Monday, December 4, 2017

ရဟန်းနဲ့ ရွှေသင်္ကန်း အပ်စပ်ခြင်း ရှိ/ မရှိ

" ရဟန်းနဲ့ ရွှေသင်္ကန်း အပ်စပ်ခြင်း ရှိ/ မရှိ "

________
မောင်သုခ
___________

[၁]

ထေရဝါဒ ဗုဒ္ဓသာသနာတော်တလျှောက်
ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်ကပင်လည်းကောင်း
ယနေ့ထိ သာသနာ အဆက်ဆက်တွင်လည်းကောင်း
ပိဿာခန့်သော ရွှေသင်္ကန်းခြုံသည့်
ရဟန်းသံဃာဟူ၍  တခါတရံမျှပင်
မကြားစဖူးပါ။

ယနေ့ မြန်မာပြည်၌ ရဟန်းတပါးကို
ရွှေသင်္ကန်းကပ်လှူသောအကြောင်းကို
တွေ့မြင်နေရပြီး ရွှေသင်္ကန်းအကြောင်း
သောက်ကျိုးနဲ အထူးအံ့ဖွယ် ကြားသိရသောအခါ
ရွှေသင်္ကန်းဆိုသည်မှာ ရဟန်းတို့နှင့်
အပ်/ မအပ် ဆင်ခြင်သုံးသပ်ရန်
လိုအပ်လာပေပြီ။

ထို့အပြင် သင်္ကန်းဆိုသည်မှာ
အဘယ်နည်း …???
ဘုရားရှင်ခွင့်ပြုတော်မူသော
သင်္ကန်း ဘယ်နှစ်မျိုး ရှိသနည်း…???
အစရှိသည်တို့ကိုလည်း
ထိုက်သင့်သလောက်တော့
သိထားရန် လိုအပ်လာပေတော့၏။

[၂]

ဒါယကာ တယောက်သည် မိမိကိုးကွယ်သော
ရဟန်းတပါးပါး ကို စေတနာသဒ္ဒါပေါက်၍ 
မိမိဇနီးသည်ကိုပင် အဆိုပါရဟန်းအား
လှူဒါန်းသည်ဖြစ်စေ…

ဒါယကာမတယောက်သည်လည်း
မိမိကိုးကွယ်သော ရဟန်းတပါးပါးကို
စေတနာသဒ္ဒါပေါက်၍  အဆိုပါရဟန်းအဖို့
မိမိကိုယ်ခန္ဓာအား လှူဒါန်းသည်ဖြစ်စေ
ပုဂ္ဂလိကကိစ္စအရ စာရေးသူတို့
အထူးအထွေပြောစရာမရှိပေ။

သို့ပါသော်လည်း
ထေရဝါဒဗုဒ္ဓသာသနာတော်သည်
ုမြတ်စွါ ဘုရားရှင်ထားရစ်ခဲ့သော
သာသနာ တဖြစ်လည်း ဘုရားရှင်၏
အဆုံးအမတော်များ ဖြစ်သောကြောင့်
သာသနာတော်၏ အသက်ဖြစ်သော
ဝိနည်းတော်ကို စောင့်ထိန်းနေကြသည့်
သင်္ကန်းဝတ် ရဟန်းတပါးပါး၏
လုပ်ရပ်အပြုအမူသည် ဘုရားရှင် ဟောကြားသော
ဓမ္မဝိနယနှင့် ညီ/မညီ ဆိုသည်ကိုတော့
ဗုဒ္ဓဘာသာ ဝင်တိုင်း  တိကျထင်ရှားစွါ
ပြောဆိုရန်လိုအပ်ပေပြီ။

[၃]

" သင်္ကန်းဆိုတာ ဘာလဲ …??? "

ဘုရားရှင်သည် ဝါတော်နှစ်ဆယ် မတိုင်ခင်က
ရဟန်းများကို ပံ့သကူသင်္ကန်း
(သုသာန် စသည်မှာ လူတွေ စွန့်ထားတဲ့
အဝတ်အပိုင်း အစတွေကို စပ်ချုပ်ထားတဲ့
သင်္ကန်း)ကိုသာ သုံးဆောင်စေပါသည်။

ဝါတော်နှစ်ဆယ် ကျော်မှ ဆေးဆရာ ဇီဝက
တောင်းပန်၍ လူများ လှူဒါန်းသော သင်္ကန်းကို
ခွင့်ပြုလေ၏။

သင်္ကန်းဆိုသည်မှာ ပါဠိလို
" စီဝရ " ဆိုသော ပုဒ်ကလာပါ၏။
" ဖန်ရည်ဆိုးသော အဝတ် " ဟု
ဦးဟုတ်စိန် ပါဠိမြန်မာ အဘိဓါန်ကျမ်း
စာ (၃၉၄) တွင်ပြသည်။

