Saturday, February 25, 2017

ရဟန်းဆိုသည်မှာ

" ရဟန်းဆိုသည်မှာ "

ရဟန်းဆိုသည်မှာ သင်္ကန်းဝတ် ကတုံးတုံးထားရုံဖြင့်
ရဟန်းမဟုတ်သည်ကို (ဘုန်းကြီး မဟုတ်သည်ကို)
ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့ သိကောင်းသိလိမ့်မည်ဟု
မြင်မိပါသည်။ဤသည်မှာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးကိုယ်တိုင်
တိပိဋက >>>  သုတ္တန်ပိဋက >>> မဇ္ဈိမနိကာယ် မူလပဏ္ဍာသပါဠိတော် >>>
(၄) မဟာယမကဝဂ် >>> (၁၀) ခုမြောက် စူဠအဿပုရသုတ်တွင်
ဟောကြားထားခြင်းဖြစ်၏။

ဟောကြားချက်မှာ >>>

" ရဟန်းတို့ ချုပ်စပ်ထားသော အဝတ်ကို ဆောင်သူအား ချုပ်စပ်ထားသော အဝတ်ကိုဆောင်ရုံမျှဖြင့် ရဟန်းအဖြစ်ကို ငါ မဟောပေ။ " ဟူ၏။

"ရဟန်းတို့ ချုပ်စပ်ထားသောအဝတ်ကို ဝတ်ရုံထားသော်လည်း
ဤလောက၌ အချို့သော ရှေးရှုကြံစည်ခြင်းများသူ, ဖျက်ဆီးလိုစိတ်ရှိသူ, အမျက်ထွက်လေ့ရှိသူ, ရန်ငြိုးဖွဲ့ခြင်းရှိသူ, ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်းရှိသူ, ဂုဏ်ပြိုင်ခြင်းရှိသူ, မနာလိုခြင်းရှိသူ, ဝန်တိုခြင်းရှိသူ,
စဉ်းလဲကောက်ကျစ်ခြင်းရှိသူ, လှည့်ပတ်ခြင်းရှိသူ, အလိုဆိုးရှိသူ,
အယူမှားရှိသူတို့ကို ငါတွေ့မြင်နေရသောကြောင့် ချုပ်စပ်ထားသော
အဝတ်ကိုဝတ်ရုံသူအား ချုပ်စပ်ထားသော အဝတ်ကို ဝတ်ရုံခြင်းမျှဖြင့်
ရဟန်းအဖြစ်ကို ငါ မဟောပေ။ "

©©©©©©©©©©©©©©©©©©©©©©©

မျောက်တကောင်ကို ကတုံးတုံး သင်္ကန်းစည်းပေးရုံဖြင့်
ရဟန်းမမည်ပေ။အလားတူပင် ရဟန်းတပါးဖြစ်လာသည်နှင့်
ရဟန်းနှင့် သင့်လျော်သောအကျင့် မသင့်လျော်သောအကျင့်ဟူ၍
ရှိလေသည်။

အဆိုပါ ရဟန်းတပါးဖြစ်လာသည်နှင့်
ရဟန်းနှင့် သင့်လျော်သောအကျင့်
မသင့်လျော်သောအကျင့်တို့အားလည်း
ဘုရားရှင်သည် တိကျစွါ ဟောကြားခဲ့ပြီးဖြစ်၏။

စာရေးသူသည် အကြင်သူအား ရဟန်းဟုတ်ခြင်း
မဟုတ်ခြင်းကို ဝေဖန်မည်ထက် ဗုဒ္ဓဘာသာဝင်တို့
အမြတ်ဆုံးကိုးကွယ်ရာ ဘုရားရတနာ၏ ရဟန်းနှင့်
ပက်သက်သည့် ရဟန်းမည်ထိုက်သည့် ဟောကြားမိန့်မှာတော်
မူချက်တို့ကို သင်္ဂါယနာတင် ပိဋကတ်တော်မှ ကောက်နုတ်ဖော်ပြပါမည်။
ဤသည်တို့အား  နှိုင်းယှဉ်ဆင်ခြင်က ရဟန်းဆိုး ရဟန်းယုတ်
သာသနာဖျက်တို့နှင့် သာသနာပြု ရဟန်း သံဃာ တို့အား
ထိုက်သင့်သလောက်တော့ ကွဲပြားခြားနား ပိုင်းခြား
သိမြင်နိုင်မည်ဟု မျှော်လင့်မိပါသည်။

