဉ်းချုပ်ကို
ဖတ်ရှုနိုင်ပါသည်။

©©©©©©©©©©©©©©©©©©©©©©

စာမျက်နှာ (၄) မျက်နှာသာ ပါဝင်၍ ဖိုင်ဆိုဒ်အလွန်နည်း
သောကြောင့် အောက်ပါလင့်ခ်တွင် လွယ်ကူစွါ ဒေါင်းယူနိုင်ပါသည်။
@credit org uploader >>>
ဒေါင်းယူရန် လင့်ခ်  " ဇမ္ဗူပတိမင်း ချွတ်ခန်း "
https://m.facebook.com/story.php?story_fbid=469234666552123&id=100003967821445

©©©©©©©©©©©©©©©©©©©©©©©©

မေးခွန်းကို ပြန်ကောက်ရလျှင်

အချို့သောသူများ ပြောကြသလို
ဇင်းမယ်ပဏ္ဏာသ တဖြစ်လည်း ယွန်းပဏ္ဏာသ
ကျမ်းလာ ဇမ္ဗူပတိမင်းချွတ်ခန်းကို ကိုးကား၍
ဘုရားရှင်ကို မကိုဋ် လည်ရွဲ ဘယက် အစရှိသည့်
မင်းဝတ်တန်ဆာဖြင့် ရုပ်ပွါးတော် ဆင်းတုတော်
ကိုးကွယ်ပူဇော်ကြခြင်း ဟုတ်/ မဟုတ် …??? ဆိုသည်မှာ
လုံးဝ မဟုတ်ပါဟုသာ ဖြေဆိုရပေမည်။အဘယ်ကြောင့်ဆိုသော်
ဇင်းမယ်ပဏ္ဏာသ တဖြစ်လည်း ယွန်းပဏ္ဏာသကျမ်းသည်
သာသနာတော်ဝင် ကျမ်းများတွင် မပါဝင်သောကြောင့်ဖြစ်၏။

အထက်တွင် ဆိုထားသလို
ထေရဝါဒ ပိဋကတ်တော်တွင် ဇမ္ဗူပတိမင်းချွတ်ခန်းဟူ၍
စိုးစဉ်းမျှ မပါရှိသလို ဇမ္ဗူပတိဟူသော အမည်သည်လည်း
မပါရှိပေ။သို့ဖြစ်ပါသောကြောင့် ဒေါသ မာန်မာန ကြီးသော
ဇမ္ဗူပတိမင်းကို ဘုရားရှင်မှ ချေချွတ်သည့် အကြောင်းသည်
ခိုင်မာသော ထေရဝါဒပိဋကတ်တော်နှင့် သာသနာဝင်ကျမ်းများတွင်
ပါဝင်သော အကြောင်းအရာမဟုတ်ပေ။

ထပ်မံ၍ ထင်ရှားစေသည်မှာ
ဇင်းမယ်ပဏ္ဏာသ တဖြစ်လည်း ယွန်းပဏ္ဏာသ
ကျမ်းတွင် ဤဇမ္ဗူပတိချွတ်ခန်း အကြောင်း ပါဝင်ခြင်းမရှိပေ။
" ဘဒ္ဓန္တ သဒ္ဓမ္မာဘိ လင်္ကာရ " အမည်ရ ဒီပဲယင်းဆရာတော်
ဘုရားကြီး ရေးသားပြုစုခဲ့သည့် " တထာဂတ ဥပါန ဒီပနီ ကျမ်း"
တွင်လည်း " ဇမ္ဗူပတိ ချွတ်ခန်း " ကို မည်သည့်ကျမ်းက
ကောက်နုတ် ရေးသားသည်ဟု ကျမ်းညွှန်း မပါရှိပေ။
သို့ဖြစ်ပါသောကြောင့် အချို့သောသူများ ပြောကြသလို
ဇင်းမယ်ပဏ္ဏာသ တဖြစ်လည်း ယွန်းပဏ္ဏာသ
ကျမ်းလာ ဇမ္ဗူပတိမင်းချွတ်ခန်းကို ကိုးကား၍
ဘုရားရှင်ကို မကိုဋ် လည်ရွဲ ဘယက် အစရှိသည့်
မင်းဝတ်တန်ဆာဖြင့် ရုပ်ပွါးတော် ဆင်းတုတော်
ကိုးကွယ်ပူဇော်ကြခြင်းမဟုတ်သည်မှာ ထင်ရှားပေပြီ။

