သတိလေးတော့ထားကြပါ
မရေးချင်ပဲ ရေးရဦးမယ် အော်ကျယ် အော်ကျယ် ဖြစ်လာနေတဲ့ စစ်ပွဲထောက်ခံကြတဲ့ သံဃာတွေနဲ့ပက်သက်တဲ့ကိစ္စ တစ်ဖက်နဲ့တစ်ဖက် မှားတယ် မှန်တယ် အပြန်အလှန်ပဲ ပြောနေကြတယ် ၊ ဘာတွေ ဘယ်လိုဖာပြီး ပြောကြပြောကြ ဝိနည်းနဲ့ညှိရင်တော့ ဒီကိစ္စက အင်မတန် အန္တရာယ်ကြီးတဲ့ကိစ္စ အဲ့တော့ နားမလည်တဲ့ ညီတော်လေးတွေ အင်မတန် အန္တရာယ်ကြီးတဲ့ကိစ္စကြီးကို သူပြောလူပြော ဟိုပြော ဒီပြောနဲ့ ရောယောင်ပြီး မပါဝင်မိကြစေဖို့ ရေးလိုက်ပါတယ် ။ နားလည်ပြီးသား နောင်တော်ကြီးများကား သိပြီးသားများ ဖြစ်ပါတယ် ။
ဣမဿ ပနတ္ထဿ အာဝိဘာဝတ္ထံ ပါဏော ဝေဒိတဗ္ဗော, ပါဏာတိပါတော ဝေဒိတဗ္ဗော, ပါဏာတိပါတီ ဝေဒိတဗ္ဗော, ပါဏာတိပါတဿ ပယောဂေါ ဝေဒိတဗ္ဗော။ တတ္ထ ပါဏောတိ ဝေါဟာရတော သတ္တော, ပရမတ္ထတော ဇီဝိတိန္ဒြိယံ။ ပါဏာတိပါတောတိ ယာယ စေတနာယ ဇီဝိတိန္ဒြိယုပစ္ဆေဒကပယောဂံ သမုဋ္ဌာပေတိ, သာ စေတနာ။ ပါဏာတိပါတီတိ ဝုတ္တစေတနာယ သမင်္ဂိပုဂ္ဂလော။ ပါဏာတိပါတဿ ပယောဂေါတိ ပါဏာတိပါတဿ ဆ ပယောဂါ သာဟတ္ထိကော နိဿဂ္ဂိယော အာဏတ္တိကော ထာဝရော ဝိဇ္ဇာမယော ဣဒ္ဓိမယော ( ကင်္ခါ ၁၂၁ )
ဤသတ်ခြင်း ထင်ရှားခြင်းငှါ
ပါဏကို သိအပ်၏ ။
ပါဏာတိပါတကို သိအပ်၏ ။
ပါဏာတိပါတီကို သိအပ်၏ ။
ပါဏာတိပါတပယောဂကို သိအပ်၏ ။
- ပါဏဆိုသည်ကား ဝေါဟာရအားဖြင့် သတ္တဝါ ၊ ပရမတ္ထအားဖြင့် ဇီဝိတိနြေ္ဒတည်း
- ပါဏာတိပါတဆိုသည်ကား ဇီဝိတိနြေ္ဒကို ဖြတ်တောက်တတ်သော ပယောဂလုံ့လကိုဖြစ်စေတတ်သော စေတနာတည်း
- ပါဏာတိပါတီဆိုသည်ကား ထိုစေတနာနှင့်ပြည့်စုံသော ပုဂ္ဂိုလ် . ထိုစေတနာရှိသောပုဂ္ဂိုလ်တည်း
- ပါဏာတိပါတပယောဂဆိုသည်ကား သာဟတ္ထိကပယောဂ - ကိုယ်တိုင်လုံ့လပြု၍သတ်ခြင်း ၊ နိဿဂ္ဂိယပယောဂ - ပစ်လွှတ်၍သတ်ခြင်း ၊ အာဏတ္တိကပယောဂ - သူတစ်ပါးကို စေခိုင်း၍သတ်ခြင်း ၊ ဝိဇ္ဇာမယပယောဂ - အတတ်ပညာဖြင့် သတ်ခြင်း ၊ ဣဒ္ဓိမယပယောဂ - တန်ခိုးဖြင့်သတ်ခြင်း ဆိုပြီး ခြောက်မျိုးသောပယောဂတည်း ။
ဤ၌ စစ်တိုက်ခြင်းအား ထောက်ခံခြင်းကို အာဏတ္တိပယောဂ၌ ထည့်ရမည် ထိုအာဏတ္တိသည်လည်း နိယာမက - မှတ်သားခြင်း ခြောက်မျိုးရှိ၏ ။
ဝတ္ထု ကာလော စ ဩကာသော, အာဝုဓံ ဣရိယာပထော၊
ကြိယာဝိသေသောတိ ဣမေ, ဆ အာဏတ္တိ နိယာမကာ။ ( ကင်္ခါ ၁၂၁ )
- ဝတ္ထုဆိုသည့် သတ်အပ်သည့်ပုဂ္ဂိုလ်ကို မှတ်သားခြင်း ထိုမှတ်သားပြီး သတ်ခိုင်းတဲ့ပုဂ္ဂိုလ်သေမှ ပါရာဇိကကျ၏ ၊ အခြားသူ မဆိုင်သူသေသော် ခိုင်းသူမကျ ။