ဤသည်တို့အား နှိုင်းယှဉ်ဆင်ခြင်က မဂ် ဖိုလ် နိဗ္ဗာန်ကို
ညွှန်ပြတတ်သော ရဟန်းနဲ့ မဂ် ဖိုလ် နိဗ္ဗာန်ကို
ဖျက်ဆီး တတ်သော ရဟန်းတွေကိုလည်း ထိုက်သင့်သလောက်တော့
ကွဲပြား ခြားနား ပိုင်းခြား သိမြင်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။

©©©©©©©©©©©©©©©©©©©©©

(၁)

" ရဟန်း မဟုတ်ဘဲ ရဟန်းဟုဝန်ခံ၍ စက်ဆုပ်ထိုက်
မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ် "

" ရဟန်း မဟုတ်ဘဲ ရဟန်းဟုဝန်ခံ၍ စက်ဆုပ်ထိုက်
မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ် "တို့သည်
လောက၌ ထင်ရှားရှိလေသည်။လျစ်လျူရှုထိုက် မမှီဝဲထိုက် မဆည်းကပ်ထိုက်
မချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်မျိုးသည်လည်း လောက၌
ထင်ရှားရှိလေ၏။မြတ်စွါဘုရားရှင်သည် ဤသို့သော
ရဟန်းမဟုတ်ဘဲ ရဟန်းအမည်ခံသည့် အထက်ပါပုဂ္ဂိုလ်များအကြောင်းကို
တိပိဋက >>>  သုတ္တန်ပိဋက >>> အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ် ပါဠိတော် >>>
တိကနိပါက် (၃) ပုဂ္ဂလဝဂ် >>> (၇) ခုမြောက်>>> ဇိဂုစ္ဆိတဗ္ဗသုတ် တွင်
အောက်ပါအတိုင်း ဟောကြားခဲ့ပါသည်။

တိပိဋက >>>  သုတ္တန်ပိဋက >>> အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ် ပါဠိတော် >>>
တိကနိပါက် (၃) ပုဂ္ဂလဝဂ် >>> (၇) ခုမြောက်>>> ဇိဂုစ္ဆိတဗ္ဗသုတ် >>>

ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။
အဘယ်သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့

(၁) စက်ဆုပ်ထိုက် မမှီဝဲထိုက် မဆည်းကပ်ထိုက်
      မချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်မျိုးရှိ၏။

(၂) ရဟန်းတို့ လျစ်လျူရှုထိုက် မမှီဝဲထိုက် မဆည်းကပ်ထိုက်
      မချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်မျိုးရှိ၏။

ရဟန်းတို့ ဤပုဂ္ဂိုလ်တို့သည် လောက၌ ထင်ရှားရှိကုန်၏။

©©©©©©©©©©©©©©©©©©©©©©

(၁) စက်ဆုပ်ထိုက် မမှီဝဲထိုက် မဆည်းကပ်ထိုက်
      မချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်

ရဟန်းတို့ စက်ဆုပ်ထိုက် မမှီဝဲထိုက် မဆည်းကပ်ထိုက်
မချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊
ရဟန်းတို့ ဤလောက၌ အချို့ သော ပုဂ္ဂိုလ်သည် သီလမရှိ၊
ယုတ်ညံ့သောသဘောရှိ၏၊ မစင်ကြယ်သော အကျင့်ရှိ၏၊
ယုံမှားဖွယ်သော အကျင့်ရှိ၏၊ ဖုံးလွှမ်းအပ်သော အမှုရှိ၏၊

" ရဟန်း မဟုတ်ဘဲလျက် ရဟန်းဟု ဝန်ခံ၏။
မြတ်သော အကျင့် ရှိသူ မဟုတ်ဘဲလျက်
မြတ်သော အကျင့်ရှိသူဟု ဝန်ခံ၏။ "

အတွင်းသဘောပုပ်၏၊ ဖြစ်ပေါ်သော ရာဂ စသည်ဖြင့် စွတ်စို၏၊
ဖြစ်ပေါ်သော ရာဂ စသော အမှိုက်ရှိ၏။

ရဟန်းတို့ ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို စက်ဆုပ်ထိုက်၏၊
မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဉ်းကပ်ထိုက်။ ထိုသို့ဖြစ်ခြင်းသည်
အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ဤသို့သဘောရှိသော ပုဂ္ဂိုလ်ကို
အတုလိုက်ခြင်းသို့ အကယ်၍ မရောက်စေ ကာမူ ”ဤပုဂ္ဂိုလ်သည်
ယုတ်ညံ့သော အဆွေခင်ပွန်းရှိ၏၊ ယုတ်ညံ့သော အပေါင်းအဖော်ရှိ၏၊
ယုတ်ညံ့သော အဆွေခင်ပွန်းသို့ ညွတ်ကိုင်း၏ဟု ထိုမှီဝဲသော
သူ၏ ယုတ်ညံ့သော ကျော်စောသတင်းသည် ပျံ့ နှံ့၍ ထွက်၏။