©©©©©©©©©©©©©©©©©©©©©©
(၂)

မကိုဋ် လည်ရွဲ ဘယက် အစရှိသည့်
မင်းဝတ်တန်ဆာများဖြင့်
ဘုရားရှင်ရုပ်ပွါးတော် ဆင်းတုတော်များကို
ကိုးကွယ်ပူဇော်ခြင်းသည်
မည်သည့် ဓမ္မဝိနယကို ထောက်ရှု၍
စတင်ကိုးကွယ်ပြုလုပ်ကြသနည်း…???

ဘုရားရှင်ဟောကြားသော ဓမ္မဝိနယနှင့် ညီ /မညီ …??? >>>

မကိုဋ် လည်ရွဲ ဘယက် အစရှိသည့်
မင်းဝတ်တန်ဆာများဖြင့်
ဘုရားရှင်ရုပ်ပွါးတော် ဆင်းတုတော်များကို
ကိုးကွယ်ပူဇော်ခြင်းသည် မည်သည့် ဓမ္မဝိနယကို ထောက်ရှု၍
စတင်ကိုးကွယ်ပြုလုပ်ကြသနည်းဆိုသည်ကိုဖော်ပြရာတွင်
မုံရွေး ဇေတဝန်ဆရာတော်ကြီးထံ မုံရွာသီရိမာလာ မေးလျှာက်၍
ပြန်လည် ဖြေကြားထားသော သမန္တစက္ခု ဒီပနီ ကျမ်း
စာ- ၃၃၁ l ၁၀၀ - ပုစ္ဆာ ၏ ၁၀၀- ဝိသဇ္ဇနာ တွင်
အောက်ပါအတိုင်း ထင်ရှားစွါ ပါလေသည်။

ဘုရားရုပ်တုတော်ကို တန်ဆာဆောင်း နရတင်းဆင်၍
ပြုလုပ်ကိုးကွယ်သည့်အရာများ ကျမ်းဂန်လာသည်
မလာသည်ကို သိမှတ်လိုပါသည်ဟု ဟူရာ၌

တိပိဋက >>>  သုတ္တန်ပိဋက  နိကယ်ငါးရပ်>>>  ဒီဃနိကာယ် >>>
မဟာဝဂ် ပါဠိတော် >>> (၃) မဟာပရိနိဗ္ဗာနသုတ်  >>> ပါဠိတော်

အဘိဇာနာမိ ခေါ ပနာဟံ၊ အာနန္ဒ (ဒီ၊၂၊၉၂၊ အနေကသတံ ခတ္တိယပရိသံ ဥပသင်္ကမိတာ။ တတြပိ မယာ သန္နိသိန္နပုဗ္ဗံ စေဝ သလ္လပိတပုဗ္ဗဉ္စ သာကစ္ဆာ စ သမာပဇ္ဇိတပုဗ္ဗာ။ တတ္ထ ယာဒိသကော တေသံ ဝဏ္ဏော ဟောတိ၊ တာဒိသကော မယှံ ဝဏ္ဏော ဟောတိ။ ယာဒိသကော တေသံ သရော ဟောတိ၊ တာဒိသကော မယှံ သရော ဟောတိ။ ဓမ္မိယာ ကထာယ သန္ဒေဿမိ သမာဒပေမိ သမုတ္တေဇေမိ သမ္ပဟံသေမိ။ ဘာသမာနဉ္စ မံ န ဇာနန္တိ -- 'ကော နု ခေါ အယံ ဘာသတိ ဒေဝေါ ဝါ မနုေဿာ ဝါ'တိ? ဓမ္မိယာ ကထာယ သန္ဒေဿတွာ သမာဒပေတွာ သမုတ္တေဇေတွာ သမ္ပဟံသေတွာ အန္တရဓာယာမိ။ အန္တရဟိတဉ္စ မံ န ဇာနန္တိ -- 'ကော နု ခေါ အယံ အန္တရဟိတော ဒေဝေါ ဝါ မနုေဿာ ဝါ'တိ?

