သုတ္တန်ပိဋကတော် ဆိုတာ …
သုတ္တန်ပိဋကတော်သည် ပိဋကသုံးပုံ၏ ပထမပုံဖြစ်၍ ရှေးအကျဆုံးဗုဒ္ဓကျမ်းဂန်များတွင် ပါဝင်သည်ဟု ကမ္ဘာ့ပညာရှင်အများစုက တညီတညွတ်တည်း လက်ခံထားသော စာပေကျန်းဂန်တို့ ဖြစ်ပါသည်။ သုတ္တန်ပိဋကတော်ကို ထပ်မံ၍ အစုငါးစု ခွဲကာ နိကာယ်ငါးစုဟု ဖွဲ့စည်းထားပါသည်။ ယင်းတို့မှာ ဒီဃနိကာယ် (Long Discourses)၊ မဇ္ဈိမနိကာယ် (Middle length Discourses)၊ သံယုတ္တနိကာယ် (Connected Discourses)၊ အင်္ဂုတ္တိုရနိကာယ် (Numerical Discourses)၊ ခုဒ္ဒကနိကာယ် (Miscellaneous Discourses) ဟူ၍ခေါ်ဆိုပါသည်။ ခုဒ္ဒကနိကာယ်အောက်တွင် ခုဒ္ဒကပါဌ၊ ဓမ္မပဒ၊ ဥဒါန်း စသည်ဖြင့် ၁၈စု ထပ်မံ၍ ခွဲထားပါသည်။
ယင်းတရားတော်များကို ဗုဒ္ဓကိုယ်တော်တိုင်နှင့် သာဝကကြီးများ ဟောကြားခဲ့၍ အရှင်အာနန္ဒာက အမှတ်ရကာ ပြန်လည်ဟောကြားခြင်းကို မှတ်တမ်းတင်ထားခြင်း ဖြစ်ပါသည်။ ယင်းသုတ်များတွင် အကြောင်းအရာအားဖြင့် နိဗ္ဗာန်ရောက်ကြောင်း တရားများပါမက မိတ်ဆွေကောင်းအကြောင်း (အန ၄.၃၈, အန ၄.၇၃, အန ၇.၃၅, မန ၁၁၀, သနပ ၂.၃)၊ မိသားစုသာယာရေး (အန ၄.၅၅, ဒန ၃၁)၊ စီးပွားဥစ္စာတိုးတက်ခြင်း၏ အကြောင်း (အန ၃.၄၉, အန ၄.၂၅၅,အန ၈.၅၄)၊ စီးပွားဥစ္စာရှိခြင်း၏အကျိုး (အန ၅.၄၁)၊ ပေးကမ်းခြင်း၏အကျိုး (အန ၃.၅၈, အန ၅.၃၄, အန ၅.၃၇,သန ၄၂.၉)၊ စိတ်တိုတက်ခြင်း၏ ဆုံးရှုံးမှု (အန ၇.၆၀)၊ သေဆုံးခါနီးသူအား နှစ်သိမ့်နည်း (သန ၅၅.၅၄)၊ ကျန်ရစ်သူဆွေမျိုးများအား နှစ်သိမ့်နည်း (အန ၅.၄၉, သနပ ၃.၈) စသည်ဖြင့် အကြောင်းအရာစုံ ပါဝင်ပါသည်။ ဗုဒ္ဓ၏ ၄၅နှစ်မျှဒေသစာရီ လှည့်လည်ရာခရီးတွင် တရားနာခွင့် ဆွေးနွေးခွင့် ရခဲ့ကြသောသူတို့မှာ ရဟန်းများပါမက တောင်သူလယ်သမားများ၊ ကုန်သည်များ၊ အတွေးအခေါ်ရှင်များ၊ အခြားဘာသာဝင် ရဟန်းများ၊ အထက်တန်းအလွှာ ပုဏ္ဏားများ (ဗြဟ္မဏ) နှင့် အုပ်ချုပ်သူမင်းများထိ အလွှာစုံပါရှိပါသည်။