ရဟန်းတို့ မစင်တွင်းသို့ ကျသော မြွေသည်
ထို ဆယ်သောသူကို အကယ်၍ မကိုက်စေကာမူ
မစင်ဖြင့်မူကား လိမ်းကျံစေနိုင်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင်
ဤသို့သဘောရှိသော ပုဂ္ဂိုလ်အား အတုလိုက်ခြင်းသို့ အကယ်၍
မရောက်စေကာမူ ”ဤပုဂ္ဂိုလ်သည် ယုတ်ညံ့သော အဆွေခင်ပွန်းရှိ၏၊
ယုတ်ညံ့သော အပေါင်းအဖော်ရှိ၏၊ ယုတ်ညံ့သော အဆွေခင်ပွန်းသို့
ညွတ်ကိုင်း၏”ဟု ထိုမှီဝဲသော သူ၏ ယုတ်ညံ့သော ကျော်စောသတင်းသည်
ပျံ့ နှံ့၍ ထွက်၏။ ထို့ကြောင့် ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို
စက်ဆုပ်ထိုက်၏၊ မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဉ်းကပ်ထိုက်။

(၂) လျစ်လျူရှုထိုက် မမှီဝဲထိုက် မဆည်းကပ်ထိုက်
      မချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်

ရဟန်းတို့ လျစ်လျူရှုထိုက် မမှီဝဲထိုက် မဆည်းကပ်ထိုက်
မချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊
ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အမျက်ထွက်တတ်၏၊
ပြင်းစွာပင်ပန်းခြင်း များ၏၊ အနည်းငယ် ပြောဆိုရုံမျှဖြစ်သော်လည်း
ကပ်ငြိတတ်၏၊ အမျက်ထွက်တတ်၏၊ စိတ်နာတတ်၏၊ ခက်ထန်တတ်၏၊ အမျက်ထွက်ခြင်းကိုလည်းကောင်း၊ ပြစ်မှားခြင်းကိုလည်းကောင်း၊ မနှစ်သက်ခြင်းကိုလည်းကောင်း ထင်စွာပြုတတ်၏။

ရဟန်းတို့ အမာဟောင်းသည် သစ်သားစဖြင့်သော်လည်းကောင်း၊ အိုးခြမ်းကွဲဖြင့်သော်လည်းကောင်း ထိခိုက်မိသော် လွန်လွန်ကဲကဲ
(သွေးပြည် အရိအရွဲတို့) ယိုထွက်သကဲ့ သို့၊ လောင်နေဆဲဖြစ်သော
တည်သားမီးစသည် သစ်သားစ ဖြင့်သော်လည်းကောင်း၊
အိုးခြမ်းကွဲဖြင့်သော်လည်းကောင်း ထိခိုက်မိသော် လွန်လွန်ကဲကဲ
ဖြစ်ဖြစ်မြည် သကဲ့သို့၊ မစင်တွင်းသည် သစ်သားစဖြင့်သော်လည်းကောင်း၊ အိုးခြမ်းကွဲဖြင့်သော်လည်းကောင်း ထိခိုက်မိသော် လွန်လွန်ကဲကဲ
မကောင်းသော အနံ့ဖြစ်သကဲ့သို့၊ ရဟန်း တို့ ဤအတူသာလျှင်
ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အမျက်ထွက်တတ်၏၊
ပြင်းစွာ ပင်ပန်းခြင်း များ၏၊ အနည်းငယ် ပြောဆိုရုံမျှဖြစ်သော်လည်း
ကပ်ငြိတတ်၏၊ အမျက်ထွက်တတ်၏၊ စိတ်နာတတ်၏၊ ခက်ထန်တတ်၏၊ အမျက်ထွက်ခြင်းကိုလည်းကောင်း၊ ပြစ်မှားခြင်းကိုလည်းကောင်း၊ မနှစ်သက်ခြင်းကိုလည်းကောင်း ထင်စွာပြုတတ်၏။