မြန်မာအဘိဓါန်ကျမ်း
စ(၃၃၂) မှာတော့
သင်္ကန်းဆိုတဲ့  အဓိပ္ပါယ်ကို
ရဟန်းတို့ ဝတ်ရုံသော ဖန်ရည်ဆိုး
အဝတ်လို့ အနက်ဖွင့်ပါတယ်။

[၄]

ဒီလိုဆို သင်္ကန်းတဖြစ်လည်း
ပါဠိလို " စီဝရ "  ရဲ့  အဓိပ္ပါယ်တွေကို
ကြည့်ရင်  ဖန်ရည်ဆိုးသော အဝတ်လို့
ဆိုခြင်းကြောင့် "  ရွှေသင်္ကန်း " နဲ့
ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပြီး
ဘယ်လိုမှ မသက်ဆိုင်ဘူး မြင်မိပါတယ်။

တိပိဋက_ ဝိနည်းပိဋက_မဟာဝဂ်ပါဠိတော်_
စီဝရက္ခန္ဓက_ တွင်လည်း
ဘုရားရှင်ခွင့်ပြုတော်မူသော
သင်္ကန်း (၆) မျိုးကို တိကျ  ထင်ရှားစွါ
ဟောကြားထားပါတယ်။

ဘုရားရှင် ကိုယ်တော်မြတ်ကြီး ခွင့်ပြုတဲ့
သင်္ကန်း (၆) မျိုးမှာ ရွှေသင်္ကန်းပါဝင်တာကိုလည်း
လုံးဝ မတွေ့ရပါဘူး ။

[၅]

" ဘုရားရှင်ခွင့်ပြုတော်မူသော သင်္ကန်း (၆) မျိုး "

တိပိဋက _ဝိနည်းပိဋက_
မဟာဝဂ်ပါဠိတော်_၈-စီဝရက္ခန္ဓက_

တစ်ရံရောအခါ သံဃာတော်အား
အကောင်းအညံ့ဖြစ်ကုန်သော သင်္ကန်းတို့သည်
ဖြစ်ပေါ် လာကုန်၏၊ ထို့နောက် ရဟန်းတို့အား
''မြတ်စွာဘုရားသည် အဘယ်သို့သော သင်္ကန်းကို
ခွင့်ပြုတော်မူ သနည်း၊ အဘယ်သို့သော သင်္ကန်းကို ခွင့်ပြုတော်မမူသနည်း''ဟု အကြံဖြစ်၏။
မြတ်စွာဘုရားအား ဤ အကြောင်းကို
လျှောက်ကြကုန်၏။

''ရဟန်းတို့ ခေါမတိုင်း၌ဖြစ်သော
သင်္ကန်း၊ ဝါချည်သင်္ကန်း၊ ပိုးချည်သင်္ကန်း၊
ကမ္ဗလာသင်္ကန်း၊ ပိုက်ဆံလျှော်ချည်သင်္ကန်း၊
ငါးပါးစုံပေါင်း၍ ရက်သော သင်္ကန်းဟု
ဆိုအပ်သော ခြောက်မျိုးသော သင်္ကန်း တို့ကို
ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။

" ဒါယကာ ဒါယကာမတို့လှူသော သင်္ကန်းနှင့်
ပံ့သကူသင်္ကန်း နှစ်မျိုးစလုံး ခွင့်ပြုပုံ "

တစ်ရံရောအခါ အကြင်ရဟန်းတို့သည်
ဒါယကာတို့လှူသော သင်္ကန်းကို သာယာကုန်၏၊
ထိုရဟန်းတို့သည် ''တစ်မျိုးသော သင်္ကန်းကိုသာ
မြတ်စွာဘုရား ခွင့်ပြုတော်မူ၏၊ နှစ်မျိုးသော
သင်္ကန်း တို့ကို ခွင့်ပြုတော်မမူ''ဟု တွေးတောမူ
'သံသယကုက္ကုစ္စ' ရှိကုန်သည်ဖြစ်၍
ပံ့သကူသင်္ကန်းတို့ကို မသာယာကုန်။

မြတ်စွာဘုရားအား ဤအကြောင်းကို
လျှောက်ကြကုန်၏။

ရဟန်းတို့ ဒါယကာတို့လှူသော သင်္ကန်းကို
သာယာသော ရဟန်းသည် ပံ့သကူသင်္ကန်းကိုလည်း
သာယာခြင်းငှါ ခွင့်ပြု၏၊ ရဟန်းတို့
ထိုနှစ်မျိုးလုံးဖြင့်လည်း ရောင့်ရဲခြင်းကို
ငါချီးမွမ်း၏ဟု (မိန့်တော်မူ၏)။

[၆]

" ထေရဝါဒ ရဟန်းတော်တွေ ရွှေ_ငွေကိုင်တာဟာ
ဘုရားရှင်ရဲ့ ဓမ္မဝိနယကို ဖောက်ဖျက်တာလား…???"