တိပိဋက >>>  သုတ္တန်ပိဋက  နိကယ်ငါးရပ်>>>  ဒီဃနိကာယ် >>>
မဟာဝဂ် ပါဠိတော် >>> (၃) မဟာပရိနိဗ္ဗာနသုတ်  >>> မြန်မာပြန်

" အာနန္ဒာ ငါသည် အရာမကသော မင်းပရိသတ် (စည်းဝေးပွဲများ) သို့ တက်ရောက်ခဲ့ဖူးသည်ကိုမှတ်မိပေ၏။ ထို (မင်းပရိသတ်များ) ၌ ငါသည် အတူတကွလည်း ထိုင်နေခဲ့ဖူး၏၊ အတူတကွလည်း ပြောဆိုခဲ့ဖူး၏၊ အတူတကွလည်း ဆွေးနွေးခဲ့ဖူး၏။ ထို (မင်းပရိသတ်များ) ၌ ထိုမင်းတို့၏ အဆင်းကဲ့သို့ပင်ငါ၏ အဆင်းသည်လည်း ဖြစ်၏၊ ထိုမင်းတို့၏ အသံကဲ့သို့ပင် ငါ၏ အသံသည်လည်း ဖြစ်၏၊ (ငါသည်ထိုမင်းတို့ကို) တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေ၏၊ (ဤသို့) ဟောပြောနေစဉ်၌လည်း ”ဟောပြောနေသော ဤသူသည် အဘယ်သူနည်း၊ နတ်လော လူလော”ဟု ငါ့ကို မသိကုန်။ (ငါသည်) တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေပြီးလျှင် ကွယ်ခဲ့၏။ (ဤသို့) ကွယ်ခဲ့သောအခါ၌လည်း ”ကွယ်သွားသော ဤသူသည် အဘယ်သူနည်း၊ နတ်လော လူလော”ဟု ငါ့ကို မသိကုန်။

ဤသို့ စသည်ဖြင့်လာသော တိပိဋက ဆဋ္ဌမူ
ပါဠိတော်နှင့် မြန်မာပြန်စကားရပ်တွင်စင်စစ်အားဖြင့်ကား
ဘုရားသခင်၌ တန်ဆာဆင်ယင်ခြင်းလည်းမရှိ။လည်ရွဲ ဘယက်l
လက်ကောက် လက်ကြပ် lလက်စွပ် ခြေနင်း l နရတင်းဦးစိုက် l
မကိုဋ်စိန်ထောင် ဆင်ယင်ခြင်းလည်း မရှိပါ။ထိုသို့ မရှိသော်လည်း
အဝေးစကြာဝဠာသားတို့ကသာ ငါတို့မင်းသည်အခါတပါးဤကဲ့သို့
စကားကို မပြောစဖူး။ ယနေ့ကား အံ့ဖွယ်ရှိသော တရားစကားကို
ပြောဟောပေသည်ဟူ၍ ထင်ကြကုန်သည်။