ရဟန်းတို့ ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို လျစ်လျူရှုထိုက်၏၊
မမှီ ဝဲထိုက် မဆည်းကပ်ထိုက် မချဉ်းကပ်ထိုက်၊ ထိုသို့ဖြစ်ခြင်းသည်
အဘယ်ကြောင့်နည်း၊ ငါ့ကို ဆဲရေးမူလည်း ဆဲရေးရာ၏၊ ငါ့ကို ခြိမ်းခြောက်မူလည်း ခြိမ်းခြောက်ရာ၏၊ ငါ့ကို အကျိုးမဲ့ပြုမူလည်း ပြုရာ၏။ ထို့ကြောင့် ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို လျစ်လျူရှုထိုက်၏၊ မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဉ်း ကပ်ထိုက်။

ရဟန်းတို့ ဤပုဂ္ဂိုလ်တို့သည် လောက၌ ထင်ရှားရှိကုန်၏။

©©©©©©©©©©©©©©©©©©©©©©

(၂)

" ရဟန်းနှင့် သင့်လျော်သော အကျင့် l ရဟန်း နှင့် မသင့်လျော်သော အကျင့်"

မြတ်စွါဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် "ရဟန်းနှင့် သင့်လျော်သော အကျင့် l
ရဟန်း နှင့် မသင့်လျော်သော အကျင့်" တို့ကို စူဠအဿပုရသုတ် တွင်
အောက်ပါအတိုင်း ထင်ရှားစွါ ဟောကြားခဲ့ပါသည်။

တိပိဋက >>>  သုတ္တန်ပိဋက >>> မဇ္ဈိမနိကာယ် မူလပဏ္ဍာသပါဠိတော် >>>
(၄) မဟာယမကဝဂ် >>> (၁၀) ခုမြောက် စူဠအဿပုရသုတ်>>>

အခါတစ်ပါး၌ မြတ်စွာဘုရားသည် အင်္ဂတိုင်း အဿပုရမည်သော
အင်္ဂမင်းသားတို့၏ နိဂုံး၌သီတင်းသုံးနေတော်မူ၏။
ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ”ရဟန်းတို့” ဟု ခေါ်တော်မူ၏။
ထိုရဟန်းတို့က ”အသျှင်ဘုရား” ဟု မြတ်စွာဘုရားအား
ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည်
ဤသို့ မိန့်တော်မူ၏။

ရဟန်းတို့ လူအပေါင်းက သင်တို့ကို ”ရဟန်း ရဟန်း” ဟု
ကောင်းစွာ သိ၏၊ သင်တို့ကလည်း ”သင်တို့သည် အဘယ်သူတို့နည်း” ဟု
မေးကုန်သော် ”ရဟန်းများဖြစ်ကုန်၏” ဟု ဝန်ခံကုန်၏။

ရဟန်းတို့ ဤသို့ အသမုတ်ခံရသော ဤသို့ ဝန်ခံသော
သင်တို့သည် ”ရဟန်းနှင့် သင့်လျော်သော အကျင့်ကိုကျင့်ကုန်သော် ငါတို့၏ ဤအသမုတ်ခံရခြင်းနှင့် ဝန်ခံခြင်းသည်လည်း အမှန်အဟုတ် ဖြစ်လတ္တံ့၊
ငါတို့သည် အကြင်သူတို့၏ သင်္ကန်း ဆွမ်း အိပ်ရာနေရာကျောင်း သူနာ၏ အထောက်အပံ့ဆေးအဆောက် အဦကို သုံးဆောင်ကုန်၏၊

ထိုသူတို့၏ ငါတို့အပေါ်၌ ထိုပြုလုပ်ခြင်းတို့သည်များသောအကျိုး
များသော အာနိသင်ရှိသည် ဖြစ်ကုန်လတ္တံ့၊ ငါတို့၏
ဤရဟန်းအဖြစ်သည်လည်းမမြုံဘဲ အကျိုးများ၍ တိုးပွားခြင်း
ရှိသည် ဖြစ်လတ္တံ့” ဟု  ဤသို့လျှင် သင်တို့
ကျင့်ကြံ အားထုတ်ရမည်။

ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် ရဟန်းနှင့်
သင့်လျော်သော အကျင့်ကို မကျင့်သနည်း။