" ထေရဝါဒ ရဟန်းတော်တွေ ရွှေ_ငွေကိုင်တာဟာ
ဘုရားရှင်ရဲ့ ဓမ္မဝိနယကို ဖောက်ဖျက်တာပါပဲ "။
ဒါကို ဘုရားရှင်ဟောကြားတဲ့   ဝိနည်းပါဠိတော်မှာရော
သုတ္တန်ပါဠိတော်မှာရော ထင်ရှားစွါ မြင်တွေ့နိုင်ပါတယ်။
ဝိနည်းတော်ပါ သိက္ခာပုဒ်တွေနဲ့ ငြိစွန်းပြီး
အာပတ်သင့်တာကိုတော့ အောက်ပါအတိုင်း
မြင်တွေ့နိုင်ပါတယ်။

ဝိနည်းပါဠိတော် >>> ပါစိတ်ပါဠိတော်>>>
ဘိက္ခုပါစိတ် >>> နိဿဂ္ဂိပါစိတ် သိက္ခာပုဒ် >>>
(၂ ) ကောသိယဝဂ် >>> (၈) ရူပိယသိက္ခာပုဒ်

"'အကြင် ရဟန်းသည် ရွှေ ငွေကို
(ကိုယ်တိုင်သော်လည်း) ခံယူ ငြားအံ့၊
(သူတစ်ပါးကိုသော်လည်း) ခံယူစေငြားအံ့၊
အနီး၌ ချထားအပ်သည် ကိုသော်လည်း
သာယာငြားအံ့၊ (ထိုရဟန်းအား)
နိဿဂ္ဂိပါစိတ်အာပတ်သင့်၏''

©©©©©©©©©©©©©©©©©©©©

ဝိနည်းပါဠိတော် >>> ပါစိတ်ပါဠိတော်>>>
ဘိက္ခုပါစိတ် >>> (၉) ရတနဝဂ် >>> ရတန သိက္ခာပုဒ်

ရတနာကိုဖြစ်စေ ရတနာဟု
သမုတ်အပ်သော ပစ္စည်းကိုဖြစ်စေ
ကိုယ်တိုင်ကောက်ယူလျှင် (သို့) အကောက်ယူခိုင်းလျှင်
ရတနသိက္ခာပုဒ်နဲ့ ငြိပြီး ပါစိတ်အာပတ်သင့်ပါတယ်။

©©©©©©©©©©©©©©©©©©©

[၇]

" ရဟန်းတို့ ရွှေ/ ငွေ မအပ်ပုံ "

ရဟန်းတွေအဖို့  ရွှေငွေ မအပ်ကြောင်းကိုလည်း
သုတ္တန်ပိဋကတော်မှာ အောက်ပါအတိုင်း
မြင်တွေ့နိုင်ပါသေးတယ်။

တိပိဋက _ သုတ္တန် ပိဋက နိကယ်ငါးရပ်_
သဠာယတန၀ဂ္ဂသံယုတ် ပါဠိတော် _
(၈) ဂါမဏိသံယုတ် _(၁၀) မဏိစူဠကသုတ် …

သာကီဝင်မင်းသား မြတ်စွာဘုရား၏
တပည့်သားရဟန်းတို့အား #ရွှေငွေသည်မအပ်၊
သာကီဝင်မင်းသား မြတ်စွာဘုရား၏
တပည့်သားရဟန်းတို့သည် #ရွှေငွေကိုမသာယာကုန်၊
သာကီဝင်မင်းသား မြတ်စွာဘုရား၏
တပည့်သားရဟန်းတို့သည် #ရွှေငွေကို မခံယူကုန်၊
သာကီဝင်မင်းသား မြတ်စွာဘုရား၏
တပည့်သားရဟန်းတို့သည် ကျောက်မျက်နှင့်
ရွှေငွေကို ပယ်ထားကုန်၏၊ #ရွှေငွေမှကင်းကုန်၏။

ရွာသူကြီး #ရွှေငွေကိုအပ်သောသူအား
ကာမဂုဏ်ငါးပါးတို့သည်အပ်ကုန်၏၊
ကာမဂုဏ်ငါးပါးအပ်သော သူကို စင်စစ်အားဖြင့်
”ရဟန်းသဘော မရှိ၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားသဘော မရှိ”ဟု မှတ်လေလော့။