- ကာလ ဆိုသည့် အချိန်ကာလမှတ်သားခြင်း အချိန်ကာလသတ်မှတ်တဲ့အချိန်သတ်မှ ပါရာဇိကကျ၏ ၊ သတ်မှတ်ချိန်မဟုတ်သော်မကျ ။ ဥပမာ - မနက်သတ်ခိုင်းတာ ညနေမှသတ်လျှင် ခိုင်းသူမကျ ။
- သြကာသ ဆိုသည့် အရပ်ဒေသမှတ်သားခြင်း သတ်မှတ်ထားသည့် အရပ်ဒေသမှာသတ်မှ ပါရာဇိကကျ၏ ၊ မဟုတ်သော် ခိုင်းသူမကျ ။
- အာဝုဓဆိုသည့် လက်နက်မှတ်သားခြင်း ဓားနဲ့သတ်ပါဆိုတာကို ဓားနဲ့သတ်မှ ပါရာဇိကကျ၏ ၊ လှံနဲ့ထိုးသတ်လျှင် ခိုင်းသူမကျ ။
- ဣရိယာပထဆိုသည့် ဣရိယာပုထ်မှတ်သားခြင်း ထိုင်နေတုန်းသတ်ပါဆိုတာကို ထိုင်နေတုန်းသတ်မှ ပါရာဇိကကျ၏ ၊ အိပ်နေတုန်းသတ်လျှင် ခိုင်းသူပါရာဇိကမကျ ။
- ကြိယာဝိသေသဆိုသည့် အမူအရာမှတ်သားခြင်း ဘယ်လိုအမူအရာလုပ်နေတုန်းဟု မှတ်သားသည့်အတိုင်းသတ်မှ ပါရာဇိကကျ၏ ၊ မဟုတ်သော် ခိုင်းသူမကျ ။
အထက်ပါသတ်မှတ်ချက်များမထားပဲ သတ်ပါဟု ရိုးရိုးသာမန်အတိုင်း ခိုင်းလျှင်ကား ရည်ရွယ်သူများသေလျှင် ပါရာဇိကကျမည်ပင် ဖြစ်၏ ။ ( ထို့ကြောင့် ဝိနည်းတတ် ကြက်သတ်ဟု ဆိုကြလေ၏)
သံဝဏ္ဏေယျာ’’တိ ဝစနတော ပန ဣဓ ပရိယာယကထာယပိ န မုစ္စတိ ( ကင်္ခါ ၁၂၂ )
ပါဠိတော်၌ သံဝဏ္ဏေယျ ဟုဟောတော်မူခြင်းကြောင့် ဤတတိယပါရာဇိက၌ ပရိယာယ်စကားဖြင့် သတ်ခိုင်းရာ၌လည်း ပါရာဇိကအာပတ်မှ မလွတ်နိုင်ပေ ။
မနုဿဇာတိကပါဏော, ပါဏသညိတာ, ဝဓကစိတ္တံ, ဥပက္ကမော, တေန မရဏန္တိ ဣမာနေတ္ထ ပဉ္စ အင်္ဂါနိ။ ( ကင်္ခါ ၁၂၃ )
တတိယပါရာဇိကအာပတ် အင်္ဂါများ
လူဇာတ်ရှိသူဖြစ်ခြင်း ၊
သတ္တဝါဟု သိခြင်း ၊
သတ်လိုစိတ် သေစေလိုစိတ်ရှိခြင်း ၊
သတ်ဖို့ရန်ကိုယ်နှုတ်ဖြင့်လုံ့လပြုခြင်း ၊
ထိုလုံ့လပယောဂကြောင့် သေခြင်း ၊ ဤအင်္ဂါငါးချက်ညီသော် ပါရာဇိကကျလေ၏ ။
အာဏတ္တိကော’’တိ အညံ အာဏာပေန္တဿ ‘‘ဧဝံ ဝိဇ္ဈိတွာ ဝါ ပဟရိတွာ ဝါ မာရေဟိ ( ဝိ ၊ ဋ္ဌ ၊ ၂ ၊ ၃၉ )
အာဏတ္တိက - စေခိုင်းခြင်းဟူသည် ဤသို့ ထိုးပစ် ပုတ်ခတ်၍ သတ်ပါလော ဟု တစ်ပါးသူကို စေခိုင်းသူအား ပါရာဇိကကျ၏ ။
ဤဆိုခဲ့ပြီးသည်များ ထောက်ဆပါက စစ်ပွဲအားပေးသူရဟန်းတော်တို့အတွက် အာပတ်၏ အင်္ဂါထဲက ဒုတိယမြောက်အင်္ဂါတစ်ခုသာ စီစစ်စရာ အားကိုးစရာရှိတော့၏ သတ်လိုစိတ် သေစေလိုစိတ် တဒင်္ဂလေးမျှ ဖြစ်ခဲ့မိလိုက်ကြသည့်နှင့် စစ်ပွဲဖြစ်ပြီး သေကုန်ကြပါက မလွယ်ဟူ၍သာ ဆိုချင်မိပါတော့၏ ။
#အရှင်ပညာသာမိ
No comments:
Post a Comment