ရဟန်းတို့ တစ်ဦးတစ်ယောက်သော ရဟန်းသည်
ရှေးရှုကြံစည်ခြင်းများလျက် ရှေးရှုကြံစည်ခြင်း ‘အဘိဇ္ဈာ’ ကို မပယ်၊ ဖျက်ဆီးလိုသောစိတ်ရှိလျက် ဖျက်ဆီးလိုခြင်း ‘ဗျာပါဒ’ ကို မပယ်၊
အမျက်ထွက် လေ့ရှိလျက် အမျက်ထွက်ခြင်း ‘ကောဓ’ကို မပယ်၊
ရန်ငြိုးဖွဲ့ခြင်းရှိလျက် ရန်ငြိုးဖွဲ့ခြင်း ‘ဥပနာဟ’ ကို မပယ်၊
ဂုဏ်ကျေးဇူးချေဖျက်ခြင်း ရှိလျက် ဂုဏ်ကျေးဇူးချေဖျက်ခြင်း ‘မက္ခ’ ကို မပယ်၊
ဂုဏ်ပြိုင်ခြင်း ရှိလျက် ဂုဏ်ပြိုင်ခြင်း ‘ပဠာသ’ ကို မပယ်၊
မနာလိုခြင်းရှိလျက် မနာလိုခြင်း ‘ဣဿာ’ ကိုမပယ်၊ ဝန်တိုခြင်းရှိလျက်
ဝန်တိုခြင်း ‘မစ္ဆရိယ’ ကို မပယ်၊ စဉ်းလဲကောက်ကျစ်သူဖြစ်လျက်
စဉ်းလဲကောက်ကျစ်ခြင်း ‘သာဌေယျ’ ကို မပယ်၊ လှည့်ပတ်ခြင်းရှိလျက်
လှည့်ပတ်ခြင်း ‘မာယာ’ ကိုမပယ်၊ အလိုဆိုးရှိလျက် အလိုဆိုး
‘ပါပိစ္ဆာ’ ကို မပယ်၊ မှားသောအယူရှိသူဖြစ်လျက် မှားသောအယူ
‘မိစ္ဆာဒိဋ္ဌိ’ ကို မပယ်၊ ရဟန်းတို့ အပါယ်၌ ဖြစ်စေတတ်သည့်
အကြောင်းဖြစ်သော မကောင်းရာဘုံဘဝ၌ခံစား ရခြင်းရှိကုန်သော
ဤရဟန်းအညစ်အကြေး, ဤရဟန်းအပြစ်ဒေါသ,
ဤရဟန်းအမှိုက်တို့ကိုမပယ်ခြင်းကြောင့်
”ရဟန်းနှင့် သင့်လျော်သော အကျင့်ကို မကျင့်” ဟု
ငါ ဟောကြား၏။

ရဟန်းတို့ရေနှင့် သွေးထားသော နှစ်ဖက် အသွားရှိသော
မတဇ (ငှက်သေမှဖြစ်သော) လက်နက်မည်သောလက်နက်မျိုးကို
သားရေအိမ်ဖြင့် ဖုံးလွှမ်းထားသကဲ့သို့ ပိတ်ဆို့ထားသကဲ့သို့ ငါသည် ဤရဟန်း၏ရဟန်းအဖြစ်ကို ထို လက်နက်မျိုးလျှင်
ဥပမာရှိ၏ဟု ဟောကြား၏။

ရဟန်းတို့ ချုပ်စပ်ထားသော အဝတ်ကို ဆောင်သူအား ချုပ်စပ်ထားသော အဝတ်ကိုဆောင်ရုံမျှဖြင့် ရဟန်းအဖြစ်ကို ငါ မဟောပေ။
ရဟန်းတို့ သစ်ပင်ရင်း၌ နေသူအား သစ်ပင်ရင်း၌ နေရုံမျှဖြင့်
ရဟန်းအဖြစ်ကို ငါ မဟောပေ။ ရဟန်းတို့ လွင်တီးခေါင်၌ နေသူအား
လွင်တီးခေါင်၌ နေရုံမျှဖြင့် ရဟန်းအဖြစ်ကို ငါ မဟောပေ။

ရဟန်းတို့ ချုပ်စပ်ထားသောအဝတ်ကို ဝတ်ရုံထားသော်လည်း
ဤလောက၌ အချို့သော ရှေးရှုကြံစည်ခြင်းများသူ, ဖျက်ဆီးလိုစိတ်ရှိသူ, အမျက်ထွက်လေ့ရှိသူ, ရန်ငြိုးဖွဲ့ခြင်းရှိသူ, ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်းရှိသူ, ဂုဏ်ပြိုင်ခြင်းရှိသူ, မနာလိုခြင်းရှိသူ, ဝန်တိုခြင်းရှိသူ, စဉ်းလဲကောက်ကျစ်ခြင်းရှိသူ, လှည့်ပတ်ခြင်းရှိသူ, အလိုဆိုးရှိသူ, အယူမှားရှိသူတို့ကို ငါတွေ့မြင်နေရသောကြောင့် ချုပ်စပ်ထားသော အဝတ်ကိုဝတ်ရုံသူအား ချုပ်စပ်ထားသော အဝတ်ကို
ဝတ်ရုံခြင်းမျှဖြင့် ရဟန်းအဖြစ်ကို ငါ မဟောပေ။