ဤသို့ မင်းဟူ၍ မှတ်ထင်လေသော အခိုက်အတန့် ကာလကိုရည်၍
မင်းသဏ္ဍာန် မင်းဝတ်တန်ဆာဖြင့် တကွ အစဉ်အဆက်
ပူဇော် ထုဆစ် ကိုးကွယ်ကြလေသည်သာ ဖြစ်၏ဟု
ဆရာအစဉ်အဆက်စကားရှိပြီး ပိဋကတ်အကိုးအကားလည်း
ခိုင်မာသောကြောင့် မကိုဋ် လည်ရွဲ ဘယက် အစရှိသည့်
မင်းဝတ်တန်ဆာများဖြင့်ဘုရားရှင်ရုပ်ပွါးတော် ဆင်းတုတော်များကို
ကိုးကွယ်ပူဇော်ခြင်းသည် မည်သည့် ဓမ္မဝိနယကို ထောက်ရှု၍
စတင်ကိုးကွယ်ပြုလုပ်ကြသနည်း…???
ဘုရားရှင်ဟောကြားသော ဓမ္မဝိနယနှင့် ညီ /မညီ …???
ဆိုသည်မှာ ထင်ရှားပေပြီ ။

©©©©©©©©©©©©©©©©©©©©©©©©

(၃)

သင်္ကန်းဝတ်ဆင်သော အသွင်ဖြင့်
ဘုရားရှင် ကိုယ်တော်မြတ်ကြီး၏
ရုပ်ပွါးတော် ဆင်းတုတော်ကို
ကိုးကွယ်ပူဇော်ခြင်းသည်
ဘုရားရှင်ဟောကြားသော မည်သည့်
ဓမ္မဝိနယကို ထောက်ရှု၍ စတင်ကိုးကွယ်ပြုလုပ်ကြသနည်း…???

ဘုရားရှင်ဟောကြားသော ဓမ္မဝိနယနှင့် ညီ /မညီ …??? >>>

သင်္ကန်းဝတ်ဆင်သော အသွင်ဖြင့် ဘုရားရှင် ကိုယ်တော်မြတ်ကြီး၏
ရုပ်ပွါးတော် ဆင်းတုတော်ကိုကိုးကွယ်ပူဇော်ခြင်းသည်
ဘုရားရှင်ဟောကြားသော မည်သည့် ဓမ္မဝိနယကို ထောက်ရှု၍ စတင်ကိုးကွယ်ပြုလုပ်ကြသနည်းဆိုရာ၌ တေရသနိပါတ်
ကာလိင်္ဂဗောဓိဇာတ်အဋ္ဌကထာl  ခုဒ္ဒကပါဌအဋ္ဌကထာ၊ နိဓိကဏ္ဍသုတ် l
ဓမ္မပဒအဋ္ဌကထာ l သာရတ္ထဒီပနီဋီကာ တို့ကို ညွှန်ပြရပေမည်။

ဤနေရာ၌ ပါဠိတော်၏ အဓိပ္ပါယ်ကို အဋ္ဌကထာဆရာပြသည်။
အဋ္ဌကထာ၏ အဓိပ္ပါယ်ကို ဋီကာဆရာပြ၏ဟူသော
မုံရွေး ဇေတဝန်ဆရာတော်ကြီး၏ စကားကိုလည်း
နှစ်ခြိုက်မိ၍ စောကဒက ပုဂ္ဂိုလ်တို့ရှိကလည်း သင့်ရာယူသဖြင့်
ကြေလည်ရာ၏။