မည်သို့စတင် လေ့လာမည်နည်း
ဤမေးခွန်းကို ဖြေဆိုနိုင်ရန် မလွယ်ကူပါ။ နိကာယ်များတွင် သုတ်များကို လေ့လာရန် အစဉ်လိုက် စီစဉ်ထားခြင်း မရှိပါ။ အကြမ်းအားဖြင့် မိမိကြိုက်နှစ်သက်သလို စတင်လေ့လာနိုင်ပါသည်။ ပါဠိပညာရှင် Joy Manné အဆိုအရ နိကာယ်များမှာ သုတ်အရှည်အတိုသက်သက်မျှဖြင့်သာ ခွဲ၍ ဖွဲ့စည်းထားသည် မဟုတ်၊ သီးသန့်ရည်ရွယ်ချက် ရှိဟန်တူသည်ဟု ဆိုပါသည်။ ဒီဃနိကာယ်မှာ သာသနာပြင်ပရှိသူများအတွက် သာသနာဖြန့်ချီရန် ရည်ရွယ်ဖွဲ့စည်းထား၍ မဇ္ဈိမနိကာယ်ကိုမူ သာသနာတွင်းရှိသူများအတွက် ရည်ရွယ်ဟန်တူသည်ဟု မှတ်ချတ်ပေးထားပါသည်။၁ ပါဠိဘာသာပြန် ဆရာတော်ကြီး ဘိက္ခုဗောဒီ (Bhikkhu Boddhi) ကမူ သံယုတ္တနိကာယ်သည် လေးနက်သော တရားတော်များကို လိုရင်းတိုရှင်း တင်ဆက်ထားသောကြောင့် သံဃာတော်များအတွက် ရည်ရွယ်ဟန်တူ၍ အင်္ဂုတ္တိုရနိကာယ်ကိုမူ သာမန်လူဝတ်တို့အတွက် ရည်ရွယ်ထားသောသုတ်များ ပိုမိုပါဝင်သည်ဟု မှတ်ချတ်ပေးထားပါသည်။
သုတ်တစ်ပုဒ်ချင်းစီတွင် ဇာတ်ကြောင်းပြန် ပြောကြားသူက မိတ်ဆက်ပေးသော အပိုင်းနှင့် တရားဆွေးနွေးသူတို့၏ အပိုင်းဟူ၍ အကြမ်းအားဖြင့် နှစ်ပိုင်း ဖွဲ့စည်းထားပါသည်။ ဇာတ်ကြောင်းပြန် ပြောကြားသူ၏ အပိုင်းဆိုသည်မှာ ထိုထိုသော နေရာတွင် ဤမည်သောအကြောင်းကြောင့် ဤသုတ်ကို ဟော၍ အဟောခံရသော ပုဂ္ဂိုလ်သည် နောက်မကြာမှီကာလတွင် ရဟန္တာဖြစ်သွားသည်… စသည်ဖြင့် သုတ်အဖွင့်နှင့် အပိတ်တွင် ဖွဲ့စည်းထားသော အပိုင်းကို ဆိုလိုပါသည်။ တရားဆွေးနွေးသူတို့၏ အပိုင်းဆိုသည်မှာ မြတ်စွာဘုရားနှင့် အခြားပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အဖွဲ့အစည်းတို့ကြား တရားဆွေးနွေးခြင်းတို့ကို မှတ်တန်းတင်ထားသော အပိုင်းကို ဆိုလိုပါသည်။