©©©©©©©©©©©©©©©©©©©©©

(၃)

" ရှောင်ကြဉ်ရမည့် ရဟန်း…
အမှိုက်ကဲ့သို့မှုတ်လွှင့်နှင်ထုတ်ရမည့် ရဟန်း…
ယောက်သွား ပုပ်ကဲ့သို့ ဆွဲထုတ်ရမည့်ရဟန်း…
စပါးဖျင်းကဲ့သို့ ရဟန်း…
သံဃာ့ဘောင်မှ မျှောလွှင့်နှင်ထုတ်ရမည့်ရဟန်း…"

သုံးလောက ထွဋ်ထား မြတ်စွါဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်
" ရှောင်ကြဉ်ရမည့် ရဟန်း…
အမှိုက်ကဲ့သို့မှုတ်လွှင့်နှင်ထုတ်ရမည့် ရဟန်း…
ယောက်သွား ပုပ်ကဲ့သို့ ဆွဲထုတ်ရမည့်ရဟန်း…
စပါးဖျင်းကဲ့သို့ ရဟန်း…
သံဃာ့ဘောင်မှ မျှောလွှင့်နှင်ထုတ်ရမည့်ရဟန်း…" အစရှိသည့်
အထူးထူး အပြားပြားသော ရဟန်းဆိုးတို့ကိုလည်း
အောက်ပါအတိုင်း ဓမ္မစရိယသုတ်တွင် တိတိကျကျ
ဟောကြားထားခဲ့ပါသည်။

©©©©©©©©©©©©©©©©©©©©

တိပိဋက >>>  သုတ္တန်ပိဋက >>> ခုဒ္ဒကနိကာယ် သုတ္တနိပါက်ပါဠိတော် >>>
(၂) စူဠဝဂ် >>> (၆) ခုမြောက်>>> ဓမ္မစရိယသုတ် >>>

တရားကျင့်ခြင်းကိုလည်းကောင်း၊ မြတ်သောအကျင့်ကို ကျင့်ခြင်းကိုလည်းကောင်းဤနှစ်ပါးစုံကို မြတ်သော
ဥစ္စာရတနာဟူ၍ ဆိုကုန်၏။

လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ရဟန်းပြုသူ
အကယ်၍ ဖြစ်သော်လည်း ဖြစ်စေ ကာမူ ထိုရဟန်းသည် နှုတ်ကြမ်းသော သဘောရှိသူသူတစ်ပါးတို့ကို ညှဉ်းဆဲခြင်း၌ အလွန်မွေ့လျော်သူ
သားသမင်နှင့် တူသူဖြစ်ခဲ့ပါမူ ထိုရဟန်း၏ အသက်ရှင်နေခြင်းသည်
ယုတ်ညံ့၏။ မိမိ၏ ကိလေသာမြူကို ပွါးစေ၏။

ခိုက်ရန်ဖြစ်ခြင်း၌ မွေ့လျော်သော ရဟန်းသည်
မောဟတရားဖြင့် ဖုံးလွှမ်းသည်ဖြစ်၍ (သူတော်ကောင်းတို့)
ပြောကြားသည်ကိုလည်း မသိနိုင်၊ မြတ်စွာဘုရား
ဟောကြားအပ်သောတရားကိုလည်း မသိနိုင်။

နှစ်-လ-များစွာ ကြာရှိပြီးသော မစင်တွင်းသည်
မစင်ဖြင့် ပြည့်သည်ဖြစ်၍ (ဆေးကြောနိုင်ခဲသည်) ဖြစ်ရာသကဲ့သို့
အကြင်ရဟန်းသည် လည်း ဤဥပမာ သဘောရှိသူ ဖြစ်ငြားအံ့၊ ကိလေသာ အညစ်အကြေးရှိသော ထိုရဟန်းသည် အကုသိုလ်မစင်ဖြင့် ပြည့်သဖြင့် ဆေးကြော၍စင်ကြယ်စေနိုင်ခဲ၏။