ကျမ်းဂန် အကိုးအကားတို့မှာ အောက်ပါအတိုင်း ဖြစ်၏။

ကတီ နုခေါ ဘန္တေ စေတိယာနီ”တိ? “တီဏိ အာနန္ဒာ”တိ။ “ကတမာနိ ဘန္တေ တီဏီ”တိ? “သာသီရိကံ, ပရိဘောဂိကံ (ပရိဘောဂိယံ-က), #ဥဒ္ဒိဿက”န္တိ။ “သက္ကာ ပန ဘန္တေ တုမှေသု ဓရန္တေသု ယေဝ စေတိယံ ကာတု”န္တိ? “အာနန္ဒ သာသီရိကံ န သက္ကာ ကာတုံ၊ တဥှိ ဗုဒ္ဓါနံ ပရိနိဗ္ဗာနကာလေ သက္ကာ ကာတုံ၊ #ဥဒ္ဒိဿကံ ပရိဘောဂိယဉ္စ သက္ကာ ဟောတိ၊ ဗုဒ္ဓေဟိ ပရိဘုတ္တော မဟာဗောဓိရုက္ခော ဗုဒ္ဓေသု ဓရန္တေသုပိ စေတိယမေဝါ”တိ။ (ဇာတက၊ ဋ္ဌ၊ ၄၊ ကာလိင်္ဂဗောဓိဇာတ်၊ ၂၂၉။)

စယိတဗ္ဗန္တိ စေတိယံ၊ ပူဇေတဗ္ဗန္တိ ဝုတ္တံ ဟောတိ၊ စိတတ္တာ ဝါ စေတိယံ။ တံ ပနေတံ စေတိယံ တိဝိဓံ ဟောတိ ပရိဘောဂစေတိယံ #ဥဒ္ဒိဿကစေတိယံ ဓာတုကစေတိယန္တိ။ တတ္ထ ဗောဓိရုက္ခော ပရိဘောဂ- စေတိယံ၊ ဗုဒ္ဓပဋိမာ #ဥဒ္ဒိဿကစေတိယံ၊ ဓာတုဂဗ္ဘထူပါ သဓာတုကာ ဓာတုကစေတိယံ။ (ခုဒ္ဒကပါဌအဋ္ဌကထာ၊ နိဓိကဏ္ဍသုတ်၊ ၁၈၈။)

မဟာပရိနိဗ္ဗာနသုတ္တေ ဒဿိတနယေနေဝ ဗုဒ္ဓါဒိကေ စတ္တာရော ထူပါရဟေ ပကာသေတွာ သရီရစေတိယံ #ဥဒ္ဒိဿစေတိယံ ပရိဘောဂစေတိယန္တိ တီဏိ စေတိယာနိ ဝိသေသတော ပရိဒီပေတွာ။ (ဓမ္မပဒအဋ္ဌကထာ၊ ၂၊ ၁၆၃။)

ပရိဘောဂစေတိယဋ္ဌာနန္တိ ဧတ္ထ ပရိဘုတ္တူပကရဏာနိ နိဒဟိတွာ ကတံ စေတိယံ ပရိဘောဂစေတိယန္တိ ဒဋ္ဌဗ္ဗံ။ တိဝိဓဥှိ စေတိယံ ဝဒန္တိ ပရိဘောဂစေတိယံ ဓာတုစေတိယံ ဓမ္မစေတိယန္တိ။ တတ္ထ ပရိဘောဂစေတိယံ ဝုတ္တနယမေဝ။ ဓာတုစေတိယံ ပန ဓာတုယော နိဒဟိတွာ ကတံ။ ပဋိစ္စသမုပ္ပါဒါဒိလိခိတပေါတ္ထကံ နိဒဟိတွာ ကတံ ပန ဓမ္မစေတိယံ နာမ။ သာသီရိကံ ပရိဘောဂိကံ #ဥဒ္ဒိဿကန္တိ ဧဝမ္ပိ တိပ္ပဘေဒံ စေတိယံ ဝဒန္တိ။ အယံ ပန ပဘေဒေါ ပဋိမာရူပဿပိ #ဥဒ္ဒိဿကစေတိယေနေဝ သင်္ဂဟိတတ္တာ သုဋ္ဌုတရံ ယုဇ္ဇတိ။ (သာရတ္ထဒီပနီဋီကာ၊ ၁၊ ၁၇၂။)