ဒီဃနိကာယ်နှင့် မဇ္ဈိမနိကာယ်တို့တွင် ဇာတ်ကြောင်းပြန်ပြောကြားသူ၏ အပိုင်း ပိုမိုပါဝင်၍ မိတ်ဆက် အကြောင်းအရာများကို ဝေဝေဆာဆာနှင့် ဇာတ်လမ်းတစ်ပုဒ်အလား အဖွင့်အပိတ် ခိုင်မာစွာ ဖော်ပြထားခြင်းများကို တွေ့ရပါမည်။ ကျန်သည့် နိကာယ်သုံးရပ်တွင်မူ အဖွင့်အပိတ် တိုတိုနှင့် တရားတော်၏ လေးနက်သော အစိတ်အပိုင်းတစ်ခုကို ရွေးချယ် ဖော်ပြထားခြင်းများကို တွေ့ရပါမည်။ နိကာယ်တခုချင်းစီ၌ တရားဆွေးနွေးသူတို့၏ အပိုင်းတွင် ပါဝင်သော အကြောင်းအရာတို့မှာ များပြားစုံလင်စွာ ဖွဲ့စည်း ထားသောကြောင့် ပြန့်ကြဲနေသော ပုလဲရတနာများနှင့် တူသည်ဟု ဆိုနိုင်ပါသည်။ ထို့ကြောင့် သုတ်များကို စုံလင်စွာ ဖတ်ရှု၍ ရွေးချယ်ဆက်စပ်ပြီးမှသာ တရားတော်တို့၏ ဆိုလိုရင်းကို ပြည့်စုံစွာ သဘောပေါက် လာနိုင်ပါသည်။
ထို့ပြင် စတင်လေ့လာလိုသူများအတွက် လွယ်ကူစေရန် သုတ်တရားတော်တခုခြင်းစီကို မိတ်ဆက်စာ အတို ရေးထားပါသည်။ သို့သော် ထို မိတ်ဆက်စာတို့သည် သိမ်မွှေ့နက်နဲသော တရားတော်တို့ကို အနည်းငယ်မျှသာ ထင်ဟတ်ပြနိုင်သည်ကို သတိပြုစေလိုပါသည်။ သုတ်တရားတော်တို့ကို ခက်ခဲလွန်းသည်ထင်၍ လေ့လာရန် တွန့်ဆုတ်ခြင်းကိုလည်းမဖြစ်စေလိုပါ။ မြတ်စွာဘုရား၏ တရားတော်တို့သည် ရိုးရှင်း၍ လက်တွေ့ကျခြင်း၊ သိမ်မွှေ့နက်နဲခြင်း၊ ဆက်လက်ဆင်ခြင်စေလို၍ တိုစွာဟောခြင်း စသည်ဖြင့် မိမိအတိုင်းအတာဖြင့် နားလည်သလောက် အကျိုးများသော တရားတော်တို့ဖြစ်ပါသည်။
မြတ်စွာဘုရားသည် သာမန်လူဝတ်တို့အား ဆုံးမရာတွင် ဒါန၊သီလ၊ဘာဝနာ ဟူ၍ အစဉ်လိုက် သင်လေ့ရှိပါသည်။ ထိုသို့အစဉ်လိုက် သင်ကြားပြီးမှသာ တရားတော်၏ အနှစ်များဖြစ်သော သစ္စာလေးပါး၊ ခန္ဓာငါးပါး၊ ပဋိစ္စသမုပ္ပါဒ်၊ သတိပဋ္ဌာန်လေးပါး၊ ဗောဇ္ဈင်ခုနစ်ပါး စသည်တို့ကို သင်ကြားသောကြောင့် ဒါနနှင့်ဆိုင်သောသုတ်များ၊ သီလနှင့်ဆိုင်သောသုတ်များ ဘာဝနာနှင့်ဆိုင်သောသုတ်များကို အစဉ်လိုက်လေ့လာခြင်းဖြင့်လည်း စတင်လေ့လာနိုင်ပါသည်။