ရဟန်းတို့ ကာမဂုဏ်ငါးပါးကိုမှီသော ယုတ်ညံ့သော အလို
ယုတ်ညံ့သော အကြံယုတ်ညံ့သောအကျင့် ‘အာစာရ’
ကျက်စားရာ ‘ဂေါစရ’ ရှိသော ဤသို့ သဘော ရှိသည့် အကြင်ရဟန်းကို
သင်တို့ သိကြကုန်မူ အလုံးစုံသော သင်တို့သည် ညီညွတ်ကြကုန်လျက်
ထိုရဟန်းကို ရှောင် ကြဉ်ကြကုန်လော့၊ အမှိုက်ကဲ့သို့မှုတ်လွှင့်နှင်ထုတ်ကြကုန်လော့၊ ယောက်သွား ပုပ်ကဲ့သို့ ဆွဲထုတ်ကြကုန်လော့။

စပါးဖျင်းကဲ့သို့ ရဟန်းတို့ကို ထိုသံဃာ့ဘောင်မှ မျှောလွှင့်ကြကုန်လော့၊ ရဟန်းမဟုတ်ဘဲငါရဟန်းဟုမှတ်ထင်သော ယုတ်ညံ့သော အလို
ယုတ်ညံ့သော အကြံယုတ်ညံ့သောအကျင့် ‘အာစာရ’
ကျက်စားရာ ‘ဂေါစာရ’ ရှိကုန်သော ရဟန်းတို့ကို နှင်ထုတ်ကြကုန်၍-
စင်ကြယ်သော ရဟန်းတို့သည် စင်ကြယ်သော ရဟန်းတို့နှင့် ရိုသေကျိုး နွံကြကုန်လျက်ပေါင်းသင်းမှုကို ပြုကြကုန်လော့၊ ထို့နောက် ညီညွတ်ကြကုန်
ပညာဉာဏ် ရင့်ကျက်ကြကုန်သည်ဖြစ်၍ဆင်းရဲ၏ အဆုံးကို ပြုကြကုန်လော့ဟု (မိန့်တော်မူ၏)။

©©©©©©©©©©©©©©©©©©©©©©©

(၄)

" မဂ် ဖိုလ် နိဗ္ဗာန် ခရီးကို ဖျက်ဆီး တတ်သော ရဟန်း "

သုံးလောက ထွဋ်ထား မြတ်စွါဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်
အကြင် စုန္ဒသုတ်၌ မဂ် ခရီးကို ဖျက်ဆီး တတ်သော ရဟန်းအား
အောက်ပါအတိုင်း ဟောကြားခဲ့ပါသည်။

တိပိဋက >>>  သုတ္တန်ပိဋက >>> ခုဒ္ဒကနိကာယ် သုတ္တနိပါက်ပါဠိတော် >>>
(၁) ဥရဂဝဂ်ဝဂ် >>> (၅) ခုမြောက်>>> စုန္ဒသုတ် >>>

(ရွှေပန်းထိမ်သည်သား စုန္ဒသည် ဤသို့ လျှောက်၏) –

အသျှင်ဘုရား ပြန့်ပြောသော ပညာရှိသောတရား၏ အရှင်ဖြစ်တော်မူသောတဏှာကင်းတော်မူသော
အခြေနှစ်ချောင်းရှိပုဂ္ဂိုလ်တို့ထက် မြတ်သော ပုဂ္ဂိုလ်ဖြစ် တော်မူသော ဆုံးမတတ်သူတို့တွင်မြတ်တော်မူသော သစ္စာလေးပါးကို
သိတော်မူသော မြတ်စွာဘုရားကို အကျွန်ုပ် မေးလျှောက်လိုပါ၏
-လောက၌ ရဟန်းတို့သည် (အမျိုးအစားအားဖြင့်) အဘယ်မျှ ရှိပါကုန်သနည်း…??? တောင်းပန်ပါ၏။ ထိုအကြောင်းကို အသျှင်ဘုရားဟောတော်မူပါ။

စုန္ဒ (လောက၌) ရဟန်းတို့သည် အမျိုးအစားအားဖြင့် လေးမျိုးရှိကုန်၏။
ငါး ယောက်မြောက်အမျိုးအစား မရှိ၊ မျက်မှောက်မေးအပ်သည်ဖြစ်၍
ထိုရဟန်း လေးမျိုးတို့ကို သင့်အား ထင်ရှားပြုအံ့၊ မဂ်ခရီးဖြင့် အောင်ပြီးသော ရဟန်းလည်းကောင်း မဂ်ခရီးကို ညွှန်ပြတတ်သော ရဟန်းလည်းကောင်း၊ မဂ်ခရီး၌ အသက်ရှင် နေသော ရဟန်းလည်းကောင်း၊ မဂ်ခရီးကို ဖျက်ဆီးတတ်သော ရဟန်းလည်းကောင်း (ဤလေးမျိုးတို့တည်း)။