ပရိဘောဂစေတိယဋ္ဌာနန္တိ ဧတ္ထ-ဤပါဌ်၌၊ ပရိဘုတ္တူပကရဏာနိ- သုံးဆောင်အပ်ကုန်သော အဆောက် အဦတို့ကို၊ နိဒဟိတွာ-သိုမှီး၍၊ ဝါ-ဌာပနာ၍၊ ကတံ-ပြုအပ်သော၊ စေတိယံ-သည်၊ ပရိဘောဂစေတိယံ- ပရိဘောဂစေတီမည်၏၊ ဣတိ-သို့၊ ဒဋ္ဌဗ္ဗံ-၏။ ဟိ-မှန်၏၊ စေတိယံ-သည်၊ ပရိဘောဂစေတိယံ- လည်းကောင်း၊ ဓာတုစေတိယံ- လည်းကောင်း၊ ဓမ္မစေတိယံ-လည်းကောင်း၊ ဣတိ-သို့၊ တိဝိဓံ- သုံးပါးအပြားရှိ၏ဟူ၍၊ ဝဒန္တိ-ကုန်၏။ တတ္ထ- ထိုသုံးပါးသော စေတီတို့တွင်၊ ပရိဘောဂစေတိယံ-သည်၊ ဝုတ္တနယမေဝ-ဆိုအပ်ခဲ့ပြီးသောနည်း ရှိသည်သာလျှင်တည်း။

ဓာတုစေတိယံ ပန-ကိုကား၊ ဓာတုယော-တို့ကို၊ နိဒဟိတွာ-၍၊ ကတံ-ပြုအပ်သောစေတီတည်း။ ပဋိစ္စသမုပ္ပါဒါဒိလိခိတပေါတ္ထကံ- ပဋိစ္စသမုပ္ပါဒ်အစရှိသည်တို့ကိုရေးအပ်သောစာအုပ်ကို၊ နိဒဟိတွာ-၍၊ ကတံ ပန-ပြုအပ်သောစေတီသည်ကား၊ ဓမ္မစေတိယံ နာမ-မည်၏။ သာသီရိကံ-သာသီရိကစေတီလည်းကောင်း၊ ပရိဘောဂိကံ- ပရိဘောဂိကစေတီလည်းကောင်း၊ #ဥဒ္ဒိဿကံ-#ဥဒ္ဒိဿကစေတီလည်းကောင်း၊ ဣတိ ဧဝမ္ပိ-ဤသို့လည်း၊ စေတိယံ-ကို၊ တိပ္ပဘေဒံ- သုံးပါးအပြားရှိ၏ဟူ၍၊ ဝဒန္တိ-ကုန်၏။ အယံ ပန ပဘေဒေါ- ဤသာသီရိက အစရှိသော စေတီအပြားသည်ကား၊ ပဋိမာရူပဿပိ-ဆင်းတုတော်၏လည်း၊ #ဥဒ္ဒိဿကစေတိယေနေဝ- #ဥဒ္ဒိဿက စေတီဖြင့်သာလျှင်၊ သင်္ဂဟိတတ္တာ- ရေတွက်အပ်သည်၏အဖြစ်ကြောင့်၊ သုဋ္ဌုတရံ- လွန်စွာလျှင်၊ ယုဇ္ဇတိ-သင့် လျော်၏။ (သာရတ္ထဒီပနီဋီကာနိဿယ၊ ၁၊ ၃၃ဝ-၃၃၁။)

ဇာတ်အဋ္ဌကထာ, ခုဒ္ဒကပါဌအဋ္ဌကထာ, ဓမ္မပဒအဋ္ဌကထာတို့၌လာသောပါဌ်ဖြင့် “သာသီရိက, ပရိဘောဂိက, ဥဒ္ဒိဿက-ဟူသော ဘုရားနှင့်စပ်သော စေတီ ၃-မျိုးကိုဟောတော်မူအပ်သည်၊ သာရတ္ထ ဒီပနီဋီကာ၌လာသောပါဌ်ဖြင့် "ဓမ္မစေတီ”နှင့်တကွ စေတီ ၄-မျိုးဟူ၍လည်း တနည်းမှတ်အပ်၏။