သုတ္တန်ပိဋကတော်တွင် တရားတော် သုတ်ပေါင်း ၁၀,၀၀၀ ကျော်ပါရှိ၍ ဤwebsite တွင် ၁,၀၀၀ ကျော်ကို စတင်စုဆည်းတင်ပြ ထားပါသည်။ ဤ ၁,၀၀၀ကျော်ဖြင့် ပြီးပြည့်စုံပြီဟူ မဆိုလိုပါ။ သို့သော် သုတ်ပေါင်း ၁၀,၀၀၀ ကျော်ကို ပြီးဆုံးအောင် မတင်ဆက်နှိင်ခင် ကာလအတွင်း ယခု ၁,၀၀၀ ကျော်ဖြင့် အတော်အတန် ခြုံငုံမိစေရန် အရေးကြီးသော သုတ်တရားတော်များပါဝင်သည်ဟု ယူဆထားပါသည်။
ထပ်ဆင့် အခေါက်ပြန်ကြော့ထားသော စာကြောင်းများ
ပါဠိဘာသာသည် အပြောစကားဘာသာ(Spoken Language) ဖြစ်၍ အရေးအသားဘာသာ(Written Language) မဟုတ်သည့်အပြင် ကိုယ်ပိုင်အက္ခရာဟူ၍လည်းမရှိပါ။ ပိဋကသုံးပုံကို တိုင်းပြည်အသီးသီးမှ မိမိကိုယ်ပိုင်အက္ခရာဖြင့် ရေးမှတ်ထားခြင်းဖြစ်ပါသည်။ ထို့ပြင် ပိဋကသုံးပုံကို စာပေအရေးအသား ကျယ်ကျယ်ပြန့်ပြန့် မထွန်းကားမှီ သံဃာတော်များက နှုတ်တိုက်အာဂုံဆောင်ကာ လက်ဆင့်ကမ်း လာသောကြောင့် မှတ်သားရလွယ်ကူစေရန်အတွက် ထက်ဆင့် အခေါက်ပြန်ကြော့ထားသော စာကြောင်းများ ပါဝင်ခြင်းဖြစ်ပါသည်။ ထိုစာကြောင်းများကို ကျော်လွား၍မဖတ်သင့်ပါ။ နမောသဿကို သုံးကြိမ်ရွတ်သကဲ့သို့ လိုအပ်သောကြောင့် ထည့်ထားခြင်းဖြစ်ပါသည်။ ထိုစာကြောင်းများ၏ အရေးပါပုံကို အသံသွင်းထားသော သုတ်များကို နားထောင်ခြင်းဖြင့် အကျိုးများကြောင်းကို သိနိုင်ပါသည်။
ဗုဒ္ဓခေတ်ယဉ်ကျေးမှုနောက်ခံ
ထိုခေတ်ကာလ၌ ပုဏ္ဏားမျိုး (ဗြဟ္မဏ) နှင့် မင်းမျိုးသည် အမြင့်မြတ်ဆုံးဖြစ်၍ ကုန်သည်မျိုး၊ အခြားမျိုးများနှင့် ဆင်းရဲသားမျိုးတို့သည် နှိမ့်ကျသည်ဟု အများသတ်မှတ်ထားသည့် ဇာတ်စံနစ်ကို သီလရှိခြင်း မရှိခြင်းဖြင့်သာ တိုင်းတာ၍ မြတ်စွာဘုရားက ပယ်တော်မူခဲ့သည်။ ဘာသာရေးထုံးတမ်းများကို ဝေဒကျမ်းများနှင့်အညီ ပုဏ္ဏားမျိုးတို့သာ ဆောင်ရွက်ရသည်ဟု လက်ခံထားသောခေတ်လည်းဖြစ်၍ ထိုဝါဒကို ပုဏ္ဏားဝါဒ (Brahmanism 1500BC – 500BC)၃ ဟုခေါ်ဆိုပါသည်။ ဟိန္ဒူဝါဒသည် ထို ပုဏ္ဏားဝါဒကို အခြေပြု၍ နောက်မှ ထွက်ပေါ်လာခြင်းဖြစ်သည်။