(ရွှေပန်းထိမ်သည်သား စုန္ဒသည် ဤသို့ လျှောက်ထားပြန်၏ )

မဂ်ခရီးကို ဖျက်ဆီး တတ်သော ရဟန်းကို
အကျွန်ုပ်အား ထင်ရှားပြတော်မူပါ ဘုရား ။

အကြင်သူသည် ကောင်းသောအကျင့်ရှိသူတို့၏ အဝတ်ကို ဝတ်၍
(ရဟန်းတို့၏ အတွင်းသို့) ဝင်၏။ ဒါယကာတို့၏ ကြည်ညိုမှုကို ဖျက်ဆီးတတ်၏။
ကိုယ် နှုတ် နှလုံး ကြမ်းတမ်း၏။ လှည့်ပတ်တတ်၏။

ကိုယ် နှုတ် နှလုံးကို မစောင့် စည်း၊ ဖွဲအဖျင်းနှင့် တူ၏။
ရဟန်းအတုအယောင်အသွင်အပြင်ဖြင့် လှည့်လည် သွားလာ၏။
ထိုသူကို မဂ်ခရီးကို ဖျက်ဆီးတတ်သော ရဟန်းဟူ၍သိအပ်၏။

အိမ်ရာထောင်သူ လူပုဂ္ဂိုလ်ဖြစ်၍ အကြားအမြင်ရှိသော
ပညာရှိသော အကြင်အရိယာတပည့်သည်ဤရဟန်းလေးမျိုးတို့ကိုလည်း
ထိုးထွင်း၍ သိ၏။ ရဟန်းအားလုံးတို့သည် ထိုသို့ (ပါပရဟန်းနှင့်)
တူသော သဘော မရှိကုန်၊ ဤသို့ သိရ၍ ထိုပညာရှိ၏ ယုံကြည်မှု ‘သဒ္ဓါ’သည် ဤမကောင်းသူကို မြင်သောကြောင့် မယုတ်လျော့ပေ၊မှန်၏။

အကြားအမြင်ရှိသော အရိယာသာဝကသည် မဂ်ခရီးကို
မဖျက်ဆီးသောတစ်မျိုးတစ်စားသော ရဟန်းကို မဂ်ခရီးကို
ဖျက်ဆီးသောတစ်မျိုးတစ်စားသော ရဟန်းနှင့် တူသည်ကို
အဘယ့်ကြောင့် ပြုရာအံ့နည်း၊ စင်ကြယ်သော ရဟန်းကို
မစင်ကြယ်သော ရဟန်းနှင့် တူသည်ကို အဘယ့်ကြောင့် ပြုရာအံ့နည်းဟု
(မိန့်တော်မူ၏)။

©©©©©©©©©©©©©©©©©©©©©©©©©

ဤမျှဖြင့်
" ရဟန်း မဟုတ်ဘဲ ရဟန်းဟုဝန်ခံ၍ စက်ဆုပ်ထိုက်
မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ် "တို့အား၎င်း
ရဟန်းနှင့် သင့်လျော်သော အကျင့် l ရဟန်း နှင့် မသင့်လျော်သော အကျင့်
တို့အား ၎င်း  " ရှောင်ကြဉ်ရမည့် ရဟန်း…
အမှိုက်ကဲ့သို့မှုတ်လွှင့်နှင်ထုတ်ရမည့် ရဟန်း…
ယောက်သွား ပုပ်ကဲ့သို့ ဆွဲထုတ်ရမည့်ရဟန်း…
စပါးဖျင်းကဲ့သို့ ရဟန်း… သံဃာ့ဘောင်မှ မျှောလွှင့်နှင်ထုတ်ရမည့်ရဟန်း…"
တို့အား၎င်း  " မဂ် ဖိုလ် နိဗ္ဗာန် ခရီးကို ဖျက်ဆီး တတ်သော ရဟန်း "
တို့အား၎င်း စာရှုသူ သိမြင်လောက်ပြီဟု မှတ်ယူရင်း
ရဟန်း ဆိုသည်မှာ စာစုကို နိဂုံးချုပ်လိုက်ပါတယ်။

                             #မောင်သုခ
                             (26-Feb-2017)

No comments:

Post a Comment