ရွာသူကြီး စင်စစ်သော်ကား ငါသည်
ဤသို့ ဟော၏-”မြက်ကိုအလိုရှိ သော သူသည်
မြက်ကို ရှာသင့်၏၊ သစ်သားကို အလိုရှိသော သူသည်
သစ်သားကို ရှာသင့်၏၊ လှည်းကို အလိုရှိသော သူသည်
လှည်းကို ရှာသင့်၏၊ (အလုပ်သမား) ယောက်ျားကို
အလိုရှိသောသူသည် (အလုပ် သမား) ယောက်ျားကို
ရှာသင့်၏ ”၊

ရွာသူကြီး ”အဘယ်နည်းနှင့်မျှ ရွှေငွေကိုသာယာသင့်၏၊
ရှာသင့်၏ ” ဟူ၍ ငါဘုရား မဟောဟု (မိန့်တော်မူ၏)။

[၈]

" ဘုရားရှင်ရဲ့  ဓမ္မဝိနယဟုတ် မဟုတ် ခွဲခြားနည်း "

ဘုရားရှင်ရဲ့  ဓမ္မဝိနယဟုတ် မဟုတ်ကိုလည်း
လွယ်ကူစွါ ခွဲခြားနိုင်ဖို့  သတ္ထုသာသနသုတ်မှာ
" ဝဋ်ဆင်းရဲ၌ ငြီးငွေ့ရန် l တပ်ခြင်းကင်းရန် l
ကိလေသာချုပ်ငြိမ်းရန် l ထူးသောဉာဏ်ဖြင့်
သစ္စာလေးပါးကို ထိုးထွင်း၍ သိရန် ၊
နိဗ္ဗာန်အလို့ငှါ မဖြစ်ကုန်သော တရားတို့သည်
ဘုရားရှင်၏ ဓမ္မဝိနယ မမည်ပုံ " ကို
ဒီလို အတိအကျ ဟောကြားထားပါတယ်။

တိပိဋက _သုတ္တန်ပိဋက_
အင်္ဂုတ္တရနိကာယ်_သတ္ထုသာသနသုတ်…

ဥပါလိ ”ဤတရားတို့သည် ဝဋ်ဆင်းရဲ၌ ငြီးငွေ့ရန်
တပ်ခြင်းကင်းရန် ကိလေသာချုပ်ငြိမ်းရန်
ထူးသောဉာဏ်ဖြင့် သိရန် သစ္စာလေးပါးကို ထိုးထွင်း၍
သိရန် မဖြစ်ကုန်၊ နိဗ္ဗာန်အလို့ငှါ မဖြစ်ကုန်”ဟူ၍သင်သည် အကြင်တရားတို့ကို သိရာ၏။

ဥပါလိ ”ဤသို့သော တရားသည် ဓမ္မ မမည်၊
ဤသို့ သောတရားသည် ဝိနယ မမည်၊ ဤသို့သော
တရားသည် မြတ်စွာဘုရား အဆုံးအမတော် မဟုတ်”
ဟုသင်သည် စင်စစ် မှတ်သားရာ၏။

[၉]

ဥပါလိ ”ဤတရားတို့သည် ဝဋ်ဆင်းရဲ၌ ငြီးငွေ့ရန်
တပ်ခြင်းကင်းရန် ကိလေသာချုပ်ငြိမ်းရန်
ထူးသောဉာဏ်ဖြင့် သိရန် သစ္စာလေးပါးတို့ကို
ထိုးထွင်း၍ သိရန်ဖြစ်ကုန်၏၊
နိဗ္ဗာန်အလို့ငှါ ဖြစ်ကုန်၏”ဟူ၍သင်သည်
အကြင်တရားတို့ကို သိရာ၏။

ဥပါလိ ”ဤသို့သော တရားသည် ဓမ္မမည်၏၊
ဤသို့သော တရားသည် ဝိနယမည်၏၊
ဤသို့သော တရားသည် မြတ်စွာဘုရား၏
အဆုံးအမတော်ပင်တည်း”ဟု သင်သည်
စင်စစ် မှတ်သားရာ၏ဟု (မိန့်တော်မူ၏)။

ဤမျှဆိုလျှင်ဖြင့်  စာရှုသူတို့အနေဖြင့်
" ရဟန်းနဲ့ ရွှေသင်္ကန်းအပ်စပ်ခြင်း ရှိ/ မရှိ "
ဆိုသည်ကို သိသာထင်ရှားလောက်ပြီဟု
မှတ်ယူသောကြောင့် "ရဟန်းနဲ့ ရွှေသင်္ကန်း
အပ်စပ်ခြင်း ရှိ/ မရှိ " စာစုအား
နိဂုံးချုပ်လိုက်ပါတော့သည်။

                                        မောင်သုခ
                                        [30-Nov-2017]

Credit photo…

No comments:

Post a Comment