ပုဏ္ဏားဝါဒနှင့်အတူ ခေတ်ပြိုင်ပေါ်လာသော ဝါဒမှာ သမဏလုပ်ရှားမှု (Samana Movement)၄ ဖြစ်ပါသည်။ သမဏလုပ်ရှားမှုတွင် ဗုဒ္ဓဝါဒ၊ ဂျိန်းဝါဒ နှင့် ယောဂတို့ပါဝင်ပါသည်။ သမဏ (ရဟန်း-Samana) ဟုခေါ်သော ဗုဒ္ဓဘာသာဝင်ရဟန်းများ၊ ဂျိန်းရဟန်းများနှင့် ယောဂရဟန်းများဟူသည်မှာ အိမ်ယာမိသားစုနှင့်နေသော ပုဏ္ဏားဝါဒဖြင့် အမှန်တရားနှင့် စိတ်စင်ကြယ်မူကို မရနိုင်ဟုယူဆ၍ ထိုဝါဒကိုပယ်ကာ အိမ်ယာမိသားစုကိုစွန့်၍ တရားရှာကြသောသူတို့ ဖြစ်ပါသည်။ သမဏတို့က ပုဏ္ဏားဝါဒကိုလက်မခံသောကြောင့် ပုဏ္ဏားများက သမဏတို့ကို မကြည်ဖြူပဲ ဆွမ်းခံလှည့်လည်သောအခါ “သူတောင်းစားများ” ဟုနှိမ့်ချကာ စကားနာပြောခြင်း တရားပြိုင်ဆိုင်ခြင်းများကို သုတ်များတွင် တွေ့ရပါမည်။
ထို့ပြင် ပုဏ္ဏားများ၊ ဂျိန်းရဟန်းများ (နိဂဏ္ဌနာဋပုတ္တ သို့ နာဋ၏သား နိဂဏ္ဌ)၊ အခြားအယူဝင် လှည့်လည်သောရဟန်းများ (ပရိဗိုဇ်) နှင့် အခြားအယူရှိသော သမဏတို့က မြတ်စွာဘုရားနှင့် တရားဆွေးနွေး မေးမြန်းခြင်းများကို ထောင်ပေါင်းများစွာသော သုတ်များတွင် မှတ်တန်းတင်ထားသည်ကို လည်းတွေ့ရပါမည်။ မြတ်စွာဘုရားကို တရားဆွေးနွေး မေးမြန်း၍ အယူပြောင်းကာ ရဟန်းပြုကြသော ပုဏ္ဏားများ၊ အခြားအယူဝင် လည့်လည်သောရဟန်းများ (ပရိဗိုဇ်) ကိုလည်းတွေ့ရပါမည်။ မြတ်စွာဘုရား၏ များစွာသော သာဝကကြီးများဖြစ်သော အရှင်သာရိပုတြာ၊ အရှင်မဟာမောဂ္ဂလာန်၊ အရှင်မဟာကဿပ၊ အရှင်မဟာကစ္စာန စသည်တို့မှာ ပုဏ္ဏားမျိုးမှ ရဟန်းပြုသော သံဃာတော်များ ဖြစ်ကြပါသည်။
ကုန်သွယ်ရေး စတင်ထွန်းကားလာသော ခေတ်ဖြစ်သောကြောင့် ငွေကြေးကြွယ်ဝလာသော ကုန်သည်လူတန်းစားများက သမဏတို့၏အယူသို့ ပြောင်း၍ မြတ်စွာဘုရားနှင့် ရဟန်းများကို အဓိကလှူတန်းကြသည်။ အနာထပိဏ်သူဌေးနှင့် အခြားများစွာသောသူကြွယ်တို့မှာ ကုန်သည်လူတန်းစား တို့ဖြစ်ပါသည်။ ကုန်သွယ်ရာလမ်းကြောင်းတစ်လျှောက် ဗုဒ္ဓဘာသာပြန့်ပွားခြင်းမှာ ကုန်သည်များကြောင့်လည်း ဖြစ်ပါသည်။