အထက်ပါ ကျမ်းဂန်လာ စကားရပ်တို့ဖြင့် ထေရဝါဒ
ဗုဒ္ဓဘာသာဝင်တို့တွင် ကိုးကွယ်ရာ စေတီလေးမျိုးရှိသည်ကို
တွေ့မြင်နိုင်ပါသည်။၎င်းတို့မှာ >>>

စေတီ (၄ )-မျိုး

(၁)  ဓာတုစေတီ

(၂) ပရိဘောဂစေတီ

(၃) ဥဒ္ဒိဿစေတီ

(၄) ဓမ္မစေတီ  တို့ဖြစ်သည်။

©©©©©©©©©©©©©©©©©©©©

(၁)  ဓာတုစေတီ

မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီး ကိုယ်တော်မှာ
ဖြစ်သော ဓာတ်တော်မွေတော်များ ဖြစ်၍ ယင်းတို့ကို
ဌာပနာပြီး စေတီတော် အဖြစ် ပူဇော် ကိုးကွယ်သည့်
စေတီကို ဆိုလိုသည်။

(၂) ပရိဘောဂစေတီ

ဘုရားရှင်တို့၏ အသုံးအဆောင်ဖြစ်သော
သပိတ်တော်၊ တောင်ဝှေးတော်၊ ရေသနုပ်တော်
စသည်များနှင့် ဗောဓိညောင်ပင်စသော အသုံးအဆောင်
တော်များကို ဌာပနာပြီး စေတီတော် အဖြစ် ပူဇော် ကိုးကွယ်သည့်
စေတီကို ဆိုလိုသည်။

(၃) ဥဒ္ဒိဿစေတီ

ဘုရားရှင်၏ ပုံတော်ကို ရည်မှန်းခြင်း ၊ ပုံတော် ရုပ်ပွါးတော်
ဆင်းတုတော် ထုလုပ် ကိုးကွယ်ခြင်းကို ဥဒ္ဒိဿစေတီဟု ဆိုလိုသည်။

(၄) ဓမ္မစေတီ 

ဘုရားရှင်ဟောကြားသော
ဓမ္မဝိနယ တရားဓမ္မက္ခန်များကို ဌာပနာပြီး စေတီတော်
အဖြစ် ပူဇော် ကိုးကွယ်သည့် စေတီကို ဆိုလိုသည်။

ဤမျှဖြင့်ပင် သင်္ကန်းဝတ်ဆင်သော အသွင်ဖြင့်
ဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ ရုပ်ပွါးတော် ဆင်းတုတော်ကို
ကိုးကွယ်ပူဇော်ခြင်းသည်ဘုရားရှင်ဟောကြားသော
ဓမ္မဝိနယများနှင့် အညီဖြစ်ကြောင်း သိသာထင်ရှားပေပြီ။

#မောင်သုခ_မျှဝေသည်

ကျမ်းကိုး >>>

©©©
ဆဋ္ဌသင်္ဂါယနာတင် တိပိဋက မြန်မာပြန်/ပါဠိတော် l
အဋ္ဌကထာ l ဋီကာ ………

©©© 
မုံရွေး ဇေတဝန်ဆရာတော်ကြီးက
မုံရွာ အရှင်သီရိမာလာ အမေးကို ဖြေကြားတော်မူသော
" သမန္တစက္ခု ဒီပနီကျမ်း "……

©©©
ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရlဟာ့ဖ်မွန်းဗေးမြို့ရေးသားသည့်
ပထိုး(ပုထိုး) စေတီဟူသည် ……

©©©
ဆန်းထွန်း (မန်းတက္က္တသိုလ်)
ရေးသားသည့် " စာပေဘဏ် "……

©©©©©©©©©©©©©©©©©©©©©©©©©©©©

No comments:

Post a Comment