တခါတရံတွင် မြတ်စွာဘုရားသည် မထေရ်ကြီးများကို ပုဏ္ဏားမျိုးမဟုတ်သော်လည်း မြင့်မြတ်သူဟူသော အဓိပ္ပါယ်နှင့် ဗြဟ္မဏဟူ၍လည်း ခေါ်ဆိုလေ့ရှိသည်။ အခြားအမှတ်မှားလေ့ရှိသော ဝေါဟာရတစ်ခုမှာ ဗြဟ္မာ (Brahma) ဟူသော ဝေါဟာရဖြစ်ပါသည်။ ဗြဟ္မဏ (Brahmin) ဟူသော ဝေါဟာရမှာ ပုဏ္ဏားကို ဆိုလို၍ ဗြဟ္မာဟူသည်မှာ ဈာန်သမာပတ်ဖြင့်ရောက်သော ဗြဟ္မာ့ဘုံမှ ဗြဟ္မာများကို ဆိုလိုခြင်းဖြစ်သည်။ မြတ်စွာဘုရားကို တရားဦးဟောရန်လျှောက်သော သဟမ္ပတိဗြဟ္မာသည် ဗြဟ္မာ့ဘုံမှ ဗြဟ္မာကြီး ဖြစ်ပါသည်။
သုတ္တန်ပိဋကတော် နံပတ်စဉ်နှင့် အတိုခေါက်များ
သုတ္တန်ပိဋကတော်မှ နံပတ်စဉ်များကို လူအများ မှတ်သားရလွယ်ကူစေရန် ခေတ်ပေါ်နံပတ်စဉ်စံနစ်ဖြင့် ဖော်ပြထားပါသည်။ ဥပမာ သံယုတ္တနိကာယ်(သန)မှ နိဒါနဝဂ္ဂသံယုတ်(၁၂)တွင်ပါသော နိဒါနသံယုတ်(၁)ရှိ ဒသဗလဝဂ်(၃)အောက်မှ ဘူမိဇသုတ်(၅)ကို – သန ၁၂.၂၅ – ဘူမိဇသုတ်- ဟုလွယ်ကူအောင် ပြောင်းလဲပြသထားပါသည်။
ဒန = ဒီဃနိကာယ် (DN – Long Discourses)
မန = မဇ္ဈိမနိကာယ် (MN – Middle length Discourses)
သန = သံယုတ္တနိကာယ် (SN – Connected Discourses)
အန = အင်္ဂုတ္တိုရနိကာယ် (AN – Numerical Discourses)
ခန = ခုဒ္ဒကနိကာယ် (KN – Miscellaneous Discourses)
ခပ = ခုဒ္ဒကပါဌ ပါဠိတော် (Khp – Khuddakapatha)
ဓပ = ဓမ္မပဒ ပါဠိတော် (Dhp – Dhammapada)
ဥဒ = ဥဒါန်း ပါဠိတော် (Ud – Udana)
ဣတ = ဣတိဝုတ် ပါဠိတော် (Iti – Itivuttaka)
သနပ = သုတ္တနိပါတ် ပါဠိတော် (Snp – Sutta Nipata)
ဝဝ = ဝိမာနဝတ္ထု ပါဠိတော် (Vv – Vimanavatthu)
ပဝ = ပေတဝတ္ထု ပါဠိတော် (Pv – Petavatthu)
ထပ = ထေရပဒါန် ပါဠိတော် (Thag – Theragatha)
ထအပ = ထေရီအပဒါန် ပါဠိတော် (Thig – Therigatha)
credit.
Myanmar Sutta .
photo.
ထေရဝါဒ အလင်းအိမ်မှ မျှဝေသည်။
No comments:
Post a Comment